ယူကရိန်းအရေး ရုရှားသမ္မတနဲ့ ဆွေးနွေးခွင့်ရဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို
{{Zawgyi/Unicode}}
ယူကရိန်း စစ်ပွဲကို ရပ်တန့်ရေး ကြိုးပမ်းဖို့ အတွက် ရုရှား သမ္မတ Vladimir Putin နဲ့ မော်စကိုမှာ တွေ့ဆုံခွင့် ပန်ကြားထားပေမယ့် အကြောင်းပြန်ချက် မရသေးကြောင်း ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က အင်္ဂါနေ့ထုတ် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
စစ်ပွဲကို ထောက်ခံထားတဲ့ ရုရှား အော့သိုဒေါ့ ခရစ်ယာန် ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီး Patriarch Kirill အနေနဲ့ သမ္မတ ပူတင်ရဲ့ အသုံးချခံဖြစ်လို့ မရဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက အီတလီ နေ့စဉ် Corriere Della Sera ကို ပြောဆိုခဲ့ပါတယ်။
စစ်ပွဲ သီတင်း ၃ ပတ်လောက် အကြာမှာကတည်းက တွေ့ဆုံနိုင်အောင် သမ္မတ Putin ထံ အကြောင်းကြားဖို့ ဗာတီကန်ရဲ့ ထိပ်တန်းသံတမန်ကို ပြောဆိုထားပေမဲ့ အခုအထိ တုံ့ပြန်ချက်မရသေးတာကြောင့် ဆက်လက် တောင်းဆိုထားကြောင်းလည်း ပုပ်ရဟန်းမင်းကြီး Francis က ပြောပါတယ်။
သမ္မတ Putin အနေနဲ့ ဒီအချိန်မှာ မတွေ့နိုင်တာ၊ ဒါမှမဟုတ် မတွေ့ချင်တာမျိုး ဖြစ်မှာကို စိုးရိမ်ကြောင်းနဲ့ တွေ့ဆုံဖို့ မလိုလားဘဲ မတွေ့ဆုံမယ့် အရေးကို စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့လည်း ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ဘာကြောင့်မရပ်နိုင်ရတာလဲ ဆိုပြီးတော့လည်း မေးခွန်းထုတ်ခဲ့တာပါ။
နာဇီ ဂျာမနီတို့ ၁၉၄၅ ခုနှစ်မှာ လက်နက်ချခဲ့တဲ့ အထိမ်းအမှတ် အောင်ပွဲနေ့ အဖြစ် ရုရှားတို့ ကျင်းပတဲ့ မေလ ၉ ရက်နေ့မှာ ယူကရိန်းစစ်ကို အဆုံးသတ်ဖို့ သမ္မတ Putin က စီစဉ်ထားကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban က သူ့ကို ပြောခဲ့ဘူးတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
ယူကရိန်း စစ်ပွဲ စတင်ချိန်မှာလည်း အသက် ၈၅ နှစ် အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ရောမမြို့တော်မှာ ရှိတဲ့ ရုရှား သံရုံးကို ထူးထူးခြားခြား သွားရောက်ခဲ့ဖူးပါတယ်။
..............................................
{{Zawgyi/Unicode}}