ရုရှားနဲ့ ယူကရိန်းပဋိပက္ခကိုအဆုံးသတ်ဖို့ ဗာတီကန်က ငြိမ်းချမ်းရေးမစ်ရှင်မှာ ပါဝင်နေတယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
လုပ်ရမယ့်ကိစ္စအဝဝကို လုပ်ဆောင်ဖို့ဆန္ဒရှိကြောင်း၊ လူတွေကို မပြောသေးပေမဲ့ ငြိမ်းချမ်းရေးမစ်ရှင်တခု ခုအခါမှာရှိနေကြောင်း၊ ဟန်ဂေရီနိုင်ငံက အပြန်ခရီး မှာ သတင်းထောက်တွေကို ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
လမ်းကြောင်းတွေကိုဖွင့်ခြင်းအားဖြင့်သာ ငြိမ်းချမ်းရေးအမြဲရရှိတတ်တယ်လို့ သူထင်မြင်ကြောင်း၊ ပိတ်ထားခြင်းအားဖြင့် ဘယ်တော့မှ ငြိမ်းချမ်းရေးမရတတ်ကြောင်း၊ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ယူကရိန်း အခြေအနေနဲ့ပတ်သက်ပြီး ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban နဲ့ ဘူဒါပက်မြို့မှာရှိတဲ့ ရုရှား ရှေးရိုးစွဲဘုရားကျောင်း ကိုယ်စားလှယ်ဂိုဏ်းအုပ်ဘုန်းကြီး Hilarion တို့နဲ့ စကားပြောခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
ဧပြီ ၂၇ ရက် ကြာသပတေးနေ့တုန်းကတော့ ယူကရိန်းဝန်ကြီးချုပ် ဒန်နစ်စ် ရှုမီဟယ်( Denys Shmyhal) က ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီးကို တွေ့ဆုံခဲ့ပြီး သမ္မတ Volodymyr Zelenskiy အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဥ်ကို ဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းမြို့တော် ကိဗ် ကို အလည်လာဖို့လည်း ပုပ်ရဟန်းမင်းကြီးကို ဖိတ်ကြားခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အသက် ၈၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ကိဗ် ကိုရော မော်စကို,ကိုပါ ငြိမ်းချမ်းရေး မစ်ရှင်အနေနဲ့ သွားချင်ကြောင်း အရင်တုန်းက ပြောခဲ့ဖူးပါတယ်။