အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift အရှေ့တောင်အာရှတိုက်တခုလုံးမှာ စင်္ကာပူတနိုင်ငံထဲမှာ ဖျော်ဖြေခွင့်ရှိရမယ်ဆိုတဲ့ သဘောတူညီချက်ဟာ တခြား အိမ်နီးချင်းနိုင်ငံတွေအပေါ် ရန်လိုတဲ့သဘောနဲ့ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က ရှင်းလင်းပြောဆိုပါတယ်။
အဲဒီသဘောတူညီချက်ဟာ တကယ့်ကို အောင်မြင်မှုဖြစ်စေခဲ့တဲ့ သဘောတူညီချက်ဖြစ်ပြီး တခြားနိုင်ငံတွေကို ထိခိုက်မှုရှိတယ်လို့ သူ့အနေနဲ့ မမြင်ကြောင်း သြစတြေးလျနိုင်ငံ၊ Melbourne မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် Lee Hsien Loong က ပြောပါတယ်။
စင်္ကာပူက အကျိုးအမြတ်များတဲ့ Taylor Swift Eras Tour ဖျော်ဖြေပွဲကနေ အမြတ်ထုတ်ပြီး အရှေ့တောင်အာရှတစ်ခွင်က ပရိသတ်တွေကို ဆွဲဆောင်နေတယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေက စိတ်အနှောက်အယှက်ဖြစ်နေကြတာပါ။ စင်္ကာပူအစိုးရက ဖျော်ဖြေရေး သဘောတူညီချက် စည်းကမ်းတွေကို တိတိကျကျ မဖော်ပြထားဘူးလို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ Taylor Swift ဟာ မတ်လ ၃ ရက်ကနေ ၁၀ ရက်နေ့ထိ စင်္ကာပူနိုင်ငံမှာ ဖျော်ဖြေနေတာမှာ သူ့ဖျော်ဖြေပွဲရှိတဲ့နေရာတွေဟာ စီးပွားအကျိုးအမြတ်များစွာဖြစ်ထွန်းတဲ့အတွက် အများစုက လာရောက်ဖျော်ဖြေစေလိုနေကြတာပါ။
ထိုင်းဝန်ကြီးချုပ်ကလည်း သူ့တနိုင်ငံထဲမှာသာ ဖျော်ဖြေခွင့်ရှိရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ စင်္ကာပူက ခွင့်ပြုချက်ပေးဖို့ သဘောတူခဲ့တာဖြစ်ကြောင်း ပြောဆိုထားသလို ဖိလစ်ပိုင်လွှတ်တော်အမတ်တဦးကလည်း စင်္ကာပူရဲ့လုပ်ရပ်ဟာ အိမ်နီးချင်းကောင်းနိုင်ငံတွေရဲ့ လုပ်ရပ်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာ ပွဲစဉ် ၁၅၂ ခုပါဝင်တဲ့ Taylor Swift ရဲ့ The Eras Tour ဖျော်ဖြေရေး ခရီးစဉ်ကို၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်က အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ် Glendale မြို့ကစခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက် ကနေဒါနိုင်ငံ၊ Vancouver မြို့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။
Forum