သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ရွေးကောက်ပွဲ ၂၀၂၅ မှာ ကျင်းပနိုင်ခြေရှိကြောင်း ပါတီတချို့ခန့်မှန်း


ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့ မဲရုံတခုမှာ ဆန္ဒမဲထည့်ဝင်နေသူ ပြည်သူတဦး (နိုဝင်ဘာ ၈၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့ မဲရုံတခုမှာ ဆန္ဒမဲထည့်ဝင်နေသူ ပြည်သူတဦး (နိုဝင်ဘာ ၈၊ ၂၀၂၀)

မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ကျမှ ကျင်းပဖြစ်လိမ့်မယ်လို့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီ အရာရှိတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဒီကနေ့ ရေးပါတယ်။ USDP ပါတီ အရာရှိရဲ့ အဲဒီလို ပြောဆိုချက်ကို ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စစ်တပ်ရဲ့ ခွင့်ပြုချက်ရထားတဲ့ ပါတီတခုကလည်း အတည်ပြု ပြောဆိုတယ်လို့ AFP က ရေးပါတယ်။

စစ်ကောင်စီကခန့်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ၃၆ ပါတီကို ခွင့်ပြုထားကြောင်း ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ ပြောဆိုပေမယ့် ရွေးကောက်ပွဲကို ဘယ်နေ့၊ ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ ဒီကနေ့မှာဘဲ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ပြီး အီလက်ထရောနစ် မဲပေးတဲ့စက်တွေအကြောင်း ရှင်းလင်းပြသပွဲ ပြုလုပ်အပြီး အခုလို ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတဲ့ ခန့်မှန်းချက် ထွက်ပေါ်လာတာပါ။

မူလက ရှေ့နှစ် ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီက ထုတ်ဖော် ပြောဆိုထားပေမယ့် လိုအပ်တဲ့ ပြင်ဆင်မှုတွေ အရင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း စစ်ကောင်စီ အကြီးအကဲရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြီးခဲ့တဲ့စနေနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ရေးသားထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် သန်းခေါင်စာရင်း ကောက်ယူမှုတွေ အရင်ပြုလုပ်ဖို့ လိုအပ်တယ်လို့လည်း မြန်မာ့အလင်းသတင်းစာမှာ ရေးပါတယ်။

စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာဖြစ်မယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုထားပြီး နိုင်ငံရေးသုံးသပ်သူတွေကလည်း ရွေးကောက်ပွဲကျင်းပရင် အတိုက်အခံ အင်အားစုတွေရဲ့ တိုက်ခိုက်ခြင်း ခံရနိုင်တယ်လို့ သုံးသပ် ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG