ဇူလိုင်လ ၁၃ ရက် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာတော့ တရားဥပဒေစိုးမိုးရေး အပြည့်အ၀ဆောင်ရွက်နိုင်ဖို့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က ပြောကြားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့ အရေးပေါ်သက်တမ်း(၂) ကြိမ် ပြည့်ပြီးဖြစ်ပေမယ့် နောက်ထပ် သက်တမ်းထပ်ယူထားတဲ့ (၆)လပြည့်မယ့် ၂၀၂၃ ခုနှစ် ဩဂုတ်လ မတိုင်ခင်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မရေရာတော့တဲ့ စကားကို ထုတ်ဖေါ်ပြောဆိုလိုက်တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လျာထားကြောင်း ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။ ဒီပြောဆိုချက်ကို ဆင်ဟွာသတင်းဌာနက မြန်မာဘာသာနဲ့ ဖေါ်ပြထားပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာတိုးမြှင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ပြီးစီးအောင် ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက်ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ” လို့ စစ်ကောင်စီ ခေါင်းဆောင်က ပြောဆိုထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ၂၀၂၃ ခုနှစ်အတွင်းမှာ ပြုလုပ်သွားမယ်ဆိုတဲ့ အကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီခေါင်းဆောင်က ရုရှားသတင်းဌာနနဲ့ တွေ့ဆုံရာမှာ ပြောဆိုထားပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပြီး အချိန်လုံလုံလောက်လောက်ရှိတာကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမဆိုင်း ဆိုတာတော့ ပြောဖို့ စောလွန်းသေးတယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားပိုင် RIA သတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။ ဒီသတင်းကို VOA မြန်မာပိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ မှာ အရေးပေါ်သက်တမ်းကို(၆)လ၊ (၂)ကြိမ်တိုးနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အရေးပေါ်သက်တမ်း (၁)နှစ်ကြေညာခဲ့ပါတယ်။ အရေးပေါ်သက်တမ်း(၁)နှစ်ပြည့်ပြီးနောက်မှာတော့ (၆)လစီ သက်တမ်းတိုးခဲ့တာ ဇူလိုင်လ(၃၁)ရက်ဆိုရင် (၃)ကြိမ်အထိ ရှိမှာဖြစ်ပါတယ်။ အရေးပေါ်သက်တမ်းကာလမှာ (၂)နှစ် ထက်ပိုမကြာနိုင်ဘူးလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ ပြောဆိုထားပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ကို VOA မြန်မာပိုင်း သတင်းမှာ ဖေါ်ပြထားပါတယ်။