မတ်လ ၁၃ ရက်နေ့ဟာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ကိုဖုန်းမော် အဲဒီလို ကျဆုံးသွားခဲ့ခြင်းဟာ မြန်မာနိုင်ငံကို ၂၆ ကြာ အုပ်ချုပ်ခဲ့တဲ့ တပါတီ အာဏာရှင်စံနစ် ပြုတ်ကျသွားစေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို စတင်မွေးလိုက်တဲ့ သမိုင်း မှတ်တိုင် တခုဖြစ်တာကြောင့် နောင်မျိုးဆက်တွေ သိရှိနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ နှစ်ပတ်လည် အောက်မေ့ဘွယ် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ သတင်းအပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ဟာ ခေတ်သစ်မြန်မာ့သမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေး ပြောင်းလဲမှုကြီးကို ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို စတင် မွေးဖွားပေးလိုက်တဲ့နေ့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာရေးအတွက် အခြေခံ အကြောင်းချက်တွေ အများကြီး ရှိတဲ့အထဲက အထင်ရှားဆုံး ဖြစ်ရပ်ကတော့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ အဲဒီအချိန် R.I.T. ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို လုံခြုံရေး တပ်ဖွဲ့တွေက ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ ဖြစ်ရပ်ပါ။
ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးသွားခဲ့တဲ့ နှစ် (၃၀) ပြည့် အောက်မေ့ဘွယ် နှစ်ပတ်လည် အခမ်းအနားကို ဒီကနေ့ အင်းစိန်မှာရှိတဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပခဲ့ကြပါတယ်။
အရင်နှစ်တွေကတော့ အခုလို နှစ်ပတ်လည် အခမ်းအနားတွေကို ကျောင်းသားဟောင်းတွေက ဦးဆောင် ကျင်းပလေ့ရှိပေမယ့် သမိုင်းအမွေကို လက်ဆင့်ကမ်းယူပြီး လက်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားမဂ္ဂက ဦးဆောင် ကျင်းပခဲ့တယ်လို့ ရန်ကုန်စက်မှုတက္ကသိုလ်က ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်ဟောင်း ကိုစိုးထွန်းက ပြောပါတယ်။
“အဓိက ကတော့ သမိုင်းအမွေတွေကို လက်ဆင့်ကမ်းပြီး သူတို့တွေကို တာဝန်တခုယူပြီး လုပ်တဲ့သဘောပေါ့။ အရင်နှစ်တွေကတော့
ကျနော်တို့ ကျောင်းသားဟောင်းတွေကပဲ စုစည်းပြီးတော့ ဒီဟာကို ကိုဖုန်းမော်နေ့ကို လုပ်ခဲ့တယ်ပေါ့နော်။ မနှစ်က၂၉နှစ်မြောက် နှစ်ပတ်လည် နေ့ကစပြီးတော့ ကျနော်တို့ စက်မှုတက္ကသိုလ်၊ အခုတော့ ရန်ကုန်နည်းပညာ တက္ကသိုလ်လို့ ခေါ်တာပေါ့နော်၊ အဲ့အခု ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ မနှစ်ကစပြီးတော့ ကျနော့်ရဲ့ Assembly Hall ကြီးထဲမှာ လုပ်လာနိုင်ခဲ့တယ်။ အရင်တုန်းကတော့ ဒါလူမသိသူမသိ သိပ်အများကြီး ကျယ်ကျယ်ပြန့်ပြန့် မသိပဲနဲ့ ကျနော်တို့ ဒီ ဖြူခုန်းတောရမှာဘဲ လုပ်နိုင်ခဲ့ပေမယ့် ဒီ ၂၉ နှစ်မြောက်က၊ မနှစ်ကစပြီးတော့ ကိုယ့်ရဲ့ တက္ကသိုလ် ရင်ခွင်ထဲမှာဘဲ Assembly Hall မှာဘဲ လုပ်နိုင်ခဲ့တယ်။ အမျှအတမ်းတွေ ပေးဝေနိုင်ခဲ့တယ်။ ဒီနှစ်လည်း ဒီလိုဘဲ ကျနော်တို့ ဒီနှစ်တော့ ကျနော်တို့ ကျောင်းသားဟောင်းတွေက ဦးစီးပြီးတော့ လုပ်တာ မဟုတ်ဘဲနဲ့ ဒီ သူတို့ နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂကဘဲ တာဝန်ယူပြီးတော့ ဦးစီး ကျင်းပတာ ဖြစ်တယ်ပေါ့နော်။ ဒါတွေကလည်း ကျနော်တို့ နောက် မျိုးဆက်တွေကို လက်ဆင့်ကမ်းတဲ့ သဘောပေါ့။”
မျိုးဆက်သစ် ကျောင်းသားတွေအကြား သမိုင်းဖြစ်ရပ်တွေ မမေ့ပျောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ နှစ်ပတ်လည် အခမ်းအနားကို သူတို့က လက်ပြောင်း တာဝန်ယူပြီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကလည်း ပြောပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ကျနော်တို့ မမြင်ရပေမယ့် ကျနော်တို့ အနေနဲ့ကျတော့ လူကြီးတွေဆီကနေ လက်ဆင့်ကမ်းပြီးတော့ ဒီဟာတွေ ကြားရတယ်။ ပြီးတော့ ဒီလိုကိစ္စက ကျနော်တို့တောင်မှ ကြားရဖို့အတွက်က အရင်တုန်းက နှစ် ၃၀ လုံးမှာတောင်မှ လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်ကမှ စပြီး ကျနော်တို့ ကောင်းကောင်းမွန်မွန် ပြောခွင့်ရတာဆိုတော့ နောက်ပိုင်းကျရင် ကျနော်တို့ ဒီလိုမျိုးပွဲတွေ မလုပ်ဘဲနေရင် နောက်ပိုင်းလူတွေ ပိုပိုပြီး မသိတော့မှာ ဖြစ်တဲ့အတွက် ဒီဟာကို နောက်ပိုင်း ဆက်ပြီးတော့ လက်ဆင့်ကမ်း သိရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်တာပါ။ အဲဒီအတွက်ပါဘဲ။”
၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ လူထုအုံကြွမှုကြီးကြောင့် အဲဒီအချိန်က တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းလည်း သူ ၂၆ နှစ်ကြာ ထိန်းချုပ်လာခဲ့တဲ့ တိုင်းပြည်အာဏာကို စွန့်လွတ်ပြီး ရာထူးက နှုတ်ထွက်ပေးခဲ့ရပါတယ်။
ကနေ့အချိန်မှာတော့ ဒီမိုကရေစီအစိုးရလို့ဆိုတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်အာဏာကို ရရှိခဲ့ပေမယ့်လည်း ၁၉၆၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်ကြာ အသွင်ပြောင်းပြီး အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင်စံနစ်ရဲ့ အငွေ့အသက်တွေဟာ ကနေ့အချိန်ထိ တည်ရှိနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒီမိုကရေစီအစိုးရ ဖြစ်ပါလျက်နဲ ဒီမိုကရေစီ အရေးတော်ပုံကြီးကို စတင် မွေးဖွားပေးလိုက်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ရဲ့နှစ်ပတ်လည် အခမ်းအနားမျိုးကို အစိုးရအနေနဲ့ ဦးဆောင် ကျင်းပနိုင်ခြင်း မရှိတဲ့အပြင် ပူးပေါင်း ပါဝင်ဖို့တောင် အခက်အခဲ ရှိနေတယ် ဆိုတာကို ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်ဟောင်း ကိုစိုးထွန်းက ထောက်ပြ ပြောဆိုပါတယ်။
“အစိုးရကတော့ ပါရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့်လည်း လက်ရှိ ကျနော်တို့ အစိုးရရဲ့ အခြေအနေကလည်း အစိုးမရတာတွေက များနေတော့ ကျနော်တို့မှာလည်း တချို့ဟာတွေမှာ နားလည်၊ ခွင့်လွှတ် ပေးနေရတာတွေကတော့ များနေတာပေါ့နော်။ ပြဿနာကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တချို့ဟာတွေမှာ အကန့်အသတ်တွေနဲ့ သူ လုပ်နေရတဲ့ အပိုင်းတွေ ရှိတယ်ပေါ့လေ။”
ဒီကနေ့ကျင်းပတဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ရဲ့ နှစ်ပတ်လည် အခမ်းအနားမျိုး အပါအဝင် မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ အရေးပါတဲ့ သမိုင်း ဖြစ်ရပ်မှန်တွေကို နောက်လာ နောက်သားတွေ သိရှိ လေ့လာနိုင်ရေးအတွက် မှတ်တမ်းတွေ ပြုစုနိုင်အောင် အစိုးရရဲ့ ဝင်ရောက် စွက်ဖက်ခြင်းတဲ့ သီးခြားလွတ်လပ်တဲ့ ပညာရှင်တွေကို တာဝန်ပေးသင့်တယ်လို့ ကိုစိုးထွန်းက ပြောပါတယ်။
၁၉၈၈ ခုနှစ်က နိုင်ငံတဝှမ်း ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီအရေး တောင်းဆို လှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သူ အများအပြား သက်ရှိ ထင်ရှား ရှိနေဆဲ ကာလမှာ နောင်လာ နောက်သားတွေ သမိုင်းအထောက်အထားအဖြစ် မှီငြမ်း ကိုးကားလို့ ရနိုင်အောင်၊ သမိုင်းအမှန်ကို သိရှိနိုင်အောင်၊ အဲဒီ အချိန်က တိုင်းပြည်အတွက် အသက်ပေးလှုခဲ့ကြသူတွေရဲ့ တန်ဖိုးကို သိရှိနားလည်နိုင်အောင် ဘက်လိုက်မှုကင်းတဲ့ မှတ်တမ်းတွေ ပြုစုထားသင့်တာကတော့ အမှန်ပါ။
လက်ရှိ မျိုးဆက်သစ်တွေ ကြုံတွေ့ခံစားနေရတဲ့ ဒီမိုကရေစီ အသီးအပွင့်နဲ့ လွတ်လပ်မှုတွေဟာ တစုံတဦးထဲရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့် မဟုတ်ဘဲ ထောင်ပေါင်းများစွာသော တိုင်းပြည်ကို ချစ်မြတ်နိုးသူတွေက နှစ်ပေါင်းများစွာ စွန့်လွတ်အနစ်နာခံပြီး အသက်တွေ ပေးလှုခဲ့ကြလို့ ရခဲ့တာဖြစ်တယ် ဆိုတဲ့ သမိုင်းအမှန်ကို နောက်မျိုးဆက်သစ်တွေ သိရှိ နားလည်အောင် ၈၈ မျိုးဆက်နဲ့ ရှေ့မှီ နောက်မှီ တတ်သိ ပညာရှင်တွေက ဆက်လက် စွမ်းဆောင်သင့်ပါတယ်။