သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးပွဲ တိုက်ပွဲတွေလျှော့ချရေး ဆွေးနွေးဖို့ရှိ


စစ်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ နေပြည်တော် တတိယမြောက် ၂၁ ရာစု ပင်လုံညီလာခံဖွင့်ပွဲ။
စစ်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ နေပြည်တော် တတိယမြောက် ၂၁ ရာစု ပင်လုံညီလာခံဖွင့်ပွဲ။

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS က ခေါင်းဆောင်တွေနဲ့ ဒီ ကနေ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး ကြပါတယ်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ရက်ပိုင်းအတွင်း တွေ့ဆုံမှုမှာတော့ မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာတွေ ရပ်တန့်နိုင်ရေး အလေးထား ဆွေးနွေးဖြစ်မယ်လို့လည်း မျှော်လင့်ရပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး ပြီး ဆုံးပြီး မကြာခင်မှာပဲ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ် မရေးထိုးသေးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တွေ့ဆုံဆွေးနွေးတာကို စတင် ခဲ့သလို လက်မှတ်ရေးထိုးထားပြီး လတ်တလောတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS တွေ့ဆုံ ဆွေးနွေးလာတာ ဖြစ်ပါတယ်။

ဒီကနေ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးတဲ့ အခြေအနေကို ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာနဲ့ RCSS ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးခွန်ဆိုင်းက အခုလို ပြောပါတယ်။

“မနက်က တွေ့တာက ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ တွေ့တာပါ။ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်ကတော့ နေ့လည်မှဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့က မနက် ၁၀ နာရီကနေ ၁၂ နာရီနီးပါးအထိ တွေ့ကြတယ်။ ဗိုလ်ချုပ်ကြီး ယွတ်ဆစ် နဲ့ကတော့ ၁ နာရီခွဲ ကနေ ၃ နာရီခွဲအထိတွေ့ကြတယ်။ သူတို့ အသေးစိတ်တော့ မပြောဘူးပေါ့ဗျာ။ သို့သော် လည်းပဲ ဆွေးနွေးတာ အင်မတန်မှ အားရကျေနပ်တယ်လို့ နှစ်ဖက်စလုံး ပြောပါတယ်။ တိုးတက်မှု ရှိတယ်ပေါ့ နော်။ အဲလို ပြောတယ်။”

အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှုး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ဦးဆောင်တာဖြစ်ပါတယ်။

လက်ရှိ တွေ့ဆုံပွဲမှာတော့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ KIO၊ RCSS တို့အကြားမှာ တိုက်ပွဲတွေ လျော့ချနိုင်ရေးကို အဓိက ဆွေးနွေးဖွယ်ရှိကြောင်း ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

“ခန့်မှန်းလို့ရနိုင်တာက ဘာလဲဆိုတော့ အခု နှစ်ဘက်စလုံးက တိုက်ပွဲတွေ ဖြစ်နေတာကိုး။ အဲဒီတိုက်ပွဲတွေကို လျှော့ချနိုင်ဖို့၊ ဒါမှမဟုတ် ရပ်တန့်သွားနိုင်ဖို့ ဘယ်လိုလုပ်မလဲဆိုတာကို သူတို့ နှစ်ဘက်က လမ်းရှာကြတာပေါ့ အဲဒါပါပဲ။”

RCSS နဲ့ကတော့ နှစ်ဘက်သဘောတူထားတဲ့အချက်တွေအပေါ် ပြန်လည် သုံးသပ်ဖို့ ဆွေးနွေးပွဲတွေ မကြာခင်စတင်မှာဖြစ်ကြောင်း ပြောပါတယ်။

“RCSS ကတော့ သူက နှစ်ဘက်လက်မှတ်ထိုးထားတဲ့ဟာတွေက ရှိတယ်။ အဲဒီ လက်မှတ်ထိုးထားတဲ့ Bilateral တွေကို နှစ်ဘက်က သဘောတူချက်က မတူကြ ဘူး။ သဘောပေါက်ပုံက မတူတဲ့အခါကျတော့ RCSS က သူ သဘောပေါက်ပုံက မှန်တယ်။ တပ်မတော်ဖက်က ဖောက်ဖျက်တယ်လို့ ယူဆတယ်။ တပ်မတော် ဖက်ကလည်း သူသဘောပေါက်တာမှန်တယ်။ RCSS ဖက်က ဖောက်တယ်လို့ ယူဆတယ်။ အဲဒါကြောင့် တိုက်ပွဲတွေ ဖြစ်ဖြစ် နေတာ။ ဒါတွေကို သူတို့ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ မကြာခင်မှာ တွေ့ဆုံပြီးတော့မှ ပြန်ပြီးတော့မှာ Bilateral သဘောတူညီချက်တွေကို ပြန်ညှိကြမယ်။ အဲဒါ အဓိကပါပဲ။ ”

ဒီတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ သူ့ကို သတင်းထုတ် ပြန်ဖို့အတွက် အကြောင်းကြားထားတာ မရှိသေးကြောင်း ပြောပါတယ်။

လတ်တလောမှာတော့ ကချင်ပြည်ဖားကန့်ဒေသဖက်မှာ တိုက်ပွဲတွေ ကြိုးကြား ဖြစ်နေတယ်လို့လည်း အခုလို ပြောပါတယ်။

“ဖားကန့်ဖက်မှာ တပ်ရင်း ၆ ပေါ့။ ကျနော်တို့ KIA ရဲ့ တပ်ရင်း ၆ နယ်မြေဖက်မှာ ဇူလိုင်လ ၁၄ ရက်က တိုက်ပွဲ တွေ ဖြစ်တာရှိပါတယ်။ ဒါပေမဲ့ သိပ်ပြင်းပြင်း ထန်ထန်တော့ မဟုတ်ပါဘူး။ ဒီနေ့တော့ ဒီမနက် အစောကြီးပေါ့ ကွာ။ ၇ နာရီခွဲ အချိန်ကနေ တိုက်ပွဲပြန်ဖြစ်တယ်ဆိုတဲ့သတင်း ကြားပါတယ်။ သတင်းတက် ပါတယ်။ အောက်ခြေ သတင်းတွေက မရသေးပါဘူး။ တိုက်ပွဲတွေဖြစ်လိုက် ပြန်နားလိုက် ပြန်ထိုးလိုက် လက်နက်ကြီးနဲ့ပစ်လိုက် အဲဒါမျိုးတွေဖြစ်တယ်လို့ သတင်းက အဲလို တက်ပါတယ်။”

ရှမ်းပြည်နယ်အတွင်းမှာလည်း အစိုးရတပ်မတော်နဲ့ RCSS တပ်တွေအကြားမှာ ၂၁ရာစုပင်လုံ ညီလာခံ စတင် ချိန်တည်းက တိုက်ပွဲတွေ ကြိုးကြားဖြစ်ပွားနေတာ ဒီကနေ့ထိလည်း ဖြစ်ပွားနေတယ်လို့ သတင်းတွေ ထွက် ပေါ်နေပါတယ်။

လက်ရှိ ထိုင်းနိုင်ငံချင်းမိုင်မြို့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဘက်ကို ဆက်သွယ်ခဲ့ ပေမဲ့ ဖုန်း ခေါ်ဆိုလို့ မရခဲ့ပါဘူး။

မကြာခင်ရက်တွေက ပြီးဆုံးသွားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေး မှာတော့ အစိုးရခေါင်းဆောင်တွေနဲ့ တရုတ်မြန်မာ နယ်စပ်က လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ တွေ့ ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပူးပေါင်းဆွေးနွေးဖို့ သဘောတူထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG