သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦး အယူခံမှု ရန်ကုန်တိုင်းတရားလွှတ်တော် ပယ်ချ


မချစ်ဆုဝင်း (ကိုကျော်စိုးဦး၏ဇနီး-ဝဲ) နှင့် မပန်းအိမွန် (ကိုဝလုံး၏ဇနီး-ယာ) တို့ သတင်းထောက်များနှင့် စကားပြောစဉ်။ (ဇန်နဝါရီ ၁၁၊ ၂၀၁၉)
မချစ်ဆုဝင်း (ကိုကျော်စိုးဦး၏ဇနီး-ဝဲ) နှင့် မပန်းအိမွန် (ကိုဝလုံး၏ဇနီး-ယာ) တို့ သတင်းထောက်များနှင့် စကားပြောစဉ်။ (ဇန်နဝါရီ ၁၁၊ ၂၀၁၉)

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အကျဉ်းချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံအမှုကို ရန်ကုန်တိုင်းတရားလွှတ်တော်က ဒီကနေ့ ပလပ် လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် အကျိုးဆောင် ရှေ့နေက စိတ်ပျက်စကားပြောသလို မိသားစုဝင်တွေကလည်း ဝမ်းနည်း စကားပြောကြပါတယ်။ ဥရောပသမဂ္ဂ EU သံအမတ်ကြီးကလည်း ဒီကိစ္စကို အစိုးရနဲ့ ဆက်ပြီး ဆွေးနွေးပြောဆိုသွားမယ်လို့ သတင်း ထောက်တွေကို ပြောပါတယ်။ ဒီကနေ့ အယူခံမှု ဆုံးဖြတ်ချက် ချမှတ်တဲ့ ရန်ကုန်တိုင်းတရား လွှတ်တော်ကို ကိုယ်တိုင် သွားပြီး သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းတရားလွှတ်တော် အယူခံမှုတရားသူကြီးရဲ့ ဒီကနေ့ဆုံးဖြတ်ချက်ဟာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အပါအဝင် မိသားစုဝင်တွေ၊ အကျိုးဆောင်ရှေ့နေတွေနဲ့ သူတို့ကိုအားပေးဝန်းရံသူတွေ မျှော်လင့်မထားတဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်တာကြောင့် စိတ်ပျက် ဝမ်းနည်းစကားတွေကိုပဲ ကြားခဲ့ကြရတာပါ။

အယူခံအကြောင်းပြချက်တွေကို တရားရုံးက ထည့်သွင်းသုံးသပ်တာမရှိဘဲ မူလရုံးဖြစ်တဲ့ ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးရဲ့ အမိန့်စီရင်ချက်အတိုင်း ထောင်ဒဏ် ၇ နှစ်ချမှတ်တာကို အတည်ပြုပြီးတော့ အယူခံကို ပလပ် လိုက်တာလို့ အကျဉ်းကျ သတင်း သမားနှစ်ဦးရဲ့ ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်ကပြောသလို ဒီအပေါ် သူ့ သဘောထားကိုလည်း ဆုံးဖြတ်ချက်ထွက်အပြီး တရားလွှတ်တော်အပြင်ဘက်မှာ သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

“ဒီနေ့အမိန့်ကတော့ အခုနကပြောသလို စိတ်ပျက်စရာပါ။ ကျနော်တို့ဘက်က တင်ပြတဲ့တင်ပြချက်တွေ အားလုံးကို ထည့်သွင်းသုံးသပ်တာ မရှိခဲ့ဘူး။ နောက်တခါ သတင်းထောက်တွေရဲ့ သတင်းရယူပိုင်ခွင့်ဆိုင်ရာ ကိစ္စတွေ၊ နောက် တရားဥပဒေစိုးမိုးရေးအတွက်လည်း စိုးရိမ်စရာတခုပါ။”

ဒီကနေ့ဆုံးဖြတ်ချက်ချတဲ့ တရားရုံးကို ကိုဝလုံးရဲ့ဇနီးဖြစ်သူ မပန်းအိမွန်နဲ့ ကိုကျော်စိုးဦးရဲ့ဇနီးဖြစ်သူ မချစ်ဆုဝင်းတို့လည်း ကိုယ်တိုင် တက်ရောက် နားထောင်ကြပါတယ်။ ဆုံးဖြတ်ချက်ထွက်ပြီးတဲ့နောက် သူတို့ရဲ့ခံစားချက်ကို တရားလွှတ်တော်ရုံး အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပြသွားကြပါတယ်။

“စိတ်မကောင်းဘူး၊ စိတ်ထဲမှာတော့ ဝမ်းနည်းတယ်။”

“ညီမတို့က သူတို့ကို လွတ်မယ်လို့…သူတို့-ညီမတို့နဲ့အတူ ထောင်ရှေ့ကိုသွားကြိုမယ်လို့ မျှော်လင့်ထားတာ၊ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်လာတဲ့အတွက် တကယ့်ကို စိတ်မကောင်းဖြစ်ရတယ်ပေါ့။”

သူတို့နှစ်ယောက် အမြန်ဆုံးပြန်လွတ်မယ်လို့ အခုချိန်ထိ ယုံကြည်ထားတဲ့အကြောင်းလည်း မချစ်ဆုဝင်းက ပြောပါတယ်။

ဒီကနေ့ တရားရုံးဆုံးဖြတ်ချက်ကို လာနားထောင်ကြတဲ့ မြန်မာနိုင်ငံအခြေစိုက် ပြည်ပသံရုံးတွေနဲ့ အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ် တွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ EU သံအမတ်ကြီး Kristian Schmidt လည်း တဦးအပါအဝင်ပါ။

သတင်းထောက်တွေမှာ အပြစ်မရှိဘူးဆိုတာ အစကတည်းကိုက ရှင်းနေတာပါလို့ သံအမတ်ကြီး Schmidt ကပြောပြီး ဒါကို ဆက်ပြီး စောင့်ကြည့်သွားမယ့်အကြောင်း ရန်ကုန်တိုင်းတရားလွှတ်တော်အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဒီအမှုနဲ့ပတ်သက်တဲ့ အမှန်တရားနဲ့ ကျနော်တို့သဘောထားကို ဆက်ပြီးပြောသွားမှာပါ။ ဒီကိစ္စဟာ မြန်မာ အစိုးရနဲ့ ဥရောပသမဂ္ဂ အကြား ဆွေးနွေးပြောဆိုရမယ့်ကိစ္စရပ်တခုအဖြစ် ဆက်ရှိသွားမှာလည်းဖြစ်ပါတယ်။ အခုဆိုရင် တရားရုံးတွေက ဆုံးဖြတ်ပြီး ဖြစ်တာကြောင့် ကျနော်တို့အမြင်မှာတော့ အမှန်အတိုင်း ဖြစ်အောင် လုပ်ဖို့ရာဟာ မြန်မာနိုင်ငံသမ္မတပေါ်မှာ မူတည်သွားပြီဖြစ်ပါတယ်။”

နောက်တဆင့် ဆက်လုပ်နိုင်တာတွေကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်ချက် တင်သွင်း တာ၊ အထူးအယူခံ တင်သွင်းတာတွေဖြစ်ပြီး အဲဒီလို ဆက်လုပ်သွားဖို့အတွက် ကိုဝလုံးနဲ့ ကိုကျော်စိုးတို့ အပါ အဝင် မိသားစုဝင်တွေနဲ့ တိုင်ပင်ညှိနှိုင်း လုပ်ဆောင်သွားမယ်လို့ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG