သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပလက်၀ ဝန်ထမ်း၂၀၀ကျော် ပြောင်းရွှေ့စာတင်


ပလက်ဝမြို့(Photo khonumthung.news )
ပလက်ဝမြို့(Photo khonumthung.news )

(Zawgyi / Unicode)

ချင်းပြည်နယ်ပလက်ဝမြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးပြင်းထန် လာနေတာနဲ့အမျှ လုံခြုံရေးစိုးရိမ်တာကြောင့် ဝန်ထမ်း(၂၀၀)ကျော် ပြောင်းရွှေ့ခွင့် ရဖို့ စာတင်ထားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ကပြောပါတယ်။

ဒါ့အပြင် တာဝန်ထမ်းဆောင်ရမယ့် တခြား ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဟာလဲ လုံခြုံရေး အခြေအနေကြောင့် တာဝန်ကျရာ ဒေသတွေ ဆီသွား ရောက်ဖို့ အခက်အခဲတွေ တွေ့နေရပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်း သတင်းပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားနေတဲ့ အခြေ အနေကြောင့် ပလက်ဝမြို့နယ်မှာရှိတဲ့ ဝန်ထမ်း(၂၀၀)ကျော်ဟာ တာဝန်ဆက်လက် ထမ်းဆောင်ဖို့ မဝံ့ရဲတော့ တာကြောင့် ပြောင်းရွှေ့စာ တင်ထား ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက်က ဗွီအိုအေကိုပြောပါတယ်။

“ပြည်နယ်အတွင်းက ဝန်ထမ်းတွေရော ပြည်မက လာတဲ့ဝန်ထမ်းတွေရော မနေ ချင်တော့ဘူး။ အဲတာကြောင့် အခုပြောင်း ရွှေ့ ဖို့ သူတို့တင်ပြကြ တာတွေရှိ တယ်။ ကျွန်တော်တို့ ပလက်ဝဘက် ကျတော့ တောင်တန်းဒေသ မြေအစွန်အဖျား တွေဖြစ်တော့ သွားရေး လာရေး ခက်တဲ့အခါကျတော့ တနှစ်နေလို့ ရှိရင်ပြောင်းရွှေ့ ခွင့်ပေး တယ်။ သူတို့ပြည်ထောင်စု ကနေလေ။ အခု (၂၀၁၅) နောက်ပိုင်းကနေ စပြီးတော့ AA နဲ့တပ်မတော် တိုက်ပွဲဖြစ်တဲ့အပေါ်မှာ နယ်မြေက အေးချမ်းမှု မရှိတဲ့ အတွက် သူတို့ တာဝန်ကျ တဲ့ နေရာ ကနေ ပြီးတော့ပြည်မ ကိုပြောင်းမယ်။ ချင်းပြည်နယ် အတွင်းကိုပြောင်းမယ်၊ သွားလိုတယ်ကြိုးစားတော့ အခု ပြောင်းရွှေ့ ခွင့် တင်ထားတာ အားလုံး (၂၀၆) ယောက်လောက်ရှိတယ်။”

ဒီလို နယ်မြေအေးချမ်း လုံခြုံမှုမရှိတဲ့ အခြေအနေကြောင့် ပလက်ဝမြို့နယ်မှာ ရာနဲ့ ချီတဲ့ ကျောင်းတွေကို ပိတ်ထားရသလို ပညာရေး ဝန်ထမ်းအခက်ခဲ ပါ ရှိလာ နေတယ်လို့ ဝန်ကြီးဦးစိုးထက်က ဆက်ပြောပါတယ်။

“သူတို့ပြောင်းရွှေ့ သွားရင်လဲ နောက်ထပ် ဆရာဆရာမတွေ မလုံလောက်တဲ့ ပြဿနာတွေက အများကြီးရှိမှာ။ အထက်တန်း အလယ်တန်း မူလတန်း အားလုံးရော (၃၈၄) ကျောင်းရှိတယ်။ ဇွန်လကျောင်းဖွင့်တဲ့ အချိန်မှာ ကျောင်းပေါင်း (၂၂၂) ကျောင်း မဖွင့်နိုင်ဘဲနဲ့ ဒီအတိုင်းဘဲ ရှိနေတာ။ အဲဒီမှာဆရာ၊ ဆရာမ လိုအပ်ချက် ကလဲ (၁၄၀၀) လောက်ကို လိုနေသေးတယ်။ ပညာရေးက တော်တော်ကို ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။”

၂၀၁၉ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ် (၁၄) ခုအနက်က ချင်းပြည်နယ်ဟာ ရခိုင်ပြည်နယ်ပြီး ဒုတိယ အနိမ့်ကျ ဆုံးဖြစ်ပြီး ချင်းပြည်နယ်ထဲမှာ ပလက်ဝမြို့နယ်ဟာ အောင်ချက် အနိမ့်ဆုံးဖြစ် တယ်လို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အပြင် နှစ်ဖက် စစ်ရေး တင်းမာနေတာ ကြောင့် တာဝန်ကျရာ ဒေသတွေ ကို သွားလာဖို ဆရာ ဆရာမတွေ ကြောက်ရွံ့ နေကြသလို ကျန်းမာရေး ဌာနက ဝန်ထမ်းတွေလည်း ကြောက်ရွံ့နေကြ တာပါ။ ဒါကြောင့် ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းမှာ အားနည်းနေတယ် လို့ မြို့နယ်ကျန်းမာရေးဌာနက ဝန်ထမ်း တဦးဖြစ်တဲ့ ဦးထွန်းအောင်က ပြောပါတယ်။

“အခုကျွန်တော်တို့ ကျန်းမာရေးဌာနက သားဖွားသူနာပြု ဆရာမတွေ တိုင်း နယ် မှာ မသွားရဲတဲ့ အဆင့်တော့ ရှိတယ်။ သူတို့ ကြောက်တာပေါ့နော်။ ကြောက်တဲ့စိတ်က ကြီးစိုးနေတော့ ကာကွယ်ဆေးတွေတောင် ထိုးဖို့တောင် သူတို့ကြောက်လန့် နေတဲ့ အနေ အထားရှိတယ်။”

ပလက်ဝမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှုတွေ မြေမြုပ် မိုင်းနင်းမိမှုကြောင့် ထိခိုက်ဒဏ်ရာ ရမှုတွေ ကလဲ များပြားနေတယ်လို့လည်း ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

“မိုင်းနင်းလို့ဒဏ်ရာရတာ ခြေထောက်ပြတ်တာ မျက်လုံးကန်းတာ အဲဒီလိုမျိုးတွေ အားလုံးက (၁၀)ယောက်ကျော်သွားပြီး။ နောက်တိုက်ပွဲကြောင့် သေတာကလည်း အနည်းဆုံး(၂၀) (၃၀) ထက်မနည်း ဘူးပေါ့နော်။ နောက်စစ်ဘေးရှောင်လဲ (၄၀၀၀) နဲ့ (၆၀၀၀) ကြားလောက်ရှိမယ်။ ကျွန်တော် တို့က IDP Campနဲ့ ဘဲ ဒီလိုစနစ်နဲ့ ထားတာ မဟုတ်တဲ့ အခါကျတော့လေ သူရဲ့ဆွေမျိုး သားချင်းရဲ့ အိမ်တွေမှာဘဲ ကပ်ပြီးနေတယ်။ နောက် ဝါးတဲ လေးတွေဆောက်ပြီးတော့ နေကြတယ်။ နောက်ပြီးတော့ အလုပ်လဲ လုပ်လို့မရ ၊ တောင်ယာလဲ လုပ်လို့မရ။ တောထဲသွား မိုင်းနင်းမိဆိုတော့ ။”

ဒီလ(၇)ရက်နေ့က ပလက်ဝမြို့နယ်ထဲက ငရှားကျေးရွာမှာ ဗုံးပေါက်ကွဲမှု တခု ဖြစ် ခဲ့ပြီး အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာပြင်းထန်လို့ ပလက်ဝဆေးရုံကနေ စစ်တွေဆေးရုံ ကို ပို့ဆောင် ခဲ့ရပါတယ်။ ဒါ့အပြင် ပလက်ဝမြို့နယ် ဆီးဖလောင်းရွာကနေ ပျောက်ဆုံး သွား တဲ့ မူလတန်းပြ ကျောင်းအုပ်ဆရာ ဦးအာဗြေလ နဲ့ ကြက်ဥဝ ကျေးရွာက အရပ်သား (၂) ဦးတို့ ဟာလည်း အသတ်ခံရတယ် လို့ နောက်ပိုင်းမှာ သိရတဲ့ဖြစ်စဉ်လဲ ရှိခဲ့ပါတယ်။

ဒီလိုဗုံးကွဲမူ၊ ဖမ်းဆီး အသတ်ဖြတ်ခံရမှုဖြစ်စဉ်တွေမှာ မြန်မာစစ်တပ်ဘက်ကရော ရခိုင်လက်နက်ကိုင် AA အဖွဲ့ကပါ ဘယ်အဖွဲ့ လက်ချက် ဆိုတာ ဝန်ခံလေ့မရှိဘဲ တဘက်နဲ့တဘက် စွပ် စွဲပြောဆိုနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)













XS
SM
MD
LG