သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကျန် လှေစီးပြေးများ ဘင်္ဂလားဒေ့ရ်ှထံ လွဲှပြောင်းပေးနေ


ဘင်္ဂလား-မြန်မာချစ်ကြည်ရေးတံတားကနေ ဘင်္ဂလားနိုင်ငံသားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လွှဲပြောင်းစဉ်။ (ဇွန် ၈၊ ၂၀၁၅)
ဘင်္ဂလား-မြန်မာချစ်ကြည်ရေးတံတားကနေ ဘင်္ဂလားနိုင်ငံသားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လွှဲပြောင်းစဉ်။ (ဇွန် ၈၊ ၂၀၁၅)

ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့မှာ လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၈၀၀ ကျော်ကို လွဲှပြောင်းပေးခဲ့တဲ့နောက် အခုအခါမှာ ၃၀ လောက်ယောက်သာ ကျန်ရှိတော့ကြောင်း လဝက ဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီနှစ် နှစ်လည်ပိုင်းက ရခိုင်ပြည်နယ်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေ အတွင်းက ဖမ်းဆီးရမိတဲ့ လှေစီးပြေးတွေကို ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့မှာ ထိန်းသိမ်းထားရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် စိစစ်အတည်ပြုနိုင်သူတွေကို အသုတ်လိုက်ပြန်လည်ပို့ဆောင်ပေး နေတာဖြစ်ပါတယ်။

ဒီလို လွှဲပြောင်းပေးတာကို ဇွန်လဆန်းပိုင်းက စတင်ခဲ့ရာမှာ အခုဆိုရင် ၃၀ ခန့်လောက် သာ ကျန်ရှိတော့ကြောင်း မောင်တော်ခရိုင် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောပါတယ်။

“၂၈ ယောက်ပဲ ရှိတော့တယ်ခင်ဗျာ။ ကျနော်တို့ အကြောင်းကြားတဲ့အချိန်ပေါ့ ။ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးနဲ့၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ၂ ခု။ သူတို့အချင်းချင်း ဆက်သွယ်ပြီးမှ ကျနော်တို့က အောက်ကနေ လွှဲပြောင်းပေးတာခင်ဗျာ။ မနေ့က ၄၈ ယောက်ပဲ ခင်ဗျာ။ အားလုံး ကျနော်တို့ လွှဲပြောင်းတာက ၇၇၇ပါခင်ဗျ ။”

ဒီဇင်ဘာလ ၂ရက်နေ့က နောက်ဆုံး အသုတ်အဖြစ် လူ ၄၈ ဦးလွဲှပြောင်းခဲ့တာဖြစ်ပြီး ၆ လ အတွင်း လူ ၇၇၇ ယောက်ကို ၇ကြိမ် လွဲှပြောင်းခဲ့တာဖြစ်ပါတယ်။

တောင်ပြိုလက်ဝဲမြို့မှာ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို လွဲှပြောင်းရာမှာတော့ ကြီးမားတဲ့ အခက်အခဲမရှိဘူးလို့လည်း ပြောပါတယ်။

“အခက်အခဲတော့ မရှိပါဘူးခင်ဗျာ။ ဒါက ကျနော်တို့ ၂ နိုင်ငံ ညှိနှိုင်းပြီးဆောင်ရွက် တာဖြစ်တဲ့အတွက် တအားကြီးတော့ အခက်အခဲတော့ မရှိပါဘူးခင်ဗျာ။”

လှေစီးပြေး ဘင်္ဂလားဒေရှ်နိုင်ငံသားတွေကို ရခိုင်ပြည်နယ်မောင်တောအနီးမှာ ၂၀၀ကျော် ၊ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့အနီးမှာ ၇၀၀ကျော်နဲ့ တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ပင်လယ်ပြင်မှာ ၁၀၀ကျော်ကို မြန်မာရေတပ် က တွေ့ရှိခဲ့ရာက စစ်ဆေးပြီးတဲ့နောက် မောင်တော ခရိုင်ကို ပို့ဆောင်ခဲ့ တာဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးရမိတဲ့သူတွေထဲမှာ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တချို့ ပါဝင်ခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ထိုင်း-မြန်မာနယ်စပ်ဒေသမှာလည်း တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလီ ၁၆ ယောက်ကို ကရင်ပြည်နယ် သင်္ဃန်းညီနောင်မှာ ဖမ်းဆီးရမိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး သင်္ဃန်းညီနောင် ရဲစခန်းက တာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုပါတယ်။

“ခိုးဝင်လာတဲ့ ဘင်္ဂါလီတော့ မဟုတ်ဘူး။ သူတို့က ရွှေကုက္ကိုဖက်က လာတာ။ ကျနော်တို့ဆီက ဖမ်းတာတော့မဟုတ်ဘူး။ လဝကက ဖမ်းတာ။ အထောက်အထား ကတော့ မပါဘူးပေါ့ဗျာ။ သူတို့က ဘာမှ အထောက်အထားမပြဘူး။ သူတို့က ဘင်္ဂါလီတော့ မဟုတ်ဘူး လှိုင်းဘွဲ့မှာနေတဲ့ အဖွဲ့ပဲ။ ဒီနေ့တော့ သူတို့မှာ ရုံးထုတ် ရှိတယ်။ တရားရုံးမှာ။ လဝက ကနေ တရားလိုလုပ်ပြီး တိုင်တာ။ လဝက ကနေ”

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းကတော့ ပွင့်လင်းရာသီရောက်ပြီဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မြန်မာအစိုးရက ဘင်္ဂါလီလို့ ခေါ်ဆိုသူတွေနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံသားတွေဟာ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး မလေးရှားနိုင်ငံဘက် ကို တရားမဝင် သွားရောက်လေ့ရှိပါတယ်။ ဒီလို သွားရောက်သူတွေဟာ အရှေ့တောင်အာရှဒေသမှာ ရှိတဲ့ လူမှောင်ခိုဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ကြရ တယ်လို့လည်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International က ထောက်ပြထားပါတယ်။

XS
SM
MD
LG