{{Zawgyi/Unicode}}
ယူကရိန်းအတွက် လက်နက်အကူအညီတွေပေးနေတဲ့အပေါ် ရုရှားရဲ့ဆန့်ကျင်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာသန်းပေါင်း ၄ဝဝ ပေးအပ်ဖို့ သောကြာနေ့က ကမ်းလှမ်းလိုက်ပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတ Joe Biden က ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ကို အိမ်ဖြူတော်မှာလက်ခံတွေ့ဆုံပြီး ရုရှားကိုဆန့်ကျင်ကြရာမှာ ညီညွတ်ကြောင်း ပြသခဲ့ကြပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းကိုလက်နက်အကူအညီတွေပေးတာဟာ ရုရှားထိုးစစ်ကိုတန်ပြန်ဖို့ နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေတွေ ပြန်လည်ရရှိစေဖို့ အဓိက ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို လက်နက်အကူအညီတွေပေးတာဟာ ယူကရိန်းစစ်ပွဲပဋိပက္ခကို ပိုမိုကြာရှည်စေပြီး ယူကရိန်းပြည်သူတွေအတွက် ဝမ်းနည်းစရာ အကျိုးဆက်တွေပဲ ဖြစ်စေတယ်လို့ ရုရှားက ပြောပါတယ်။ အဲဒီလို ယူကရိန်းကို လက်နက်တွေ အကူအညီပေးတဲ့အတွက် ဂျာမန်အပါအဝင် အနောက်နိုင်ငံတွေအနေနဲ့ စီးပွားရေးအရ သိသိသာသာ ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး သူတို့ရဲ့ ပြည်သူတွေအတွက်လည်း ဆိုးကျိုးသက်ရောက်စေတယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောပါတယ်။
ရုရှားတို့က ဘယ်လိုပဲ သတိပေးချက်တွေထုတ်ပြန်နေပေမယ့်လည်း အမေရိကန်ကတော့ လျစ်လျှူရှုပြီး ရုရှားတပ်ဖွဲ့တွေကိုတိုက်ခိုက်ရာမှာ ထိရောက်မှုရှိတဲ့ HIMARS ဒုံးကျည်ပစ်စနစ်တွေအပါအဝင် စစ်ရေးအကူအညီတွေ ယူကရိန်းကိုပေးအပ်ဖို့ ကြေညာလိုက်ပါတယ်။
အမေရိကန်နဲ့ ဂျာမန်တို့ကြားမှာ ယူကရိန်းကို တင့်ကားတွေအကူအညီပေးရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီးနောက် ၂ နိုင်ငံကြား မဟာမိတ် ဆက်ဆံရေးကို ပြသတဲ့အနေနဲ့ ဂျာမန်ဝန်ကြီးချုပ် Scholz က အမေရိကန်ကို လာရောက်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်မှုစတင်ကတည်းက ဂျာမန်ဝန်ကြီးချုပ်ရဲ့ အခု အမေရိကန်ခရီးစဉ်ဟာ ပထမဆုံးဖြစ်ပါတယ်။
=============
{{Unicode}}