ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်တပ်ဖွဲ့တွေပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့က တစ်လတာ တစ်ဘက်သတ် အပစ်ရပ်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာတဲ့အချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ရက်နေ့က ထိုးစစ်ဆင်တွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ နိုင်ငံရေးဆွေးနွေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သလို ဒီနေ့မှာတော့ တစ်ဘက်သတ်အပစ်ရပ်ကြောင်း ထပ်မံ ကြေညာလိုက်ပါတယ်။
ဒီလို ကြေညာလိုက်တာကို မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ TNLA တအန်း(ပလောင်)အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးတားအိုက်ကျော်က အခုလို ပြောပါတယ်။
“ အဓိကကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ တွေ့ဆုံဆွေးနွေးပွဲအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ အတွက်ပေါ့။ ၂၀၁၉ စက်တင်ဘာလ ၉ရက် ဒီနေ့ကနေ နောက် အောက်တိုဘာ ၈ရက်နေ့အထိပေါ့နော်။ တစ်လတာ ကျနော်တို့ ညီနောင်မဟာမိတ်အဖွဲ့က တစ်ဘက်သတ် အပစ်ရပ် ကြေညာလိုက်တယ်။”
ဒီကြေညာထားတဲ့ကာလမှာ ညီနောင်မဟာမိတ်တွေက ထိုးစစ်ဆင် တိုက်ခိုက်တာမလုပ်ဆောင်ပေမဲ့ မိမိကိုယ်ကို ခုခံ ကာကွယ်တာကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
မဟာမိတ် ၃ဖွဲ့က ဒီလို ကြေညာတဲ့နေ့ရက်မှာပဲ တိုက်ပွဲ အနည်းဆုံး ၃နေရာဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှုးတားအိုက်ကျော်က ဆက်ပြောပါတယ်။
“ ဒီနေ့တော့ တိုက်ပွဲက ၃နေရာဖြစ်တယ်။ ကွတ်ခိုင်- နမ့်ဖလွန်းအထက်ပေါ့။ အတွင်းပိုင်းပေါ့။ အဲဒီမှာကတော့ ၂ကြိမ်ပေါ့နော်။ ဒီ မနက် ၁၀နာရီခွဲကနေ ၁၁နာရီခွဲလောက်ထိ တစ်ကြိမ်ဖြစ်တယ်။ နေ့လည် ၁နာရီကနေ ၁နာရီခွဲကျော်ကျော်ထိ တစ်ကြိမ်ဖြစ်တယ်။ နမ့်ဆန်ဘက်မှာလည်း တစ်နေရာဖြစ်တယ်။ အဓိကကတော့ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့က ကားလမ်းပေါ်ကနေ ဆုတ်တယ်။ ကျနော်တို့ ပြန်ခွာတယ်။ တပ်ဘက်က ဆက်ပြီးမှ ထိုးစစ်တွေ တက်လာတော့ တိုက်ပွဲဖြစ်တယ်။”
တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ မအားလပ်သေးကြောင်း တုံပြန်ခဲ့ပါတယ်။
ဒီကနေ့ ကွတ်ခိုင်မြို့ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကို ကွတ်ခံမြို့က ဒေသခံတစ်ဦးက -
“ ဖြစ်တယ်လို့တော့ အသံကြားတယ်။ ရှုခင်းသာအတွင်းဘက်လို့ အသံကြားတယ်။ လမ်းမပေါ်တော့ မဟုတ်ဘူး။ အတွင်းဘက်မှာလို့ ကြားတယ်။ အဲကားတွေကတော့ သွားနေတယ်။ Main လမ်းပေါ်မဟုတ်တော့ ကားတွေကတော့ သွားတယ်။ ”
ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်လွင်ကလည်း ဒီသတင်းနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။
“ လမ်းနဲ့ ၄မိုင်၊ ၅မိုင်လောက် ဝေးမယ့်နေရာနဲ့ တူတယ်။ အဲဒီနေရာမှာ မနက်ခင်းကတော့ ၁၀မိနစ်။ ၁၅မိနစ်လောက် နည်းနည်း ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ ရွာတွေနဲ့လည်း နည်းနည်းလေးဝေးတယ်။ ကားတွေသွားလာနေတယ်။ အဲဒါ အသွားအလာမပျက်ဘူး။ ”
ဒီလ ၄ရက်နေ့တည်းက စတင်ပြီး မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းပေါ်မှာ တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့ပြီး ကားတွေ ပုံမှန်ပြန်လည် ပြေးဆွဲလာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ NRPC နဲ့ KIA ကချင်အဖွဲ့အပါအဝင် မြောက်ပိုင်း လက်နက်ကိုင် ၄ဖွဲ့တို့ ကျိုင်းတုံမြို့မှာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးစဉ်ကတော့ ဒီလ ၁၆ရက်၊ ၁၇ရက်နေ့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူထားခဲ့ပါတယ်။
လောလောဆည်မှာတော့ နေရာရွေးခြယ်ရေးအတွက် နှစ်ဘက်ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေတဲ့ PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်အောင်က ပြောပါတယ်။
“ ကျိုင်းတုံမှာဆိုတာ အစိုးရက အဆိုပြုထားတာ။ နေရာကတော့ နည်းနည်းကွဲနေတာပေါ့။ အချိန်ကတော့ ၁၆-၁၇ပေါ့။ အချိန်ကတော့ ပြဿနာမရှိပါဘူး။ နေရာကတော့ နှစ်ဘက် ယုံကြည်မှုကောင်းကောင်းရှိရင်တော့ ဖြစ်ရင်လည်း ဖြစ်သွားမှာပေါ့။ အခုထိတော့ မသတ်မှတ်သေးဘူး။ ”
မြောက်ပိုင်းအဖွဲ့တွေကတော့ UWSA ဝဌာနချုပ် ပန်ဆန်းမှာတွေ့ဆုံဖို့ အဆိုပြုထားတာပါ။
ဒီတစ်ကြိမ်တွေ့ဆုံပွဲမှာတော့ လက်နက်ကိုင်အဖွဲ့တွေဘက်က တင်ပြထားတဲ့ နှစ်ဘက် အပစ်ရပ်စာချုပ်မူကြမ်းကို အမြန်ဆုံးအတည်ပြုပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိုလည်း ညီနောင်မဟာမိတ် ၃ဖွဲ့က တိုက်တွန်းထားပါတယ်။
အစိုးရနဲ့ NCA ခေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေသလို လာမယ့် အင်္ဂါနေ့မှာတော့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် ၁၀ဖွဲ့ ရန်ကုန်မှာ တွေ့ဆုံပြီး ၂၁ရာစုပင်လုံ ပြန်လည်စတင်ရေးအတွက် ဆွေးနွေးဖို့ ရှိနေပါတယ်။