တောင်ကိုရီးယားနိုင်ငံကို ရန်လိုတဲ့နိုင်ငံ (ရန်သူနိုင်ငံ) အဖြစ် ဖွဲ့စည်းပုံမှာ မကြာခင်က ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား ချိတ်ဆက်ထားတဲ့ ကားလမ်း နဲ့ ရထားလမ်းကို ဖောက်ခွဲဖျက်ဆီးလိုက်ပြီး ၂ ရက်အကြာမှာ အခုလို အတည်ပြုလိုက်တာဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ အခြေခံဥပဒေထဲမှာ တောင်ကိုရီးယားနိုင်ငံကို ရန်သူနိုင်ငံအဖြစ် ရှင်းရှင်းလင်းလင်းသတ်မှတ်ထားတာကြောင့် အခြေခံဥပဒေရဲ့ လိုအပ်ချက်နဲ့ အညီ၊ ၂ နိုင်ငံချိတ်ဆက်ထားတဲ့ မြောက်ကိုရီးယားရဲ့ ကားလမ်းနဲ့ ရထားလမ်းကို မကြာခင်က ဖောက်ခွဲဖျက်ဆီးလိုက်တာဖြစ်တယ်လို့ အစိုးရပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။ မဖြစ်မနေလုပ်ဖို့လိုတဲ့အတွက် လမ်းဖျက်ခဲ့ရတာဖြစ်ပြီး တရားလည်းဝင်တယ်လို့ မြောက်ကိုရီးယားကဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ အခြေခံဥပဒေထဲမှာ တောင်ကိုရီးယားနိုင်ငံကို ရန်သူနိုင်ငံအဖြစ် သတ်မှတ်လိုက်တဲ့အပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ ၂ နိုင်ငံ ပေါင်းစည်းရေးဝန်ကြီးဌာန ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ ၂ နိုင်ငံပေါင်းစည်းရေးကို ဆန့်ကျင်တာ အမျိုးသားရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ သူတို့ထက်အင်အားသာလွန်တဲ့ အမေရိကန် နဲ့တောင်ကိုရီးယားတပ်တွေကို တိုက်ခိုက်လာနိုင်ချေ မရှိသလောက်ဖြစ်ပေမဲ့ တောင်ကိုရီးယားအပေါ် ရန်ပြုဖို့ ရည်ရွယ်လုပ်ဆောင်မှုတွေ တခုပြီး တခု လုပ်နေတာကြောင့် အစထဲက အခြေအနေတင်းမာနေတဲ့ တောင်နဲ့ မြောက် ကိုရီးယားနယ်စပ်မှာ အန္တရာယ်ပိုကြီးလာတယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
Forum