ဒီနှစ်နိုဘဲလ်ဆေးသိပ္ပံပညာ ဆုရှင်တွေအဖြစ် ကင်ဆာရောဂါ ကုသနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့ကြတဲ့ အမေရိကန် ပြည်ထောင်စု တက္ကဆက်တက္ကသိုလ်က James Allison နဲ့ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က Tasuku Honjo တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။
ကင်ဆာရောဂါ ကုသရာမှာ လူ့ခန္ဓာကိုယ်ထဲက ခုခံစွမ်းအားစနစ်ကို ထိန်းချုပ်အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့အတွက် ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က Karolinska တက္ကသိုလ်၊ နိုဘဲလ်ဆေးပညာဆု ရွေးချယ်ရေးအဖွဲ့က ကြေညာလိုက်တာပါ။
တက္ကဆက် တက္ကသိုလ် ပါမောက္ခ Allison နဲ့ ကျိုတိုတက္ကသိုလ်က ပါမောက္ခ Honjo တို့ ၂ ဦးဟာ သူတို့ရဲ့ သုတေသန လေ့လာမှုတွေအတွက် အာရှတိုက်ရဲ့ နိုဘဲလ်ဆုအဖြစ် တင်စားခေါ်ဝေါ်ကြတဲ့ Tang ဆုကို ၂၀၁၄ ခုနှစ်မှာ ရရှိထားသူတွေလည်း ဖြစ်ပါတယ်။ သူတို့လေ့လာတွေ့ရှိခဲ့တဲ့ ကုသနည်းမှာတော့ လူ့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ခုခံစွမ်းအားစနစ်က ဆဲလ်တွေအပြင် ကင်ဆာဆဲလ်တွေက ထုတ်လုပ်တဲ့ ပရိုတိန်းဓာတ်တွေကို ရှာဖွေရွေးချယ်ပြီး၊ ခုခံစွမ်းအားစနစ်ကနေ ကင်ဆာကို အမြန်ဆုံး ပစ်မှတ်ထား တိုက်ဖျက်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
ဆေးသိပ္ပံပညာဆိုင်ရာ နိုဘဲလ်ဆုကို နှစ်စဉ်နှစ်တိုင်း နိုဘဲလ်ဆု ချီးမြှင့်ရမှာ ပထမဆုံး ကြေညာလေ့ရှိပြီး၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုတွေကိုလည်း ဒီသီတင်းပတ်ထဲမှာပဲ ဆက်လက် ကြေညာသွားမှာ ဖြစ်ပါတယ်။ ဆုငွေအဖြစ် ဒေါ်လာ ၁.၁ သန်းလည်း ရရှိကြမှာပါ။ စာပေဆိုင်ရာ နိုဘဲလ်ဆု ရွေးချယ်ရေးအဖွဲ့မှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်မှုအတွက် ပြဿနာပေါ်နေတဲ့အတွက် ဒီနှစ်မှာ စာပေဆိုင်ရာ နိုဘဲလ်ဆုကိုတော့ ရွေးချယ်မှာ မဟုတ်ပါဘူး။ စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘဲလ်ဆုကိုတော့ ရှေ့သီတင်းပတ် တနင်္လာနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။