မြန်မာပြည်က အရပ်သားအဖွဲ့အစည်းတွေနဲ့ အကြိမ် (၉၀) နီးပါးတွေ့ဆုံ မေးမြန်းပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြည်သူ့အမြင် အမျိုးမျိုးကိုဖော်ပြတဲ့ စာမျက်နှာ (၄၀) ကျော် စာတမ်းတစောင် မကြာမီက ထုတ်ဝေလိုက်ပါတယ်။ ထုတ်ဝေသူဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွန်ပင်မြို့အခြေစိုက် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ လေ့လာရေးဌာန (Center for Peace and Conflict Studies) ဖြစ်ပါတယ်။ မြန်မာပြည်က အရပ်သားအဖွဲ့အစည်းတွေကို ကူညီနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မြန်မာပြည်မှာ (၃) လလောက် နေထိုင်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အမြင်အမျိုးမျိုးကို တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။
စစ်အစိုးရဟာ အခြေခံဥပဒေအတည်ပြုပွဲမှာ ပြည်သူ့ဆန္ဒ ကောက်ယူတုန်းက မတရားလုပ်သလို ပါတီစုံရွေးကောက်ပွဲမှာလည်း မသမာတဲ့နည်းနဲ့ အနိုင်ယူလိမ့်မယ်လို့ ယူဆထားတဲ့ ပြည်သူတွေ ရှိပါတယ်။ ၂၀၀၈ ပြည်သူ့ဆန္ဒကောက်ယူပွဲမှာ ကန့်ကွက်မဲကို ထောက်ခံမဲဖြစ်အောင် လုပ်သလို လာမယ့်ပါတီစုံ ရွေးကောက်ပွဲမှာလည်း အစိုးရပါတီအနိုင်ရအောင် မဲလိမ်လိမ့်မယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာမှာ မျက်နှာပန်းလှအောင် ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ အယူအဆဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေကို မထောက်ခံတဲ့အတွက် ရွေးကောက်ပွဲ မဝင်နိုင်ဘူးလို့ တိုင်းရင်းသား အဖွဲ့အစည်းအချို့က ဆုံးဖြတ်ထားတာကိုလည်း ဖော်ပြပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ လေ့လာရေးဌာန တွေ့ဆုံမေးမြန်းစဉ်က ရွေးကောက်ပွဲ ဥပဒေ မထွက်သေးပေမယ့် ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲဥပဒေ ကြေညာပြီးမှ မပါဝင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရ အလိုကျလိုက်လုပ်တဲ့ ရွေးကောက်ပွဲဖြစ်တာမို့ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့လည်း မြင်ကြပါတယ်။ တနည်းဆိုရင်တော့ ရွေးကောက်ပွဲ ကျင်းပလို့ ပြည်သူဘဝဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးလို့ ယူဆကြတာပါ။ ပြည်သူလူထုဟာ ရွေးကောက်ပွဲကို သိပ်စိတ်ဝင်စားကြတာ မဟုတ်ပါဘူး။
နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားအဖွဲ့တွေ လွတ်လွတ်လပ်လပ် ဆွေးနွေးပွဲ မလုပ်နိုင်တာဟာလည်း ပြည်သူလူထုမှာ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတနည်းပါးရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အစီအစဉ်နဲ့ အခြေခံဥပဒေကို ပြည်သူလူထု ကောင်းကောင်းသိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့ကတော့ တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သည်းခံပြီးရွေးကောက်ပွဲ ဝင်ရလိမ့်မယ်လို့ ယူဆကြပါတယ်။ ရွေးကောက်ပွဲဆိုတာ ပေါ်ထွက်လာတဲ့ အခွင့်အလမ်းတခုဖြစ်တဲ့အတွက် တဖြည်းဖြည်းချင်း ပြောင်းလဲလာအောင် လုပ်ယူရမယ်ဆိုတဲ့ အယူအဆပါ။ အစပိုင်းမှာ ကြံ့ဖွံ့ပါတီ ကြီးစိုးတဲ့ နိုင်ငံရေးစနဏ် ပေါ်ထွက်လာနိုင်ပေမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားလူမျိုးစုအရေးကို ပြောဆိုခွင့်ရလာတာဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။
ပြည်သူလူထုအများအပြား ပါဝင်ဆင်နွှဲမယ်ဆိုရင် ထင်သလို မတရားလုပ်ဖို့ ခက်ခဲလိမ့်မယ်လို့ မြင်ပါတယ်။ ရွေးကောက်ပွဲကို စိတ်ဝင်စားသူနည်းလေလေ လိမ်ရတာ လွယ်ကူလေလေလို့ ဆိုပါတယ်။ အပြောင်းအလဲဖြစ်လာအောင် အစိုးရမှာသာ တာဝန်ရှိတာမဟုတ်ဘဲ ပြည်သူလူထုမှာလည်း တာဝန်ရှိပါတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ လက်ရှိ အခြေအနေအတိုင်းဆိုရင် ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲပြီးတဲ့အခါမှာ အပြောင်းအလဲ အနည်းအကျဥ်း ရှိလာနိုင်တယ်လို့ မြင်ပါတယ်။ အစိုးရကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မဆက်ဆံလို့ မဖြစ်ပါဘူး။ အစိုးရအဖွဲ့အစည်းထဲမှာလည်း လူကောင်းတွေရှိပါတယ်။ ဥပမာ သစ်တောဌာနမှာ တိုင်းပြည်ကောင်းစေချင်သူတွေ ရှိပါတယ်။ ဒါကြောင့် စစ်အုပ်စုနဲ့ အစိုးရအဖွဲ့အစည်းတွေကို ခွဲခြားသိမြင်ဖို့ လိုပါတယ်။ ဒါပေမဲ့ ပြည်သူလူထု ယုံကြည်လေးစားတဲ့ ခေါင်းဆောင်မရှိတာဟာလည်း အပြောင်းအလဲဖြစ်ဖို့ ခက်ခဲနေတဲ့ အချက်လို့ မြင်ကြပါတယ်
ဒီမိုကရေစီပြုစု ပျိုးထောင်ရာမှာ အဓိကကျတဲ့ civil society ခေါ် အရပ်သားအဖွဲ့အစည်းတွေ တည်ထောင်ဖို့ အချိန်အလုံအလောက် မရတာကို မကျေနပ်သူရှိပါတယ်။ နိုင်ငံရေး အသိအမြင် တိုးတက်ဖွံ့ဖြိုးလာရေးအတွက် အရပ်သားအဖွဲ့အစည်းတွေ ရှင်သန်လာဖို့ လိုပါတယ်။ လုပ်ငန်းအသီးသီးမှာ ရှိကြတဲ့ အရပ်သားအဖွဲ့အစည်းတွေကို စုပေါင်းပြီး နိုင်ငံရေး ဦးတည်ချက်ရှိတဲ့ အရပ်သားအဖွဲ့ကြီး ဖြစ်လာအောင်လုပ်ဖို့လည်း လိုလားကြပါတယ်။ အရပ်သားအဖွဲ့တွေ အားကောင်းလာရင် ဒီမိုကရေစီ သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် နားလည်လာလိမ့်မယ်လို့ ယူဆကြပါတယ်။
တချို့ကလည်း ရွေးကောက်ပွဲ ကျင်းပဖြစ်မှာမဟုတ်ဘူးလို့ မြင်ကြပါတယ်။ စစ်အုပ်စုထဲမှာ အယူအဆ အမျိုးမျိုး ရှိနေတာကြောင့် တယောက်နဲ့တယောက် ယုံကြည်ကြတာ မဟုတ်ပါဘူး။ အုပ်စုတိုက်ပွဲ ပြင်းထန်လာရင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အလားအလာများလာပါတယ်။ ရွေးကောက်ပွဲ လုပ်တဲ့အတွက် နိုင်ငံရေးအာဏာကို အရင်လို ချုပ်ကိုင်လို့ မရနိုင်တော့ဘူးလို့ စစ်ခေါင်းဆောင်ပိုင်းက ယူဆရင်လည်း ရွှေ့ဆိုင်းနိုင်ပါတယ်။ စစ်ခေါင်းဆောင်တွေ လိုလားတဲ့ပါတီ အနိုင်မရရင်လည်း ရွေးကောက်ပွဲရလဒ်ကို ၁၉၉၀ လို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ယူဆသူများလည်း ရှိနေပါတယ်။