သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အတွက် မြေယာ


ကချင်ဒုက္ခသည်များ - credit KBC
ကချင်ဒုက္ခသည်များ - credit KBC
ဒုက္ခသည်အတွက် မြေယာ
please wait

No media source currently available

0:00 0:05:20 0:00
တိုက်ရိုက် လင့်ခ်


နေရပ်ဒေသကို စွန့်ခွါပြီး အခြားဒေသနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်နေထိုင်တဲ့ မြန်မာပြည်သား ဒုက္ခသည်ပေါင်း (၁၁) သိန်းကျော်လောက် ရှိတယ်လို့ လွန်ခဲ့တဲ့ မေလထုတ် Transitional Institute အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။ ပြည်တွင်းစစ်အခြေအနေကိုလိုက်ပြီး ဒုက္ခသည် အနည်းအများရှိနေတာ နှစ်ပေါင်း (၆၀) လောက်ရှိနေပါပြီ။ မြေနေရာတခုမှာ အခြေချလိုက် စွန့်ခွါလိုက်တာမျိုးလည်း ရှိတဲ့အတွက် ပြန်လည်နေရာချထားတဲ့အခါမှာ ပြဿနာ ဖြစ်တတ်ပါတယ်။ မဆလခေတ်ကစပြီး ကျင့်သုံးတဲ့ ဖြတ်လေးဖြတ်လမ်းစဉ်ကြောင့် နေရပ်စွန့်ခွါတဲ့ ဒုက္ခသည်တွေ များလာတာ ဖြစ်ပါတယ်။

စစ်အစိုးရအဆက်ဆက်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တိုင်းရင်းသားပြည်သူလူထုအကြား အဆက်အသွယ်ပြတ်စေဖို့ ရည်ရွယ်ပြီး ဖြတ်လေးဖြတ်လမ်းစဉ်ကို ကျင့်သုံးပါတယ်။ ဥပမာ KNU ကရင်တပ်ဖွဲ့နဲ့ ကရင်လူထု အဆက်ပြတ်သွားအောင် ကရင်ကျေးရွာတွေကို ဖျက်ဆီးပြီး ရွာသူရွားသားတွေကို အစိုးရထိန်းချုပ်ရာ စုစည်းကျေးရွာကို အတင်းအဓမ္မ ရွှေ့ပြောင်းပါတယ်။ ဒါမှ ကရင်လက်နက်ကိုင်အဖွဲ့ကို တပ်သားသစ်၊ အထောက်အပံ့၊ ရန်ပုံငွေနဲ့ သတင်းပေးနိုင်တဲ့ ကျောထောက်နောက်ခံ ပျောက်ကွယ်သွားမယ်လို့ အစိုးရတပ်က ယူဆပါတယ်။

တိုင်းရင်းသားတပ် ထိန်းချုပ်ရာဒေသကို အမဲရောင်နယ်မြေ၊ တိုင်းရင်းသားတပ်နဲ့ အစိုးရတပ် သူတပြန်ကိုယ်တပြန် လွှမ်းမိုးတဲ့အရပ်ကို အညိုရောင်နယ်မြေ၊ အစိုးရတပ် ထိန်းချုပ်ရာနေရာကို အဖြူရောင်နယ်မြေစသဖြင့် သတ်မှတ်ထားပါတယ်။ အစိုးရတပ်ရဲ့ ရည်ရွယ်ချက်ဟာ တိုင်းရင်းသားတပ်ဖွဲ့နဲ့ တိုင်းရင်းသားလူထုအကြား အဆက်ပြတ်ဖို့ဖြစ်တဲ့အတွက် ထိုးစစ်ဆင်တဲ့အခါမှာ အရပ်သားကို ပစ်မှတ်လိုသဘောထားပါတယ်။ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာကို ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၀၈ မှာ အများဆုံး တွေ့နိုင်ပါတယ်။ စွန့်ခွါသွားတဲ့ရွာကို ပြန်မလာနိုင်အောင် မြေမြုပ်မိုင်းထောင်ထားတာမို့ အစိုးရတပ်မရှိတဲ့အခါမှာတောင် ရွာကိုမပြန်ဝံ့ဘဲ ဖြစ်နေပါတယ်။ ရေကာတာဆောက်မယ့် နေရာမှာလည်း ရွာတွေ အတင်းအဓမ္မ ရွှေ့ပစ်ပါတယ်။

နေရပ်ကိုစွန့်ခွါသူ အမျိုးမျိုးရှိပါတယ်။ ပထမအမျိုးအစားမှာ အစိုးရစစ်ကြောင်း ဘေးရန်က တိမ်ရှောင်ထွက်ပြေးသူနဲ့ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေအတွင်းမှာ ပုန်းအောင်နေသူတွေ ပါဝင်ပါတယ်။ ဒုတိယက အစိုးရတပ်ချုပ်ကိုင်တဲ့ စုစည်းကျေးရွာတွေကို ပြောင်းရွှေ့ရသူတွေဖြစ်ပြီး တတိယက အစိုးရတပ်ရဲ့ ဖိနှိပ်ညှဉ်းပမ်းမှုကြောင့် တိုင်းရင်းသားအုပ်ချုပ်တဲ့ အပစ်ရပ်နယ်မြေမှာ ခိုလှုံသူတွေ ဖြစ်ပါတယ်။ ဒီအထဲမှာ ထိုင်းဒုက္ခသည်စခန်းက ပြန်လာသူတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သားကိုတော့ နေရပ်စွန့်ခွါသူဒုက္ခသည်စာရင်းမှာ မထည့်သွင်းထားပါဘူး။ စစ်ဘေးစစ်ဒဏ်ကြောင့် နေရပ်စွန့်ခွါရသူ ကျေးလက်လူထုကို မြေယာလုပ်ပိုင်ခွင့် ပြန်ပေးဖို့ကိစ္စကိုသာ Transitional Institute က တင်ပြထားတာ ဖြစ်ပါတယ်။ ဆင်းရဲသား ဦးးစားပေးတဲ့ မြေယာလမ်းစဉ် ကျင့်သုံးဖို့ ဖြစ်ပါတယ်။

မဆလ ဆိုရှယ်လစ်စစ်အစိုးရ လက်ထက်ကစခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မူစလင်ဒုက္ခသည် ပြဿနာဟာ လက်ရှိ NLD အစိုးရခေတ်အထိ သက်ဆိုးရှည်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဖြစ်လို့ နေရပ်စွန့်ခွါသူတွေ များလာသလို စစ်မဖြစ်တဲ့ - မြေမသိမ်းတဲ့နေရာတွေမှာလည်း မြေယာမဲ့တွေ ပေါများနေတာမို့ ဆင်းရဲသား လူတန်းစား ဒုက္ခသည်တွေအတွက် မြေယာဝေငှရာမှာ ပြဿနာ ကြီးမားပါတယ်။ အဓိကမှာ လယ်ယာပြဿနာ သုံးမျိုးရှိတယ်လို့ ဆိုပါတယ်။ လက်နက်ကိုင် ပဋိပက္ခ၊ အရင်းရှင်စီးပွားရေးလုပ်ငန်း နဲ့ သဘာဝဘေးအန္တရာယ်စတာတွေကြောင့် နေရပ်ကို စွန့်ခွါလို့ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဖြစ်ရသူတွေဟာ ပထမအမျိုးအစားဖြစ်လို့ သူတို့ကို မြေယာလုပ်ပိုင်ခွင့် အပြည့်အဝပေးပြီး လူ့အခွင့်အရေးကို ခံစားနိုင်အောင် အစိုးရက အာမခံပေးနိုင်ရမယ်လို့ ဆိုပါတယ်။

ဒုတိယအမျိုးအစားကတော့ တောင်ယာလုပ်နေပေမယ့် တရားဝင် အသိအမှတ်ပြု မခံရသူတွေ ဖြစ်ပါတယ်။ အစဉ်အလာအရ လယ်ယာလုပ်ကိုင်လာပေမယ့် တရားဥပဒေအရ အကာအကွယ် မပေးနိုင်တဲ့အတွက် မြေသိမ်းခံနေရလို့ ဒုက္ခသည်ဘဝ ရောက်ကြရသူတွေ ဖြစ်ပါတယ်။ ကျေးလက်လူထုကို လယ်ယာလုပ်ပိုင်ခွင့် အပြည့်အဝပေးပြီး အာမခံနိုင်မှသာ ရေရှည်အသက်မွေးဝမ်းကျောင်းနိုင်မှာ ဖြစ်ပါတယ်။ တတိယလယ်ယာပြဿနာကတော့ အရင်းရှင်လူနည်းစုက မြေယာအများအပြားကို လက်ဝါးကြီးအုပ်ထားပြီး တောင်သူလယ်သမားအများစုဟာ လယ်ယာမဲ့ ဖြစ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ လယ်ယာမဲ့အလုပ်သမားတွေဟာ ဘဝရပ်တည်ရေးအတွက် အစွမ်းကုန်လုံးပမ်းနေကြရပါတယ်။ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားပဋိပက္ခ ဖြစ်တဲ့ဒဏ်ကို ကျေးလက်ဒေသမှာ အခုအထိခံနေရတုန်း ဖြစ်ပါတယ်။ မြေယာမဲ့ဖြစ်သွားတဲ့ ဒုက္ခသည်တွေကို လယ်လုပ်ပိုင်ခွင့် အပြည့်အဝ ပြန်ပေးနိုင်ရေးဟာ အစိုးရရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။ ဒုက္ခသည် (၁၁) သိန်းကျော် လယ်ယာလုပ်ခွင့်ရရှိရေးဟာ ပြည်သူ့ဘဝရပ်တည်ရေး ဖြစ်ပါတယ်။ မြေယာကို ဘယ်လို သဘောထားတယ်ဆိုတာဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နဲ့ ဆက်စပ်နေကြောင်း Transitional Institute က သုံးသပ်ထားပါတယ်။

XS
SM
MD
LG