ဒီတပတ် မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ဦးကျော်ဇံသာ က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မကြာခင် လွတ်မြောက်လာတော့မယ်ဆိုတဲ့ ခန့်မှန်းတွက်ဆချက်တွေ ရှိနေပါတယ်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ရင် အထူးသဖြင့် နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် လွတ်မြောက်လာခဲ့ရင် မြန်မာနိုင်ငံရေးမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။ ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲဆိုတာကို သိရှိနိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးဉာဏ်ဝင်း ခင်များ အခုတလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမတိုင်ခင် ပြန်လွတ်လာမယ်ဆိုတဲ့သတင်းတွေ ပေါ်ထွက်နေပါတယ်။ နိုင်ငံတကာ ဖိအားပေးတဲ့အထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်ပေးရေးဆိုတာ အဓိက အချက်အနေနဲ့ ပါဝင်နေပါတယ်။ ဒါကြောင့်မို့လားမသိပါဘူး လူတိုင်း မျှော်လင့်နေတဲ့၊ တောင်းဆိုနေတဲ့ ဒီအချက်ဟာ မကြာခင် အကောင်အထည်ဖော်လာမယ်။ မကြာခင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်လို့ တွက်တဲ့သတင်းတွေ အများကြီးထွက်နေပါတယ်။ ဆရာအနေနဲ့ ဘယ်လိုတွက်မိပါသလဲ။ ဆရာဦးဉာဏ်ဝင်း က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်အများဆုံး ရရှိထားတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
ဦးဉာဏ်ဝင်း ။ ။ ကျနော်အမြင် ပြောရရင်တော့ အခုဒီအမှု ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အပြစ်ချထားတဲ့ဟာကို အယူခံတာကို ကိုင်တွယ်ပုံကို ကြည့်လိုက်ရင် သိပ်ပြီးတော့ မြန်ဆန်လွန်းတယ်။ အစတုန်းကတော့ လေးလလောက် pending ထားပြီးတော့ ပြီးခဲ့တဲ့လက ၁၈၊ ၂၀၊ ၂၁၊ ၂၉ သိပ်ပြီးတော့ စိတ်တဲ့အတွက် အခုလို ခပ်စိတ်စိတ်ဆိုရင်တော့ ရွေးကောက်ပွဲ မတိုင်ခင်တောင် လွတ်နိုင်တယ်လို့ ကျနော်တို့ တွက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကို ခြုံပြီးတွက်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လွတ်လိမ့်မယ်လို့ ကျနော်တို့ တွက်တယ်။ နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်းအခြေအနေတွေနဲ့ နောက်ပြီး ပြစ်ဒဏ်ခံလာရတဲ့ကာလတွေ အားလုံးခြုံပြီး စဉ်းစားရင် လွတ်လိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။
ဦးကျော်ဇံသာ ။ ။ စစ်အစိုးရဟာ သူတို့ဘက်က သိပ်လုံခြုံတယ်လို့ ခံစားမှု ရှိနေတယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲနဲ့ ကပ်ပြီးတော့ လွှတ်လိုက်တဲ့အတွက်ကြောင့် သူတို့ရွေးကောက်ပွဲ တစုံတရာ ဘာမှ မဖြစ်သွားနိုင်တော့ဘူးလို့ သူတို့ ယုံကြည်တယ်လို့ ဆရာတွက်ပါသလား။ ထင်ပါသလား။
ဦးဉာဏ်ဝင်း ။ ။ ကျနော်တော့ မထင်ဘူး။ သူတို့က မယုံကြည်လို့သာ။ ကျနော်တို့ အန်အယ်လ်ဒီ က ရွေးကောက်ပွဲ မဝင်ဘူး၊ မှတ်ပုံမတင်ဘူး ပြောပေမဲ့ ကျနော်တို့ ရုံးနဲ့ ကျနော်တို့လူတွေ အနောက်ကို တကောက်ကောက်လိုက်ပြီး ကြည့်တဲ့အလုပ်က ပိုပြီးတောင် အရင်ထက်များသေးတယ်။ ဒါကြောင့် သူတို့က သူတို့ကိုသူတို့ လုံခြုံပြီလို့ ဒီလိုယူဆမယ်လို့တော့ မထင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒါဆိုရင် သူတို့ လွှတ်ရဲတယ်။ လွှတ်မယ်ဆိုရင်ပေါ့။
ဦးဉာဏ်ဝင်း ။ ။ လွှတ်မယ်ဆိုရင်တော့ လွှတ်ရဲတယ်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလို့ ပြည်သူတွေရဲ့ သဘောထား၊ ပြည်သူတွေရဲ့ လှုပ်ရှားမှု၊ အခြား နိုင်ငံရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှု အခြေအနေတစုံတရာ ပြောင်းလဲလာနိုင်မှု အလားအလာ မရှိဘူးလား။
ဦးဉာဏ်ဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လိုက်ခြင်းအားဖြင့် အတိုင်အတာတော့မသိဘူး။ အပြောင်းအလဲတော့ ရှိလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုကလည်း ဒေါ်အောင်ဆန်းစုကြည် ကို မျှော်လင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူနဲ့ ထိတွေ့မှာပဲ။ သေချာတဲ့ကိစ္စကတော့ နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ပြည်သူနဲ့ ထိတွေ့မယ့်အလုပ်က ဒေါ်အောင်ဆန်းစုကြည်က သူ့အလုပ်ဆိုပြီး သူလုပ်လိမ့်မယ်။ အဲဒါကြောင့် အဲဒီမှာ ပြောင်းလဲမှုတော့ တချို့ ရှိနိုင်တာပေါ့။ အတိုင်အတာတော့ မပြောနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီဟာက ရွေးကောက်ပွဲဖြစ်စဉ်ကို ရိုက်ခတ်သွားနိုင်မယ့် အပြောင်းအလဲမှုမျိုး မဖြစ်နိုင်ဘူးလား။
ဦးဉာဏ်ဝင်း ။ ။ အဲဒါလည်း လွတ်လာတဲ့အတွက် အရှိန်အဟုန်တခုတော့ ရှိမှာပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် အခုကတည်းကိုက လူထုရဲ့ ဆန္ဒနဲ့ နိုင်ငံတော်က လုပ်နေတဲ့ ရွေးကောက်ပွဲက ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာ ကျနော်တို့ ပတ်ဝန်းကျင်မှာတော့ အဲဒီအတိုင်းပဲ မြင်တယ်။ ဖြစ်နေပြီးသားလို့ ပြောချင်တာပါ။
ဦးကျော်ဇံသာ ။ ။ လူတွေကလည်း ဒါကို နိုင်ငံတကာကလည်း အများကြီးတွေ့နေရပါတယ်။ နောက်တခုက ကြားဖြတ်မေးရမယ်ဆိုရင် နိုင်ငံတကာက အကဲဖြတ်အဖွဲ့တွေကို လက်မခံဘူး။ ဒါအပြင် ကျနော်တို့ သတင်းသမားတွေကိုလည်း ပြည်တွင်းလာရောက်ပြီး သတင်းယူခွင့် မရှိဘူး။ ပြည်တွင်းက သတင်းသမားတွေကိုလည်း အင်မတန် ကန့်သတ်တားဆီးထားတာကိုလည်း တွေ့ရပါတယ်။ ဒါတွေကို ကြည့်ရင် ဆရာတို့က ဘယ်လိုသုံးသပ်ပါသလဲ။ ဒီရွေးကောက်ပွဲက ၉၀ ရွေးကောက်ပွဲနဲ့ ဘယ်လိုခြားနားပါသလဲ။
ဦးဉာဏ်ဝင်း ။ ။ ဒီဥစ္စာကတော့ လုံးဝမသင့်လျှော်တဲ့ ကိစ္စ။ အခုလုပ်ရပ်ကတော့ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လို ဖြစ်နေတာ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ့်ရက်ကို ပြန်ကောက်မယ်ဆိုရင်။ ရွေးကောက်ပွဲသဘောထား တစုံတရာ ပြောင်းလဲလာနိုင်စရာ ရှိပါသလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်နေ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အခါ။
ဦးဉာဏ်ဝင်း ။ ။ အပြောင်းအလဲ မရှိပါဘူး။ ကျနော်တို့ အခု ဆောင်ရွက်နေတဲ့ကိစ္စတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူတဲ့ ကိစ္စတွေပဲ ကျနော်တို့အနေနဲ့ ပြောင်းလဲစရာ အကြောင်းမရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အမျိုးသားဒီမိုကရေစီအင်အားစုဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တယ်ဘာညာ ရှိကြပါတယ်။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်လည်း မတွေ့ခဲ့ရဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုတဆင့် စကားသာပြောခဲ့ရတယ်ဆိုတော့ အခုဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူတို့လည်း ကိုယ်တိုင်တွေ့ကောင်းတွေ့ရလိမ့်မယ်။ ရွေးကောက်ပွဲ မတိုင်ခင် အဲဒီလို တွေ့ခွင့်ရနိုင်မယ် အလားအလာ ရှိပါသလား။ အဲဒီအပေါ်မှာ သူတို့ဘက်က တစုံတရာ ပြောင်းလဲသွားနိုင်မလား။
ဦးဉာဏ်ဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေနဲ့တောင် တွေ့တာပဲ။ ဘယ်သူနဲ့ မဆိုတွေ့ဖို့ ဖြစ်နိုင်ပါတယ်။ သို့သော် တွေ့ပုံတွေ့နည်းနဲ့ တွေ့ဖို့ အချိန်အကန့်အသတ် ဒါတွေတော့ တမျိုးရှိပါပေ့ါ။
ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါ ကိုယ်တိုင်စောင့်ကြည့်တာ၊ သုံးသပ်တာ၊ တကယ်လို့ ရွေးကောက်ပွဲ ဆက်လက် ဖြစ်မယ်ဆိုရင်ပေါ့။ အဲဒီလို ဖြစ်လာမယ်လို့ ထင်ပါသလား။
ဦးဉာဏ်ဝင်း ။ ။ အဲဒါကတော့ ကိုယ်တိုင်စောင့်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အခု ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေအရ ကျနော်တို့ မဲပေးမယ့်လူမဟုတ်ရင် ကိုက် (၅၀) အတွင်း မဝင်ရတို့။ သတင်းသမားလည်း မဝင်ရ။ ဒီစည်းကမ်းတွေအရဆိုရင်။ မဲရုံးကို ကိုယ်တိုင်စောင့်ကြည့်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် က ကျနော်တို့ သတင်းသမားတွေနဲ့ အပြင်က ဆက်သွယ်မယ့် သတင်းသမားတွေ၊ ပြည်တွင်းသတင်းသမားတွေနဲ့ တွေ့ခွင့်ပေးမယ်လို့ ထင်ပါသလား။
ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ အမြင်ကတော့ လွတ်ပေးလိုက်လို့ရှိရင် အဲဒါနဲ့ ပတ်သက်ပြီး ခွင့်ပြုချက် တောင်းဆိုစရာမလိုဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်းသမားတွေကို တွေ့မှာပဲ။
ဦးကျော်ဇံသာ ။ ။ ဆရာတို့ ခန့်မှန်းတာ ဘယ်နေ့ကို နောက်ဆုံးခန့်မှန်းပါသလဲ။
ဦးဉာဏ်ဝင်း ။ ။ ကျနော့် ခန့်မှန်းချက် ပြောရရင် လွတ်ရက်စေ့တဲ့ (၁၃) ရက်နေ့ မတိုင်ခင်။ ဘယ်ရက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။
ဦးကျော်ဇံသာ ။ ။ (၁၃) ရက်ဆိုရင်တော့ ရွေးကောက်ပွဲ ပြီးသွားပြီပေါ့။
ဦးဉာဏ်ဝင်း ။ ။ ဟုတ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်နိုင်မယ်ဆိုတာက။
ဦးဉာဏ်ဝင်း ။ ။ ရွေးကောက်ပွဲ မတိုင်ခင်က ဖြစ်နိုင်တယ်လို့ တွက်နေတာက အခုနလို ခပ်စိတ်စိတ်လေး ရုံးချိန်တွေ ထွက်နေတယ်။ အစဉ်အလာမဟုတ်သော အခါတိုင်း အလေ့အကျင့်မရှိတဲ့ ရုံးချိန်ပေးပုံ၊ ထွက်ပုံထွက်နည်းတွေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ဒီအော်ဒါကလည်း အဲဒီလို ထွက်ရင်တော့ ရွေးကောက်ပွဲ မတိုင်ခင်ဖြစ်မယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။
ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲ ပြီးတဲ့အခင်းအကျင်းကိုလည်း နည်းနည်းပြောပါ။ ဆရာတို့ဘက်က ဘယ်လိုခန့်မှန်းထားပါသလဲ။
ဦးဉာဏ်ဝင်း ။ ။ ရွေးကောက်ပွဲပြီးရင်လည်း ကျနော်တို့က ဦးကျော်ဇံသာ တို့သိတဲ့အတိုင်း နိုင်ငံတော် တရားရုံးချုပ်မှာလည်း အန်အယ်လ်ဒီအတွက် အမှုတွေ တင်ထားတယ်။ ဒီအမှုတွေအတွက် ရုန်းပမ်းရမယ်။ ဒီအမှုတွေအတွက် လုံးပမ်းရမယ်ဆိုတာ အန်အယ်လ်ဒီ ရပ်တည်ရေးအတွက် လုံးပမ်းရမယ်။ အန်အယ်လ်ဒီ ဟာ ရွေးကောက်ပွဲပြီးသွားရင်လည်း ညီညီညွှတ်ညွတ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ပြောင်းလဲရေးကို ဆက်လက်ကြိုးပမ်းသွားမယ့် ဦးတည်ချက်ပေါ့။
ဦးကျော်ဇံသာ ။ ။ တချို့သောလူတွေက ရွေးကောက်ပွဲပြီးရင် ဖြစ်လာနိုင်မယ့် scenario တွေ၊ မြင်ကွင်းတွေ၊ အခင်းအကျင်းတွေကို အမျိုးမျိုးတွက်ကြပါတယ်။ တချို့ကတော့ အမေရိကန်အစိုးရတောင်မှ ရွေးကောက်ပွဲပြီးရင် မြန်မာနိုင်ငံမှာ structural change တိုက်ရိုက်မဟုတ်တောင် ဒီအပေါ်မှာ အခြေခံပြီး အပြောင်းအလဲ တစုံတရာ ဖြစ်လာလိမ့်မယ်။ ရွေးကောက်ပွဲပြီး တက်လာမယ့် အစိုးရနဲ့ ဆက်ဆံဖို့ အခွင့်အလမ်း ပေါ်လာကောင်းပေါ်လာမယ်ဆိုပြီး လုပ်သင့်တာတွေကို မလုပ်ဘဲနဲ့ အချိန်စောင့်တဲ့ သဘောတွေကို တွေ့ရပါတယ်။ အဲဒီအပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုသဘောထားပါသလဲ။
ဦးဉာဏ်ဝင်း ။ ။ ရွေးကောက်ပွဲ ပြီးသွားရင် ဘယ်လောက်ကြာမှ အစိုးရဖြစ်မလဲဆိုတာကို ကျနော်တို့ မပြောနိုင်ဘူး။ ဘယ်ဖြစ်လို့ မပြောနိုင်သလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၂၄ - က) အရ။ အဲဒီ ပြည်ထောင်စု လွှတ်တော်အပြီး နောက်တကြိမ် ကျင်းပမယ့် ပြည်သူ့လွှတ်တော်ကို နအဖ က ဆက်လက်ကိုင်ထားတယ်။ Limitation မရှိဘူး။ အဲဒီတော့ အစိုးရ ဆိုတာ တော်တော်ဝေးတယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။ နောက်တခုက အစိုးရဆိုတဲ့ကိစ္စပေါ်လာရင် အဲဒါကလည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတရဲ့ အစိုးရပဲ။ ပြည်သူ့လွှတ်တော်ရဲ့ အစိုးရမဟုတ်ဘူး။ အဲဒီအခြေအနေကို ကြည့်ပြီးတော့ နိုင်ငံတကာကလည်း အဲဒီအချိန်ရောက်မှ ပိုမို သဘောပေါက် လာနိုင်မယ်။ ကျနော်တို့ကတော့ ဒီအတိုင်း မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ရွေးကောက်ပွဲပြီးသွားပြီ သူတို့ ဖွဲ့လိုက်တဲ့ အစိုးရ သူတို့ကိုယ်တိုင် စိတ်တိုင်းကျဖွဲ့လိုက်တဲ့ အစိုးရ ပေါ်လာသည့်တိုင် မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ချင်တဲ့ နိုင်ငံတွေ၊ လုပ်လက်စ နိုင်ငံတချို့က အခွင့်အကောင်း ရလာတာပေါ့။ ဒါရွေးကောက်ပွဲအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်နဲ့ ဆက်သွယ်တာဖြစ်တယ်လို့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ တရုတ်၊ အိန္ဒိယ၊ အာဆီယံ တို့က။ အဲဒီအခါမှာ လူလတ်တန်းစား အရေအတွက်ဟာ စီးပါွးရေး ဖွံ့ဖြိုးမှုနဲ့ ပေါ်ပေါက်လာပြီးတော့ တဖြည်းဖြည်း အပြောင်းအလဲဘက်ကို ဦးတည်လာမယ်လို့ တချို့ကလည်း တွက်ကြပါတယ်။ အဲဒါကိုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဘယ်လို သဘောထားပါသလဲ။
ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့အနေနဲ့ အစိုးရအဖွဲ့မှာ အပြောင်းအလဲ မရှိဘူးလို့ ထင်တယ်။ အဲဒါကြောင့် အစိုးရအဖွဲ့မှာလည်း ဘာမှ အပြောင်းအလဲ မရှိဘူး။ အခုနလို လမ်းတွေပွင့်လာပြီး ပိုမိုကောင်းမွန်လာမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျနော်တို့အနေနဲ့ ယူဆတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုကြပါစို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမတိုင်ခင် လွတ်လာတယ် ထားပါအုံးတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲအပေါ် ထားရှိတဲ့သဘောထားက တစုံတရာ ပြောင်းလဲသွားစရာ မရှိပါဘူး။ တချိန်တည်းမှာလည်း စစ်အစိုးရဘက် ကလည်း သူတို့လုပ်နေတဲ့ ရွေးကောက်ပွဲအတွက် ချမှတ်လုပ်ကိုင်နေတဲ့ တဘက်သတ် လုပ်ရပ်တွေကို ပြောင်းလဲပြုပြင်စရာ အကြောင်း လည်း လုံးဝမရှိတော့ပါဘူး။ ဆိုတော့ကာ ပြည်သူလူထု တကယ့်မျှော်လင့်တောင်းတတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူ့ဘဝ သာယာဝပြောရေးဆိုတာကတော့ ဆက်လက်ပြီး ရွှေပြည်တော် မျှော်တိုင်ဝေး ဖြစ်နေလိမ့်မယ်လို့ ထင်မိပါကြောင်း။