မေလနှောင်ပိုင်း နေပြည်တော်ကို လာရောက်လည်ပတ်တဲ့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း () နဲ့အဖွဲ့ဟာ ဗမာအစိုးရနဲ့ သဘောတူညီချက် (၂) ခု၊ နားလည်မှုစာချွန်လွှာ (၉) ခုနဲ့ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် (၁) ခု တို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စာမျက်နှာ (၆) မျက်နာ စာပိုဒ်ပေါင်း (၄၆) ပိုဒ်ပါရှိတဲ့ ပူးတွဲကြေညာချက်ကိုကြည့်ရင် အိန္ဒိယအစိုးရရဲ့ ဦးစားပေးချက်တွေကို အကဲခတ်နိုင်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုဧည်ခံပုံကို အပိုဒ် (၁) က (၇) အထိ ဖော်ပြထားပါတယ်။ အပိုဒ် (၈) မှာ ဒေသတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရင်းရင်းနှီးနှီး ထိထိရောက်ရောက် ပူးတွဲလုပ်ကိုင်ဖို့ အရေးကြီးကြောင်း ဖော်ပြပါတယ်။
နယ်စပ်ဒေသကို ထိရောက်စွာ ကြီးကြပ်နိုင်ရေးအတွက် နှစ်နိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေ ပူးတွဲလုပ်ကိုင်ဖို့ အရေးကြီးကြောင်းကို ပူးတွဲကြေညာချက် အပိုဒ် (၁၃) နဲ့ (၁၄) မှာ ဖော်ပြထားပါတယ်။ တနိုင်ငံက သူပုန်တပ်ဖွဲ့နဲ့ အပေါင်းပါတွေကို တနိုင်ငံမှာ ခိုလှုံခွင့် စခန်းချခွင့်မပေးဖို့လည်း နှစ်နိုင်ငံခေါင်းဆောင်တွေက အပြန်အလှန် အာမခတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ပူးတွဲလုပ်ကိုင်မှုကို အဆင့်မြှင့်ဖို့ လိုအပ်နေတာကိုလည်း ခေါင်းဆောင်နှစ်ဦး အဓိကထားကြောင်း ဖော်ပြထားပါတယ်။
ဗမာအစိုးရနဲ့ လက်တွဲတဲ့ အိန္ဒိယရဲ့ ရည်ရွယ်ချက် (၃) ခုဟာ တိုင်းရင်းသားသူပုန်နှိမ်နှင်းရေး၊ တရုတ်သြဇာလွှမ်းမိုးမှု ဟန့်တားရေး နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး တို့ ဖြစ်ပါတယ်။ မြန်မာနဲ့ ဆက်စပ်နေတဲ့ မီဇိုရမ်၊ မဏိပူရ၊ နာဂ နဲ့ Arunachai Pradesh စတဲ့ ပြည်နယ်တွေမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နှိမ်နှင်းဖို့အတွက် အိန္ဒိယနဲ့ ဗမာအစိုးရ လက်တွဲလုပ်ကိုင်ဖို့ ၁၉၉၄ ခုနှစ်မှာ သဘောတူချက်ကို လက်မှတ်ထိုးခဲ့တာဆိုတော့ ပူးတွဲစစ်ဆင်းရေးသက်တမ်း အနှစ် (၂၀) နီးပါး ရှိနေပြီလို့ ပြောနိုင်ပါတယ်။ ဗမာဖက်လိုချင်တဲ့ စစ်ပစ္စည်းတွေကို အိန္ဒိယက ပေးပါတယ်။ ဒါပေမဲ့ မဏိပူ၊ နာဂ နဲ့ အာသံ သူပုန်တွေ လှုပ်ရှားနေတာကိုကြည့်ပြီး ဗမာဖက်မှာ ခိုလှုံလာရင် တိုက်ထုတ်ပေးဖို့ အိန္ဒိယအစိုးရက အခွင့်အခါသင့်တိုင်း တောင်းဆိုလေ့ရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးဖို့လည်း ကြိုးစားပါတယ်။
လွန်ခဲ့တဲ့ (၂၅) နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်တဲ့ အိန္ဒိယဝန်ကြီးချုပ်အဖြစ် မန်မိုဟန်ဆင်းရဲ့ မြန်မာပြည်ခရီးကို ကမ္ဘာ့စာနယ်ဇင်းတွေက အသားပေးရေးသားကြပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးကြီးပြီး အိန္ဒိယနဲ့ မြန်မာစာနယ်ဇင်းမှာသာ ဖော်ပြတဲ့သတင်းတွေကတော့ နာဂ လက်နက်ကိုင်နဲ့ ဗမာအစိုးရ အပစ်အခတ် ရပ်စဲလိုက်တဲ့အကြောင်း ဖြစ်ပါတယ်။ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီဆိုတဲ့ နာဂလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ရှိတဲ့အနက် ခါပလန် ဦးဆောင်တဲ့ နာဂအဖွဲ့နဲ့ ဗမာအစိုးရတို့ ဧပြီလ (၉) ရက်နေ့ ခန္တီးမြို့မှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ပါတယ်။ ခန္တီးမြို့မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီး နယ်မြေကျော် လက်နက်ကိုင်ဆောင်ခွင့်ကို ကြိုတင်ညှိနှိုင်းရယူဖို့နဲ့ လက်နက်မကိုင်ဘဲ ပြည်တွင်းမှာ လွတ်လပ်စွာသွားလာ ခွင့်ပြုဖို့ သဘောတူကို (၇) ရက်ကြာမှ အစိုးရသတင်းစာမှာ ဧပြီလ (၁၆) ရက်နေ့က ဖော်ပြထားပါတယ်။
နာဂတိုင်းရင်းသားက အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင်သူတွေဖြစ်တာကြောင့် အစိုးရ (၂) ခုစလုံးနဲ့ ပတ်သက်နေပါတယ်။ တရုတ်-မြန်မာနယ်စပ်က ဝတိုင်းရင်းသားတွေနဲ့ အခြေအနေချင်းတူနေပါတယ်။ လူမျိုးတမျိုးတည်း ဖြစ်ပေမယ့် နှစ်နိုင်ငံမှာအခြေစိုက် နေထိုင်သူတွေဖြစ်ပါတယ်။ အိန္ဒိယ နာဂ ရှိသလို၊ မြန်မာ နာဂ လည်း ရှိပါတယ်။ လူဦးရေ (၂) သန်းရှိတဲ့ နာဂပြည်နယ်ကို ၁၉၆၃ ခုနှစ်မှာ အိန္ဒိယအစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။ ဗမာအစိုးရကတော့ စစ်ကိုင်းတိုင်းထဲက လေရှီး၊ လဟယ် နဲ့ နန်းယွန်း မြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၅၆) မှာ အသိအမှတ်ပြုထားပါတယ်။ ဗမာအစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူချက်ရယူတာကို ခါပလန် နာဂလက်နက်ကိုင်တပ်ဖွဲ့က အိန္ဒိယအစိုးရကို အကြောင်းမကြားတဲ့အတွက် အိန္ဒိယအစိုးရအနေနဲ့ သံသယဖြစ်စရာတွေ ရှိလာပါတယ်။
ခါပလန် နာဂအဖွဲ့ဟာ အိန္ဒိယအစိုးရနဲ့ ၂၀၀၀ ခုနှစ်မှာ ပြုလုပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူချက် နှစ်စဉ်သက်တမ်းတိုးနေတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့် မြန်မာနဲ့ လက်မှတ်ထိုးပြီး မကြာမီ မေလ (၃) ရက်နေ့မှာ နောက်ထပ်တနှစ်သက်တမ်းတိုးလိုက်ရပါတယ်။ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီမှာ လက်နက်ကိုင်အဖွဲ့ (၃) ခု ကွဲပြားနေပြီး နာဂ ရှေ့ရေးနဲ့ ပတ်သက်တဲ့ အမြင်ချင်းတူကြတာ မဟုတ်ပါဘူး။ မြန်မာပြည်အခြေစိုက် ခါပလန် နာဂအဖွဲ့ဟာ အိန္ဒိယ-နာဂ နဲ့ မြန်မာ-နာဂ တို့ကို ပေါင်းစည်းဖို့ ရည်ရွယ်ပြီး ကျန် နာဂအဖွဲ့ နှစ်ဖွဲ့က နာဂပြည်နယ်ထဲမှာ ပြဿနာဖြေရှင်းတာကိုပဲ ဦးစားပေးလိုပါတယ်။
နာဂလက်နက်ကိုင်အုပ်စု (၁၄) ခု မြန်မာဖက်က နာဂနယ်မြေမှာ မကြာမီက ဆွေးနွေးကြောင်း သိရှိရတာဟာ အိန္ဒိယအစိုးရအတွက် စိတ်ပူစရာပါ။ အိန္ဒိယ အရှေ့မြောက်ပိုင်းက လူမျိုးတွေဟာ မျိုးနွယ်အရ မြန်မာ၊ တိဗက်နဲ့ တရုတ်နဲ့ ပိုမိုနီးစပ်ပြီး ဗဟိုအစိုးရ လျစ်လျူရှုတာကို ခံရတဲ့အတွက် အိန္ဒိယက ခွဲထွက်လိုကြပါတယ်။ အရှေ့မြောက်ပိုင်းပြည်နယ်တွေ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရေးဟာ အိန္ဒိယ-မြန်မာ စီးပွားရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။