ဘင်္ဂလားပင်လယ်ကွေ့မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ရှာဖွေပြီး ရေပိုင်နက်နဲ့ ပတ်သက်ပြီး အငြင်းပွားလာတဲ့အတွက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး International Tribunal for the Law of the Sea က ဆုံးဖြတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာအစိုးရတို့က ၂၀၀၉ မှာ လျှောက်ထားခဲ့ပါတယ်။ နှစ် နှစ်ခွဲကြာတဲ့အခါ လွန်ခဲ့တဲ့ မတ်လ (၁၄) ရက်နေ့က စီရင်ချက်ချမှတ်ထားပါတယ်။ ၁၅၁ မျက်နှာရှိတဲ့ စီရင်ထုံး ဖြစ်ပါတယ်။ မြန်မာဘက်က အစိုးရရှေ့နေချုပ် ဦးထွန်းရှင်နဲ့ နိုင်ငံခြားရေးဌာနက ဝန်ထမ်းတွေအပြင် ပြင်သစ်ဥပဒေပညာရှင် (၄) ဦး၊ အမေရိကန်ဥပဒေပညာရှင် (၂) ဦး နဲ့ အင်္ဂလိပ်ဥပဒေပညာရှင် (၁) ဦး က ဆောင်ရွက်ပေးကြပါတယ်။ ခုံရုံးက ဆုံးဖြတ်တဲ့အမှုဖြစ်လို့ အရှုံးအနိုင် သုံးသပ်တာမျိုး ရှိပါတယ်။
တကယ်တော့ ၁၉၇၄ ကစပြီး ကမ်းလွန်ပင်လယ်မှာ နယ်နမိတ်သတ်မှတ်ဖို့ (၂) နိုင်ငံ ဆွေးနွေးလာခဲ့ပေမယ့် ကမ်းလွန်နယ်နိမိတ် ရေမိုင် (၁၂) မိုင် သတ်မှတ်တာလောက်ပဲ သဘောတူချက်ရယူနိုင်ခဲ့ပါတယ်။ မိုင် (၂၀၀) အထူး စီးပွားရေးဇုန်၊ ကမ်းလွန်ပင်လယ်၊ ပင်လယ်ပြင်နယ်နမိတ် စတာတွေကို သတ်မှတ်ဖို့ သဘောတူချက် မရယူနိုင်ဘဲ အငြင်းပွားစရာတွေနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ ဂျာမဏီနိုင်ငံ ဟမ်းဘတ်ခ်အခြေစိုက် ကုလသမဂ္ဂခုံရုံးရဲ့ အဆုံးအဖြတ်ကို ရယူတာဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်ကွေ့ ပင်လယ်ကြမ်းပြင်မှာ ရေနံနဲ့ ဓါတ်ငွေ့ရှာဖွေတူးဖော်နိုင်တာဟာ အခုလို ကုလသမဂ္ဂခုံရုံးကို ရောက်ရတဲ့အကြောင်းရင်း ဖြစ်ပါတယ်။ မြန်မာစစ်သင်္ဘောအခြံအရံနဲ့ ကိုရီးယား ဒေဝူးကုမ္မဏီက ၂၀၀၈ နိုဝင်ဘာလမှာ ရေနံဓါတ်ငွေ့ ရှာဖွေတာကြောင့် ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ ထိပ်တိုက်တွေ့ရပါတယ်။ ၂၀၀၉ အောက်တိုဘာလ (၈) ရက်နေ့မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ပင်လယ်ပြင်ရေပိုင်နက် သတ်မှတ်ပေးဖို့ ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးကို ဘင်္ဂလားဒေ့ရှ် က လျှောက်ပါတယ်။ ခုံရုံးအဆုံးအဖြတ်ကို နာခံမယ်လို့ နိုဝင်ဘာ (၄) ရက်နေ့မှာ မြန်မာဘက်က အကြောင်းပြန်ပါတယ်။ အမှုဖြစ်စဉ်မှတ်တမ်းကို ၂၀၁၀ ဇူလိုင်လ (၁) ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်က တင်ပြဖို့နဲ့ ဒီဇင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထားပြီး မြန်မာဘက်က တင်ပြဖို့ ခုံရုံးက အချိန်သတ်မှတ်ပါတယ်။
နှစ်နိုင်ငံရဲ့ တင်ပြချက်တွေကို အပြန်အလှန်လေ့လာဖို့ တနှစ်ကျော်အချိန်ပေးပြီး ဘင်္ဂလားဒေ့ရှ် က ၂၀၁၁ မတ်လ (၁၅) ရက်နေ့ မြန်မာက ၂၀၁၁ ဇူလိုင်လ (၁) ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ကြဖို့ ခုံရုံးက သတ်မှတ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ တင်ပြချက်နဲ့အကြောင်း ပြန်ချက်က စာမျက်နှာလေးရာကျော် ရှိပါတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်က စာမျက်နှာ (၁၅၀) ကျော်ရှိတာမို့ စုစုပေါင်းစာမျက်နှာ (၉၀၀) ကျော်ရှိတဲ့ အမှုပါ။ ခုံရုံးရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ်ဖြစ်တာမို့ အယူခံဝင်ခွင့်မရှိဘဲ နာခံဖို့သာ ရှိပါတယ်။ ကမ်းခြေက ရေမိုင်နှစ်ရာအတွင်း ပင်လယ်ပြင်နယ်နမိတ်၊ အထူးစီးပွားရေးဇုန်နဲ့ ကမ်းလွန်ပင်လယ်ဒေသကို သတ်မှတ်တဲ့ ခုံရုံးရဲ့ စီရင်ထုံးကိုနာခံဖို့ အမှုစစဉ်ကတည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက သဘောတူခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းက ၄၁၃ ကီလိုမီတာရှိပြီး ရခိုင်ကမ်းရိုးတန်းက ၅၈၇ ကီလိုမီတာရှိတာကြောင့် မြန်မာက (၁၇၄) ကီလိုမီတာအသာရနေပါတယ်။ ပင်လယ်ပြင်ရေပိုင်နက် သတ်မှတ်တဲ့အခါ ဘင်္ဂလားဒေ့ရှ်က စတုရမ်းကီလိုမီတာ တသိန်းတသောင်းကျော်ရရှိပြီး မြန်မာက တသိန်း (၇) သောင်းကျော်ရရှိတာမို့ မြန်မာဘက်က ကီလိုမီတာ (၆) သောင်းကျော် အသာရနေပါတယ်။ ကမ်းရိုးတန်းနဲ့လိုက်ပြီး အတတ်နိုင်ဆုံး အချိုးကျရရှိအောင် သတ်မှတ်တာဖြစ်တယ်လို့ စီရင်ချက်စာမျက်နှာ (၁၄၃) မှာ ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက သူတို့မှန်းထားတာထက် စတုရမ်းကီလိုမီတာ (၆) ထောင်ကျော်ပိုရလို့ အလွန်စိတ်ချမ်းသာစရာကောင်းတဲ့ စီရင်ထုံးဖြစ်ကြောင်း ပြောတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ (၂) နိုင်ငံစလုံး လိုချင်တာတွေ အကုန်မရတာကတော့ ထင်ရှားပါတယ်။
ခုံရုံးစီရင်ချက်မှာ (၂) နိုင်ငံစလုံး အမြတ်ထွက်တယ်လို့လည်း မပြောနိုင်ပါဘူး။ အငြင်းပွားနေတဲ့ ကမ်းလွန်ရေပြင်ကို နယ်နမိတ် သတ်မှတ်မှုကြောင့် တရုတ်နဲ့ တောင်ကိုရီးယားကို ပေးထားတဲ့လုပ်ကွက် ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲရောက်သွားတယ်လို့ ဧရာဝတီစာစောင်မှာ William Boot က မတ်လ (၂၀) ရက်နေ့က ရေးထားပါတယ်။ ဒါပေမဲ့ အစိုးရရှေ့နေချုပ် ဦးထွန်းရှင်ကတော့ မြန်မာ့ရေနံဓါတ်ငွေ့လုပ်ကွက်ကို မထိခိုက်ကြောင်း မတ်လ (၂၂) ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းပြကြောင်း အစိုးရသတင်းစာမှာ မတ်လ (၂၃) ရက်နေ့က ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကမ်းခြေက အိန္ဒိယနဲ့ မြန်မာကြားမှာညပ်ပြီး ခွက်ဝင်နေတာမို့ ရေပိုင်နက်မျှမျှတတဖြစ်ဖို့ ခုံရုံးက အဓိကထားပုံရပါတယ်။ ဒါကြောင့် ဒီ စီရင်ထုံးဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှုအတွက် အလွန်အရေးကြီးပါတယ်။ ပင်လယ်နယ်နမိတ်၊ အထူးစီးပွားရေးဇုန်နဲ့ ရေမိုင် (၂၀၀) ကမ်းလွန်ပင်လယ်၊ ရေမိုင် (၂၀၀) အပြင်က ကမ်းလွန်ပင်လယ်စတဲ့ အပိုင်း (၃) ပိုင်းကို ပထမဆုံးအကြိမ် နယ်နိမိတ် သတ်မှတ်ပေးနိုင်တာကြောင့် ပင်လယ်ကြမ်းပြင်မှာ အနှောင့်အယှက်မရှိ သယံဇာတ ရှာဖွေနိုင်တာကို အောင်ပွဲခံတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။