သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့စစ်မှုထမ်း ဥပဒေ


ပြည်သူ့စစ်မှုထမ်း ဥပဒေ
ပြည်သူ့စစ်မှုထမ်း ဥပဒေ

အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၁၇) ရက်နေ့ထုတ် နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြခဲ့ပြီးတဲ့နောက်ပိုင်း လက်မခံနိုင်ကြောင်း တုံ့ပြန်ပြောဆိုရေးသားသူ အတော်များနေတာ တွေ့ရပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်နိုင်တယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းရမှာကို မသမာတဲ့နည်းနဲ့ ရှောင်ရှားရင် ထောင် (၃) နှစ်နဲ့ ဒဏ်ငွေဆောင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။ ဒို့တာဝန်အရေး (၃) ပါးကို စောင့်ထိန်းဖို့ ပြဋ္ဌာန်းတာလို့ ဆိုပါတယ်။

၁၉ ရာစု ဥရောပမှာ အမျိုးသားနိုင်ငံတော်တည်ထောင်တဲ့ ဖြစ်စဉ်နဲ့အတူ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ အယူအဆ ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံအချင်းချင်း မကြာခဏ စစ်ဖြစ်နေချိန်မို့ နိုင်ငံသားတိုင်း စစ်မှုထမ်းတာဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်လို့ ယူဆကြပါတယ်။ နိုင်ငံခြားရန်ရှိတယ်လို့ ယူဆတဲ့ တိုင်းပြည်တွေ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရန်ကို ကာကွယ်ဖို့ ကျင့်သုံးတဲ့စနစ်ဟာ ပြည်တွင်းစစ်နဲ့ သင့်တော်ရဲ့လားဆိုတဲ့ စဉ်းစားစရာဖြစ်နေပါတယ်။

စစ်တပ်ကို လူ့အဖွဲ့အစည်းနဲ့ ပေါင်းစပ်ရာမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းတဲ့စနစ်ဟာ အကောင်ဆုံးဆိုတဲ့ အယူအဆရှိပါတယ်။ လူတန်းစားအသီးသီးက လူငယ်အားလုံးကို စစ်မှုထမ်းခိုင်းတာ စစ်တပ်နဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ပြည်သူပြည်သားတိုင်း နိုင်ငံတာဝန်ထမ်းဆောင်ရမယ့် သဘောဖြစ်တာမို့ စစ်မှုမထမ်းချင်တဲ့ နိုင်ငံသားတွေကို အခြားတာဝန် ထမ်းဆောင်ခိုင်းတာမျိုးလည်း ရှိပါတယ်။ ဥပမာ ဂျာမဏီနိုင်ငံမှာဆိုရင် စစ်မှုမထမ်းချင်သူတွေဟာ ဆေးရုံနဲ့ ဘိုးဘွားရိပ်သာလိုနေရာမျိုးတွေမှာ လူမှုဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ပြီး နိုင်ငံတာဝန်ကို ထမ်းဆောင်ရပါတယ်။ ဥရောပနိုင်ငံ အနည်းငယ်သာ ပြည်သူ့စစ်မှုထမ်းစနစ်ကို ကျင့်သုံးနေပါတယ်။

နိုင်ငံသားတိုင်း စစ်မှုထမ်းရတဲ့စနစ်ကို ကျင့်သုံးတယ် (ဒါမှမဟုတ်လည်း) ဖျက်သိမ်းတည်ဆိုတဲ့ ကိစ္စဟာ နိုင်ငံအသီးသီးရဲ့ Military Doctrine (ခေါ်) စစ်မှုထမ်းတဲ့ နိုင်ငံက တပမ်းသာတာကို ၁၉ ရာစု ဥရောပသမိုင်းမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ ဆန္ဒအလျောက် စစ်မှုထမ်းတာပိုပြီး အကျိုးရှိတယ်လို့ ယူဆပြီး စစ်မှုမထမ်းမနေရစနစ်ကို ၁၉၆၂ ခုနှစ်မှာ အင်္ဂလန်မှာ ဖျက်သိမ်းပြီး ၁၉၇၃ ခုနှစ်မှာ အမေရိကန်မှာ ဖျက်သိမ်းပါတယ်။ လူဦးရေနည်းပြီး ရန်လိုတဲ့ အာရပ်နိုင်ငံတွေ ပတ်လည်ဝိုင်းနေတဲ့ အစ္စရေးနိုင်ငံဟာ လူတိုင်း စစ်မှုထမ်းစနစ်ကို ကျင့်သုံးရပါတယ်။ အရွယ်ရောက်သူတိုင်း စစ်ပညာတတ်ထားတဲ့အတွက် အစ္စရေးဟာ မိမိထက်လူအင်အားများတဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေကို တွန်းလှန်နိုင်တာ ဖြစ်ပါတယ်။ စစ်အေးခေတ် ကုန်ဆုံးသွားတဲ့အခါ ဥရောပမှာ စစ်သဘောတရား ပြောင်းလဲသွားပေမယ့် အစ္စရေးမှာတော့ နိုင်ငံသားတိုင်း စစ်မှုထမ်းတဲ့အကျိုးကို ခံစားနေရပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းတဲ့ကိစ္စမှာ ရည်ရွယ်ချက်နဲ့ စစ်သဘောတရားကို သုံးသပ်ဖို့ လိုပါတယ်။ လွတ်လပ်ရေးရစမှာ ဗမာစစ်တပ်ဟာ တရုတ်ကွန်မြူနစ်ကို ရန်သူအဖြစ် သတ်မှတ်ပါတယ်။ တရုတ် ကွန်မြူနစ်ကို နယ်စပ်မှာ ခုခံနိုင်ဖို့ဆိုတဲ့ ရေရှည်ရည်ရွယ်ချက်တဲ့ စစ်တပ်ကို ပြင်ဆင်ခဲ့ပါတယ်။ နောက်တော့ စစ်သဘောတရားပြောင်းသွားပြီး ပြည်တွင်းက လက်နက်ကိုင်ကို ရန်သူအဖြစ် သဘောထား တိုက်ခိုက်နေပါတယ်။ ဒီလိုအခြေအနေမှာ လူတိုင်းစစ်မှုထမ်းတဲ့စနစ် ပြဋ္ဌာန်းတာဟာ ပြည်ပရန်ကို ကာကွယ်ဖို့မဟုတ်ဘဲ ပြည်တွင်းရန်ကို နှိမ်နှင်းဖို့သာ ဖြစ်ဖွယ်ရှိပါတယ်။ လူအင်အား၊ လက်နက်အင်အား အများအပြားအသုံးပြုပြီး ပြည်တွင်းက လက်နက်ကိုင်တော်လှန်ရေးကို အပြတ်နှိမ်နှင်းဖို့ ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်စရာ အလားအလာရှိတဲ့ နောက်တချက်ကတော့ စစ်တပ်ကအာဏာသိမ်းမှာ စိုးရိမ်တဲ့အတွက်လည်း စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းနိုင်တယ်ဆိုတဲ့အချက်ပါ။ ၁၉၅၈ ခုနှစ်မှာ ပထမအကြိမ် စစ်အာဏာသိမ်းပြီးတဲ့နောက် ၁၉၆၀ ခုနှစ်ပြည့်နှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဦးနုရဲ့ ပြည်ထောင်စုပါတီ (ပထစ) အနိုင်ရပြီး အစိုးရဖွဲ့ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းမှာကို ဟန့်တားနိုင်ဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေ National Service Act ကို ပြဋ္ဌာန်းဖို့ ဦးနုအစိုးရထဲမှာ စဉ်းစားခဲ့ဖူးကြောင်း သိရပါတယ်။

ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနက ပထစ အစိုးရကာကွယ်ရေးဝန်ကြီးဟောင်းကို ၁၉၉၀ ခုနှစ်ပြည့်နှစ် သြဂုတ်လမှာ တွေ့ဆုံမေးမြန်းလို့ သိလိုက်ရတဲ့ အထောက်အထားတခု ဖြစ်ပါတယ်။ လူတိုင်းစစ်ပညာတတ်နေရင် စစ်သည်အင်အားကို လျှော့ချပြီး လေ့ကျင့်ရေးတပ်လောက်ကိုသာထားဖို့ ရည်ရွယ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်ပိုင်းရဲ့ သြဇာအာဏာလျှော့နည်းသွားအောင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး စစ်တပ်အင်အားလျှော့ချဖို့ စီစဉ်တာကို စစ်ခေါင်းဆောင်ပိုင်းက မကျေနပ်တာဟာလည်း ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းရတဲ့အကြောင်းတခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီပြဿနာဟာ တပြည်လုံးနဲ့ သက်ဆိုင်တာမို့ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ဖို့ လိုပါတယ်။

XS
SM
MD
LG