အမေရိကန် နယူးဂျာစီပြည်နယ် အထက်လွှတ်တော်အမတ် Bob Menendez ဟာ နယူးဂျာစီလုပ်ငန်းရှင် ၃ ယောက်ဆီက ငွေ၊ ရွှေ နဲ့ ဇိမ်ခံကားတစီး လာဘ်ယူခဲ့တာကြောင့် အပြစ်ရှိကြောင်း အင်္ဂါနေ့က ဆုံးဖြတ်လိုက်ပါတယ်။ နယူးယောက်မြို့ ဖက်ဒရယ်တရားရုံးမှာ ဂျူရီအဖွဲ့က ခုလို ဆုံးဖြတ်လိုက်တာပါ။
Bob Menendez ဟာ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မီတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ သူဟာ သူ့မိတ်ဆွေတွေကို ရာဇဝတ်ကြောင်းအရ အစစ်ဆေး မခံရအောင် သူ့ရဲ့အာဏာကို အသုံးပြုကာကွယ်ခဲ့ပြီး သူ့လူတွေ ချမ်းသာလာအောင် လုပ်ပေးခဲ့တယ်လို့ တရားလို အစိုးရရှေ့နေတွေက စွပ်စွဲခဲ့တာပါ။ သူ့လုပ်ဆောင်ချက်တွေထဲမှာ အီဂျစ်ထောက်လှမ်းရေးတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တာနဲ့ အမေရိကန်စစ်ရေးအကူအညီ အီဂျစ်ကသန်းချီရဖို့ကူညီခဲ့တယ်လို့လည်း ဆိုပါတယ်။
သူက တရားရုံးကို လာရောက်အစစ်မခံဘဲ လွှတ်တော်ကော်မီတီဥက္ကဋ္ဌအလုပ်ကို လုပ်တာသာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အိမ်မှာ ဖက်ဒရယ်စုံစမ်းရေးဗျူရို (FBI) က ရှာဖွေတွေ့ရှိတဲ့ ဒေါ်လာတသိန်းခွဲတန်ဖိုးရှိရွှေချောင်းတွေက သူ့ဇနီးပိုင်ဖြစ်တယ်လို့ မစ္စတာ Menendez ကတော့ ပြောပါတယ်။ ရွှေချောင်းတွေနဲ့အတူ ငွေသားလည်း တွေ့ရှိခဲ့ပါတယ်။ သူ့ဇနီး Nadine Menendez ကိုလည်း အမှုစွဲဆိုခဲ့ပေမဲ့ ရင်သားကင်ဆာခွဲစိတ်ခံရပြီး နာလန်ထချိန်မို့ သူမရဲ့အမှုကို နောက်ဆုတ်ပေးထားခဲ့ပါတယ်။
Forum