ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာလေလံပွဲမှာ ပြင်သစ်မိဖုရား Marie Antoinette မာရီအန်တွိုင်းနက်နဲ့ ဆက်စပ်မှုရှိတဲ့ စိန်လည်ဆွဲတကုံးကို ဒေါ်လာ ၄.၈၁ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
"လေလံပွဲက တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ ပြထားတဲ့ပစ္စည်းတွေအပေါ် စျေးကွက်က တုံ့ပြန်မှုကောင်းတာ မြင်ရလို့ ဝမ်းသာရပါတယ်။ သမိုင်းဝင် လက်ဝတ် ရတနာတွေ အတွက် အထူးသီးသန့်စျေးကွက် ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဘာလို့လဲဆိုရင် လူတွေက ပစ္စည်းကိုတင် ဝယ်နေတာမဟုတ်ပါဘူး၊ အဲဒီပစ္စည်းနဲ့ပါလာတဲ့ သမိုင်းကို ဝယ်ကြတာပါ" လို့ Sotheby ဆော်သဘီလေလံဂေဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်း လက်ဝတ်ရတနာ ဌာနက ဥက္ကဋ္ဌ အွန်ဒရေ ဝှိုက်ကော်ရီးယယ် Andres White Correal က ပြောပါတယ်။
"လေလံပွဲရလဒ်တွေကို ကျွန်တော်တို့ အရမ်းကျေနပ်ပါတယ်။ ဝယ်သွားတဲ့သူလည်း အထူးကို ပျော်သွားတယ်။ သူက လေလံမနိုင်နိုင်အောင်လုပ်ဖို့ ပြင်ထားတာ။ ရလည်းရသွားတယ်။ ၁၈ ရာစုခေတ်က လည်ဆွဲတခုက အခုခေတ် ဝတ်လို့မရတော့ဘူးလို့ ထင်စရာရှိပေမဲ့ သေချာဝတ်မှာ၊ ချစ်မြတ်နိုးပြီးကို ဝတ်ဆင်မှာပါ” လို့ လည်း ပြောသွားတာပါ။
အာရှက ပုဂ္ဂလိကစုဆောင်းသူတယောက်က ရောင်းချခဲ့တဲ့ ဂျော်ဂျီယန်ခေတ်က စိန် ၃၀၀ ကာရက်နဲ့ လည်ဆွဲက အချိန်အကြားကြီး လေလံ အပြိုင်လုခဲ့ရပြီး ဆော်သဘီက မှန်းထားတဲ့ ဒေါ်လာ ၂.၂ သန်းကျော်ထက်တောင် ပိုဈေးရသွားတာဖြစ်ပါတယ်။
ဒီလည်ဆွဲမှာပါတဲ့ စိန်တွေထဲက တချို့က မာရီအန်တွိုင်းနက်ရဲ့ လည်ဆွဲကနေ လာတာဖြစ်နိုင်တယ်လို့ ဆော်သဘီးက ဒီလထဲမှာ ပြောပါတယ်။ ဩစတြီးယားတော်ဝင်မိသားစုဝင်ဖြစ်ပြီး ပြင်သစ်ဘုရင် လူဝီ ၁၆ ရဲ့ ဇနီးဖြစ်လာတဲ့ မာရီအန်တွိုင်းနက် နန်းကျချိန်မှာ ပြဿနာတွေ ပိုဆိုးစေတာနဲ့ ပတ်သတ်နေတဲ့ စိန်တွေ ဖြစ်ပါတယ်။ ဘုရင်ကြီးရော၊ မိဖုရားရော ပြင်သစ်တော်လှန်ရေးကာလ ၁၇၉၃ ခုနှစ်မှာ ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရပါတယ်။
ဒီစိန်လည်ဆွဲကိစ္စဟာ ၁၇၈၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ "စိန်လည်ဆွဲအရှုပ်တော်ပုံ" ရဲ့ အဓိကဇာတ်ကောင်ပါ။ အဲဒီတုန်းက ငွေကြေးကျပ်တည်းနေတဲ့ မင်းမျိုးမင်းနွယ်အမျိုးသမီးဖြစ်တဲ့ Jeanne de la Motte ဂျန်းဒီလာမော့က သူ့ကိုယ်သူ ပြင်သစ်မိဖုရားလို့ အယောင်ဆောင်ပြီး မိဖုရားနာမည်နဲ့ ငွေမပေးဘဲ လည်ဆွဲကို အရယူခဲ့ပါတယ်။
နောက်ပိုင်းမှာ တရားရုံးက ဒီကိစ္စနဲ့ မာရီအန်တွိုင်းနက် မဆိုင်ဘူး၊ သူ့မှာ တာဝန်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် သူ တရားလွန် အဆောင်အယောင်များတာတွေကို စိတ်ဆိုးနေတဲ့ လူထုရဲ့ ဆန့်ကျင်မှုကို မလျှော့ပါးစေခဲ့ပါဘူး။ ဒါ့ကြောင့်ဒီကိစ္စက ပြင်သစ်တော်လှန်ရေးမီး ပိုတောက်လောင်စေပြီးနဲ့ ပြင်သစ်ဘုရင်စနစ် ပြုတ်ကျစေခဲ့တဲ့ အကြောင်းတွေထဲက တချက် ဖြစ်လာခဲ့ပါတယ်။
တော်လှန်ရေးပြီးတဲ့နောက်မှာ စိန်လည်ဆွဲအရှုပ်တော်ပုံနဲ့ ပတ်သတ်တဲ့ စာပေနဲ့ ရုပ်ရှင်ကားတွေ အများကြီး ထွက်ခဲ့ပါတယ်။
၁၇၇၀ ခုနှစ်ဝန်းကျင်က ဖန်တီးခဲ့တဲ့ မူရင်းလည်ဆွဲက စိန်တွေကို မှောင်ခိုစျေးကွက်မှာ တစစီပိုင်းရောင်းခဲ့လို့ နောက်ကြောင်းလိုက်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် စိန်တွေရဲ့ အရည်အသွေးနဲ့ သက်တမ်းက မူရင်းလည်ဆွဲကပဲ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လည်ပတ်ပဝါပုံဖန်တီးထားတဲ့ ဒီလည်ဆွဲက ဖြန့်ဝတ်လို့ရသလို ရှေ့မှာ ထုံးဝတ်လို့လည်းရပါတယ်။ ယခင်ပိုင်ရှင်တွေထဲမှာ ဗြိတိန်က Marquess of Anglesey အန်ဂယ်ဆီ နယ်စားလည်း ပါခဲ့ပြီး၊ သူ့မိသားစုထဲက တယောက်က ဒုတိယမြောက်အဲလီဇဘက် ဘုရင်မကြီးရဲ့ နန်းတက်ပွဲမှာ ဝတ်ဆင်ခဲ့တယ်လို့ ဆော်သဘီက ဆိုပါတယ်။
ဒီလည်ဆွဲလေလံအောင်သွားတဲ့သူက အထူးကို ပျော်ရွှင်နေတယ်လို့ လေလံဂေဟာက ပြောပါတယ်။ "သူက သိပ်လှတဲ့စကားတခွန်း ကျွန်တော့်ကို ပြောသွားတယ်။ ဒီလည်ဆွဲကို လေလံအောင်တာ ကျွန်မ သိပ်ကိုပျော်တယ်။ ဒါပေမယ့် ကျွန်မက ပိုင်ရှင် မဟုတ်ပါဘူး၊ နောက်ပိုင်ရှင်တယောက် မရောက်လာခင်အထိ ကြားထဲက ထိန်းသိမ်းစောင့်ရှောက်ပေးမဲ့သူပဲ ဖြစ်ပါတယ်” လို့ လေလံဂေဟာ ဥက္ကဋ္ဌ ဝှိုက်ကော်ရီးယယ်က ပြန်ပြောပြသွားခဲ့ပါတယ်။
Forum