NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ လက်နက်ဖြုတ်သိမ်းဖို့ တပ်မတော်ဖက်က လိုလားနေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်ကတော့ ဒီအချက်ကို လက်ရှိအချိန်မှာ လက်မခံနိုင်သေးဘူး လို့ပြောနေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးကိစ္စမှာ အစိုးရ တပ်မတော်နဲ့ NCA လက်မှတ်ထိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေတာပါ။ ဒီအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က မေလ ၂၇ နဲ့ ၂၈ ရက်နေ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီကွဲလွဲချက်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က စုံစမ်းမေးမြန်း သတင်ေးပးပို့ထားပါတယ်။
၂၁ရာစုပင်လုံအစည်းအဝေးကို တတိယအကြိမ်ပြုလုပ်နိုင်ဖို့ ကြိုးစားနေတုန်းမှာပဲ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တပ်မတော်၊ အစိုးရ သုံးပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံပွဲကို နေပြည်တော်မှာ မေလ ၁၈ ရက်နေ့က ကျင်းပခဲ့ရာမှာ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တပ်တွေကိုဖျက်သိမ်းပေးဖို့ ပြောဆိုတာမျိုး ရှိခဲ့တဲ့အတွက် တပ်မတော်မှာ ဒီမိုကရေစီစံနှုန်းတွေ မရှိသေးတာကြောင့် လက်နက်ကိုင် တပ်တွေဘက်က ဖျက်သိမ်းရေးကို လက်ခံမှာ မဟုတ်ဘူးလို့ မွန်ပြည်သစ်ပါတီရဲ့ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက အခုလိုပြောပါတယ်။
“အစိုးရတပ်ဘက်ကတော့ သူတို့ကတော့ ဒီ လက်ရှိတပ်မတော်ကိုပဲ မပြုပြင်ချင်ဘူးဆိုတဲ့သဘောမျိုး ရှိနေတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့မြင်တာက လက်ရှိတပ်မတော်က ဒီမိုကရေစီ မဆန်ဘူးပေါ့ဗျာနော်။ နောက်ပြီးတော့မှ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကလည်း ဘာမှအာမခံချက်မရှိသေးဘူး။ အဲဒီတော့ အဲလိုအနေအထားမျိုးမှာ ကျွန်တော်တို့တပ်တွေ ဖျက်သိမ်းရမယ်ဆိုရင်လည်း တိုင်းရင်းသားတွေဘက်က ဘယ်သူမှလက်မခံချင်ဘူးဗျ။ တစ်ဘက်ကလည်း ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီပုံစံ မဟုတ်သေးဘဲနဲ့ပေါ့နော် အမည်ခံဒီမိုကရေစီပဲ ဖြစ်ပြီးတော့မှ စစ်တပ်ကအာဏာတွေ အများကြီးယူထားတယ်။ အဲဒီပုံစံမျိုးကို ကျွန်တော်တို့က လက်မခံနိုင်သေးဘူးဗျာ။”
အဲဒီဆွေးနွေးပွဲမှာ ၂၁ရာစုပင်လုံညီလာခံရဲ့ နိုင်ငံရေးကဏ္ဍမှာပါတဲ့ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ အချက်ကို တပ်မတော်ဘက်က ထည့်သွင်းထားတာနဲ့ ပတ်သတ်ပြီးတော့လည်း တပ်မတော်နဲ့ တိုင်းရင်းသားတွေ သဘောထားမတူတာတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီအချက်က လာမယ့်ပင်လုံညီလာခံအတွက်လည်း အဟန့်အတား ဖြစ်နိုင်တယ်လို့ ဦးနိုင်ဟံသာကဆက်ပြောပါတယ်။
“ကျွန်တော်တို့ဘက်က နားလည်တာက ဖက်ဒရယ်ဆိုတာ ပူးပေါင်းရေးပဲ။ ဖက်ဒရယ်မူထဲမှာ ခွဲမထွက်ရဘူး၊ ခွဲထွက်လို့ ရတယ်ဆိုတဲ့ဟာတွေ ထည့်ဖို့မလိုဘူး။ အဓိကကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အားလုံးက ရည်ရွယ်ထားတယ်။ တို့ တိုင်းရင်းသားတွေဘက်ကလည်း လုံးဝခွဲမထွက်ရဘူးဆိုတဲ့ ကန့်သတ်ချက်မျိုး ထည့်ထားမယ် ဆိုရင် တစ်ချိန်ချိန်မှာပေါ့ဗျာ ကဲ ကျွန်တော်တို့ပြောတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကန့်သတ်လာမယ်၊ တစ်မျိုးမျိုး လုပ်လာမယ် နောက် ကျွန်တော်တို့ တိုင်းရင်းသားတွေ အခွင့်အရေးကို အမျိုးမျိုးလုပ်လာမယ် ပြည်နယ်တွေပေါ်မှာ တစ်မျိုးမျိုးဖိနှိပ်လာမယ်ဆိုရင် ဒီအတိုင်းပဲကျွန်တော်တို့ ငုံ့ခံနေရမယ်ဆိုတဲ့ အနေအထားမျိုး ဒါကလည်း မဖြစ်သင့်ဘူးလေ။ အမှန်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပုံစံ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ပုံစံ အဲဒါကိုဖော်ရင် ဘယ်သူမှလည်း ခွဲထွက်ဖို့ ဦးမတည်ပါဘူး။ ဒါကလည်း ထည့်ဖို့လည်း မလိုလောက်ဘူးလို့ ထင်ပါတယ်။”
၁၉၄၇ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ပြည်ထောင်စုမှခွဲထွက်ခွင့် ဆိုတဲ့ နိုင်ငံရေးအာမခံချက်ကြောင့် ပြည်ထောင်စု တည်ဆောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က သဘောထားကြေငြာချက် ထုတ်ပြန်ထားပါတယ်။ လက်ရှိအခြေအနေမှာ တိုင်းရင်းသားတွေအနေနဲ့ ခွဲထွက်ခွင့်ဆိုတဲ့ စကားလုံးထက် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လိုလားနေကြောင်း ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဒုဥက္ကဌ ဦးခွန်မြင့်ထွန်းကပြောပါတယ်။
“ခွဲမထွက်ရေးဆိုတာနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ တိုင်းရင်းသားတွေကြားမှာလည်း ညှိနှိုင်းထားတာပေါ့လေ။ တချို့ကလည်း ခွဲမထွက်ဘူးဆိုတာလည်း မပြောတော့ဘူး၊ ခွဲထွက်မယ်ဆိုတာလည်း မပြောတော့ဘူး ဒီတိုင်းပဲထား။ ဘာမှထပ်ပြောစရာမလိုတဲ့ ကိစ္စလို့ ကျွန်တော်အဲလိုမြင်တယ်။ ဒါကျွန်တော်တို့ဘက်က အမြင်ပေါ့။ ဒါမှမဟုတ် ခွဲမထွက်ရဘူးဆိုတာကို တရားဝင်ထုတ်ပြန်ရမယ်ဆိုရင် တစ်ဖက်က ကျွန်တော်တို့ကလည်းလိုချင်ထားတာ ဖက်ဒရယ် ပြည်ထောင်စုကတော့ အပြည့်အဝဖြစ်ရမယ် စသဖြင့် ကျွန်တော်တို့က ဒါကတော့ညှိနှိုင်းသွားရမှာပါလို့။ ပင်လုံမှာ အခြေခံမူငါးချက်ရှိပါတယ်။ ခွဲထွက်လိုက ခွဲထွက်ခွင့်အပါအဝင်ပေါ့။ ပြည်ထောင်စုစနစ်ဖြစ်ရမယ် အဲဒီအချက်ငါးချက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပအို့အမျိုးသားအဖွဲ့ရဲ့ သဘောထားအလိုရ ပြောရရင်တော့ ကျွန်တော်တို့က ခွဲမထွက်ဘူး ဆိုတာကို ရဲရဲပြောပြီးတော့ ပင်လုံရဲ့အနှစ်သာရ ပြည်ထောင်စုစစ်စစ်ဖြစ်ရမယ် အပါအဝင် အချက်လေးချက်ကို ကျွန်တော်ကရဲရဲလိုချင်တာပေါ့။”
တိုင်းရင်းသားတွေအနေနဲ့ လက်ရှိကျင်းပနေတဲ့ ၂၁ရာစုပင်လုံညီလာခံတွေမှာ ပြည်တွင်းပြဿနာတွေကို စစ်ရေးနည်းလမ်းမသုံးဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အပါအဝင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူ (၉)ချက်ကို ဖော်ဆောင်ပေးဖို့ သဘောထားထုတ်ပြန်ထားပါတယ်။