သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်မဟာမိတ် ဖွဲ့စည်းမှုမှာ မပါဝင်ကြောင်း PNLO ပအိုဝ်းအဖွဲ့ကြေညာ


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကို ဆီဆိုင်မြို့မှာတွေ့ရစဉ်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကို ဆီဆိုင်မြို့မှာတွေ့ရစဉ်

NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို ၂ ရက်တာ ကျင်းပပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ ( 7 EAO Alliance) ကို ဖွဲ့စည်းခဲ့ ပါတယ်။ ဒီလိုဖွဲ့စည်းပြီးချိန်မှာပဲ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က သူတို့ ပါဝင်ခြင်း မရှိကြောင်း ကြေညာလိုက်ပါတယ်။ ဒီသတင်းကို ကိုစည်သူက တင်ပြထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ (7 NCA-S- EAO Summit) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပဖို့ ပြင်ဆင်ထားခဲ့ရာက ဒီလ ၁၈ ရက်နေ့မှာ အစည်းအဝေး ပြီးဆုံးခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ အဓိက ဆွေးနွေးဆုံးဖြတ်ခဲ့တာက NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ကို တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ ( 7 EAO Alliance) အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကျော်ညွှန့် က VOA ကို အခုလို ပြောပါတယ်။

“ ကျနော်တို့ 7 EAO Summit ခေါ်ရတဲ့ ရည်ရွယ်ချက်ကလည်းပဲ အဓိကကတော့ ကျနော်တို့ စုဖွဲ့မှုအသစ်နဲ့ ရှေ့ဆက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အတူတကွ သွားလို့ ရအောင် ရည်ရွယ်ပြီးတော့ ခေါ်ခြင်းဖြစ်တယ်။ အဲဒါကို အတည်ပြုချက်ရယူနိုင်ဖို့ အတွက်ပေါ့လေ။ မနေ့တနေ့ ပြုလုပ်တဲ့ မျက်နှာစုံညီအစည်းအဝေးမှာ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေ ရှေ့မှာပဲ ကျနော်တို့က အပြန်အလှန်ညှိနှိုင်းဆွေးနွေးပြီးတော့ ဒါ ၇ဖွဲ့အတွက် အတူတကွ ရှေ့ဆက်သွားမယ့် စုဖွဲ့မှု အသစ်အနေနဲ့ ကျနော်တို့ အတည်ပြုလိုက်နိုင်ခဲ့တယ်ဆိုတာကတော့ အဓိက အကြောင်းအရာဖြစ်ပါတယ်ခင်ဗျ။ ”

၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးပြီးနောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကို ဖွဲ့စည်းခဲ့တာပါ။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ PPST မှာပါဝင်တဲ့ အဖွဲ့ ၁၀ ဖွဲ့ မစုံလင်တော့တာကြောင့် အချိန် ၄လတာ ပြင်ဆင်ပြီး 7 EAO Alliance ကို အသစ်ဖွဲ့စည်းခဲ့တာပါ။

အသစ်ဖွဲ့စည်းလိုက်ပေမဲ့ မူလ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ အပြောင်းအလဲမရှိဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့၊ လက်ရှိ ပဋိပက္ခ ကာလမှာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ လူသားချင်းဆိုင်ရာ စာနာမှု အကူအညီပေးရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေကို အဓိက ထားကြောင်းလည်း ပြောပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ ( 7 EAO Alliance) ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA- PC ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ ပါဝင်တာဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဗိုလ်ချုပ်ခွန်သူရိန်က က အသစ်ဖွဲ့စည်းလိုက်တဲ့ မဟာမိတ်အဖွဲ့မှာ သူတို့ မပါဝင်ကြောင်း ပြောဆိုပါတယ်။

“ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ PNLO က ပြီးခဲ့တဲ့ တလ ကျော်ကတည်းက စစ်ရေးပဋိပက္ခ တွေ စဖြစ်တဲ့ကာလ ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါကျတော့ အခုသွားတဲ့ ၇ဖွဲ့ အစည်းအဝေးမှာလည်း ကျနော်တို့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဆိုလိုတာကတော့ ဗဟိုကော်မတီ ဆုံးဖြတ်ချက် မပါတဲ့အခါကျတော့ ၇ဖွဲ့ ဖွဲ့တဲ့ ကိစ္စမှာ ကျနော်တို့ PNLO က ပါဝင်ခြင်းမရှိဘူးလို့ဘဲ ကျနော် ပြောချင်ပါတယ်။ ”

EAO ၇ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို PNLO နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက ဦးဆောင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
PNLO/ PNLA အဖွဲ့ဟာ စစ်ကောင်စီနဲ့ PNA ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ဇန်နဝါရီလ ၂၂ရက်နေ့ ကတည်းက ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာလည်း ဖြစ်ပါတယ်။ PNLO ဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသလို လက်ရှိ စစ်ကောင်စီနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အဖွဲ့ ၁၀ဖွဲ့မှာလည်း တဖွဲ့ အပါအဝင် ဖြစ်ပါတယ်။

လတ်တလောတိုက်ပွဲတွေ ပြန်ဖြစ်ပြီးတဲ့နောက် NCA အပေါ်သဘောထားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် အခြေအနေမှာတော့ ဗိုလ်ချုပ်ခွန်သူရိန်က အခုလို ဆက်ပြောပါတယ်။

“ NCA ကတော့ သူ့ရဲ့ စာချုပ်အတိုင်းတော့ ရှိနေမှာပေါ့လေ။ အဲတော့ NCA စာချုပ်ပါ အချက်တွေဟာ နိုင်ငံရေးရဲ့ ရလဒ်ကောင်းကို အဖြေမထုတ်ပေးနိုင်ဘူးဆိုတဲ့ အနေအထားတော့ ဖြစ်သွားမှာပေါ့။ ဒီကိစ္စကတော့ တတိုင်းပြည်လုံးမှာပဲ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အလှည့်အပြောင်းပေါ်မှာပဲ မူတည်ပါတယ်လို့ပဲ ကျနော်ပြောချင် ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံရေးနဲ့ PNLO ရဲ့ ရပ်တည်ချက်ကိုလည်း အခုလို ပြောဆိုပါတယ်။

“ အခုဖြစ်နေတဲ့ ပဋိပက္ခက ၂၀၂၀ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ ပိုမိုကြီးကျယ်လာတယ်လို့ပဲ ပြောရမှာပဲဖြစ်ပါတယ်။ အခုဒီ စစ်ရေးပဋိပက္ခတွေ၊ဖိနှိပ်မှုနဲ့ တော်လှန်မှုတွေဖြစ်ပေါ်လာတာက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်နေတဲ့ ကိစ္စရပ်ပဲဖြစ်ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ တော်လှန်မှုတွေကို ပပျောက်စေချင်တယ်ဆိုရင်တော့ ဖိနှိပ်မှုကင်းစင်တဲ့ တိုင်းပြည်တခုဖြစ်အောင်တော့ တည်ဆောက်ဖို့ လိုပါတယ်။ ကျနော်တို့လည်းပဲ ဖိနှိပ်မှုကင်းစင်ပြီးတော့မှ တိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ လူတိုင်းလူတိုင်းက၊ လူမျိုးစုတိုင်းက တန်းတူတဲ့အခွင့်အရေး ရရှိဖို့အတွက်ကိုတော့ ကျနော်တို့ဆက်လက်ပြီးတော့မှ တိုက်ပွဲဝင်သွားအုံးမှာပဲဖြစ်ပါတယ်လို့ပဲ ပြောချင်ပါတယ်ခင်ဗျ။ ”

မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ ၂၀လောက်ရှိတဲ့အနက်မှာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို အဖွဲ့ ၁၀ဖွဲ့က လက်မှတ်ရေးထိုးထားတာပါ။

၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်မှာတော့ ပင်မ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့နဲ့ စစ်ကောင်စီတပ်အကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျင်းပတဲ့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ ၁၁ကြိမ်မြောက် ညီလာခံအပြီးမှာ NMSP ခေါင်းဆောင်တချို့က မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ဆိုတဲ့အမည်နဲ့ အဖွဲ့အစည်းတခုကို ထူထောင်ပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG