သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲ ဝါရီဆူးပလိုင်ကျေးရွာကို စစ်ဇုံအဖြစ် PDF သတ်မှတ်


PDF ဘက်က စစ်ဇုံသတ်မှတ်လိုက်တဲ့ ဝါရီဆူးပလိုင်ကျေးရွာရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်။ (Crd: MIMU)
PDF ဘက်က စစ်ဇုံသတ်မှတ်လိုက်တဲ့ ဝါရီဆူးပလိုင်ကျေးရွာရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်။ (Crd: MIMU)

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့လက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဝါရီဆူးပလိုင်ကျေးရွာကို စစ်ဇုံအဖြစ် သတ်မှတ်လိုက်တာမို့ အသွားအလာမလုပ်ဖို့ မိုးဗြဲ PDF က မနေ့က သတိပေးထုတ်ပြန်ပါတယ်။ အဲ့ဒီကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲအခြေချထားတာကြောင့် ဒေသခံတွေ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ မလုပ်ဆောင်နိုင်ဘဲ ဘေးထွက်ရာကို ထွက်ပြေးနေကြရပါတယ်။ အလားတူ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက တိုက်ပွဲဖြစ်ခဲ့တဲ့ လွယ်ပေါရွာ၊ လဟယ်ရွာတကျောမှာ စစ်ကောင်စီက တပ်စွဲထားပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ရှောင်နေရတာမို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် နောက်လာမယ့်နှစ်တွေမှာ စားနပ်ရိက္ခာအတွက် ပိုမိုခက်ခဲလာမယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာပါ။

ပြီးခဲ့တဲ့ မေလက တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့ ဝါရီဆူးပလိုင်ကျေးရွာကို စစ်ဇုံအဖြစ် သတ်မှတ်လိုက်ပြီမို့ ဇွန်လ ၂၈ ရက်ကနေစပြီး မည်သည့်ပြည်သူ၊ မည်သည့်အဖွဲ့အစည်းမဆို အသွားအလာမလုပ်ဖို့ မိုးဗြဲ PDF က မနေ့က သတိပေးထုတ်ပြန် ပါတယ်။ လိုက်နာမှုမရှိဘဲ ဆက်လက် သွားလာနေမယ်ဆိုရင် မိုးဗြဲ PDF အနေနဲ့ လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒေသခံတွေ လယ်ယာစိုက်ပျိုးလုပ်ငန်းတွေ မလုပ်ကိုင်နိုင်အောင် လယ်ယာဧက ၁,၀၀၀ ကျော်ရှိတဲ့ ဝါရီဆူးပလိုင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ တပ်စွဲအခြေချထားကြောင်းနဲ့၊ အဲဒီ စစ်ကောင်စီတပ်ကို ရိက္ခာဖြတ်တောက်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဝါရီဆူးပလိုင်ကျေးရွာမှာ လချီနဲ့ကြာ တပ်စွဲအထိုင်ချထားဆဲဖြစ်ပြီး ကျေးရွာတွေမှာ မိုင်းထောင်ထားသလို အရပ်သားပြည်သူတွေ သွားလာတာတွေ့ရင် ပစ်ခတ်နေတယ်လို့ မိုးဗြဲစစ်ရှောင်ကူညီနေသူ တဦးက ပြောပါတယ်။

“တပ်စွဲထားတာတော့ ကြာပါပြီ။ ၃ လ ၄ လနီးပါးရှိပါပြီ။ လွန်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲကပေါ့နော်၊ ဝါရီဆူးပလိုင် ၂ လပိုင်းကတည်းကနေပေါ့။ အခုထိ စစ်ကောင်စီက အဲ့မှာတပ်စွဲတုန်းပါပဲ။ အဲ့ဒါ နောက်အများပြည်သူ သွားလာမလုပ်ဖို့တွေ အဲ့လိုမျိုးပေါ့နော်၊ (PDF က) သူတို့ထုတ်ပြန်ထားတာတွေပေါ့၊ သွားလာတာလုပ်ခဲ့မယ်ဆိုရင် တာဝန်ယူမှာမဟုတ်ကြောင်းပေါ့နော်၊ ဘာလို့လဲဆို စစ်ဇုံလည်းဖြစ်နေတဲ့အခါ စစ်ကောင်စီလည်း အဲ့မှာ သူတို့မိုင်းဆင်ထားတာတွေ ရှိတယ်၊ နောက်အနီးအနားသွားလာတဲ့ ပြည်သူတွေ သူတို့ပစ်ခတ်တာတွေလည်း ရှိတယ်ပေါ့။ အဲ့ဒါကြောင့်မလို့ (PDFက) သူတို့စာထုတ်ပြန်တာဖြစ်မယ်။”

မိုးဗြဲမြို့ ဝါရီဆူးပလိုင်ကျေးရွာတဝိုက်ဟာ ဆန် စပါးအထွက်ဆုံးနေရာတွေ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေမှာ တပ်စွဲနေထိုင်တာတွေကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးသလို လယ်ယာလုပ်ငန်းလည်း မလုပ် နိုင်ဘူးလို့ မိုးဗြဲစစ်ရှောင်ကူညီနေသူက ပြောပါတယ်။ လာမယ့်နှစ်တွေအတွက် ဆန် စပါးအထွက်နှုန်းကျဆင်းလာမှာဖြစ်ပြီး စာနပ်ရိက္ခာအတွက်လည်း အခက်အခဲပိုဖြစ်လာမယ်လို့ ပြောပါတယ်။

“မိုးဗြဲက ထွက်တဲ့ ဆန် စပါးတွေကကျတော့ အဓိက အများအဖြစ်ထွက်တာက ဒီဝါရီဆူးပလိုင်ဘက်ကနေ ထွက်တာများတယ်။ အခု ဝါရီဆူးပလိုင်က ရွာပြန်မရခြင်းအားဖြင့်ပေါ့၊ မိုးဗြဲက ဆန် စပါးအထွက်တွေလည်း တော်တော်လေးကျတယ်ပေါ့နော်။ လုပ်လို့ မရတော့ဘူးပေါ့၊ တချို့က လုပ်လို့ရတယ်၊ ဒါမယ့် ဝါရီဆူးပလိုင် ဘက်က လုံးဝလုပ်လို့မရတာ။ အဲ့ဒါကြောင့် ဒီနှစ် လယ်ကျတော့ သုံးချိုး တချိုးလောက်ပဲပေါ့။ ကျနော်အရင်ပြောထားတဲ့အတိုင်း အဲ့လောက်ပဲ လုပ်နိုင်မယ်လို့ ထင်တယ်။ အကုန်လုံးအခက်အခဲရှိတယ်ပေ့ါ။ ဒီငွေရေးကြေးရေးမပြောနဲ့ အဝတ်အစားကနေစပေါ့ဗျာ။ ထမင်း ဟင်းချက်ဖို့ အိုးတွေပေ့ါ၊ တဲထိုးဖို့ မိုးကာတွေကအစရယ်၊ ပြီးတော့ သူတို့ ဖျားနာမယ်လည်း ဆေးဝါးကုသမှုစရိတ်တွေပေါ့နော် အဲ့ဒါတွေ (စစ်ရှောင်တွေ)သူတို့မှာ လုံးဝအခက်အခဲရှိနေတာပေါ့။”

စစ်ပြေးဒုက္ခသည် အများစုဟာ အလုပ်အကိုင်မရှိ ဝင်ငွေပြတ်လပ်ပြီး ကျန်းမာရေးအခြေအနေနဲ့ စားဝတ်နေရေးအတွက် အတော်လေး အခက်အခဲ ဖြစ်နေကြပါတယ်။ ပြီးခဲ့တဲ့ မေလလောက်က တိုက်ပွဲဖြစ်ခဲ့တဲ့ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက လဟယ်ကျေးရွာ လွယ်ပေါကျေးရွာတွေဘက်မှာလည်း စစ်ကောင်စီတပ်က အခုချိန်ထိ တပ်စွဲနေယူထားဆဲဖြစ်တယ်လို့ ဆီးမီးလော့ရွာခံ စစ်ရှောင်တဦးက ပြောပါတယ်။ ဒါကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီနဲ့ PNO- ပအိုဝ်းတပ်ဖွဲ့ပေါ့၊ ပူးပေါင်းတပ်ဖွဲ့တွေက အဲ့ဒီမှာ တပ်စွဲထားတာ။ လဟယ်ရွာနဘေးမှာ ဒေသခံပြောအရတော့ ဒီစစ်အင်အားတော့ ၄၀၀၊ ၅၀၀ လောက်ရှိတယ်ပေါ့နော်၊ သူတို့အင်အားထပ်ဖြည့်တယ်ပေါ့။ လွယ်ပေါရရယ်၊ နန်းပေါ်လုံရယ်၊ လဟယ်ရယ်၊ တောင်ပို့ကြီးရယ် အဲ့ဘက်တကြောတော့ ဒီဆောင်နန်းခဲအထိပေါ့၊ ဘယ်ရွာကိုမှ စိုက်ပျိုးရေး မပြန်လုပ်နိုင်ဘူးပေါ့နော်။ (စစ်ရှောင်တွေ) ဆီဆိုင်ဘက်ပြေးရှောင်လိုက်၊ တောင်ပေါ်မှာ တောင်တန်းတောင်ကြားမှာ သူတို့ နေလိုက်ပဲ။ စစ်ရှောင်ကတည်းက ခက်ခဲပြီးသား နောက်တနှစ်တော့ ပိုပြီးတော့ စားရေးသောက်ရေး၊ ကျန်းမာရေးကအစပေါ့ အစစအရာရာ ပိုပြီးတော့ အခက်အခဲဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆို စိုက်ပျိုးရေးအဓိက မှီမီရတဲ့အတွက်ကြောင့်ပေါ့နော်။”

စစ်ပြေးဒုက္ခသည်တွေဟာ လက်ရှိအချိန်မှာ အလှူရှင်တွေကိုသာ အားကိုးစားသောက်နေရပြီး ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ရှောင်တွေနဲ့ ကူညီနေသူတွေက ပြောဆိုကြပါတယ်။

#MyanmarViolence #VOABurmese #မိုးဗြဲဝါရီဆူးပလိုင်ရွာ #စစ်ဇုံ #စစ်ဘေးရှောင် #ဗွီအိုအေ

တိုက်ရိုက် လင့်ခ်

============

[[Unicode]]













============

XS
SM
MD
LG