[[Zawgyi/Unicode]]
စစ်ကောင်စီတပ်တွေက ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး ရွာတွေကို မီးရှို့နေတာကြောင့် မေလအတွင်း ရွာပေါင်း ၉ ရွာလောက်က နေအိမ် ၂,၀၀၀ ဝန်းကျင်လောက် မီးလောင်ပြာကျပြီး ရွာသားသောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်လို့ ဒေသတွင်းဒုက္ခသည်တွေကိုအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေက ပူးတွဲစာရင်းပြုစုပါထားပါတယ်။ မိုးရာသီရောက်တော့မှာမို့ စစ်ပြေးဒုက္ခသည်တွေအတွက် အခက်အခဲတွေ ပိုဖြစ်လာဖို့ရှိတယ်လို့ အကူအညီပေးရေးအဖွဲ့တွေကပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ မေ ၁၉ ရက်နေ့ မနက်ပိုင်းက ကလေးမြို့တောင်ပိုင်း မြစ်သာမြစ် အရှေ့ဘက်ကမ်းက အိမ်ခြေ ၂၀၀ ရှိတဲ့ လယ်ကြားရွာမှာ ကျန်နေသေးတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေ ထပ်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဒီနေ့ ၁၉ ရက်နေ့ကတော့ လယ်ခြား (လယ်ကြား) က ကျန်နေတဲ့အိမ်တွေကို ထပ်ပြီးတောမှ ရှို့တာ။ တရွာလုံးတော့ ပြုန်းသွားပါပြီဗျ။ တရွာလုံး အိမ်ခြေ ၂၀၀ ကျော်ကျော်ရှိတာ၊ အကုန်လုံး လောင်သွားပြီ။”
စစ်ကောင်စီတပ်တွေက ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းရေးလုပ်နေပြီး ကျေးရွာတွေကို တလှည့်စီ မီးရှို့နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ၁၈ ရက်နေ့ ကလည်း ကုက္ကိုရွာကို နောက်တခေါက် မီးထပ်ရှို့တာကြောင့် နေအိမ် ၁၃၀ လောက် မီးလောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“၁၅ ရက်နေ့က လယ်ခြား (လယ်ကြား)ရွာကို အိမ်ခြေ ၂၀ လောက်မီးရှို့ပြီးရင် အဲ့ဒီက နောက် ဘက်ကို ကုက္ကိုရွာကိုကျော်ပြီးမှ ရှားတောရွာကို သွားပြီးတော့ မီးရှို့တာက အိမ်ခြေ ၁၀၀ လောက်မီးလောင်သွားတယ်ဗျ။ ရှားတောရွာကို ၁၆ ရက်နေ့က (မီးရှို့တာ)။ တခါပြန်ပြီးတော့ နောက်ကြောင်းပြန်သွားပြီးတော့မှ လယ်ခြားရွာကို ပြန်ရှို့ပြန်တယ်ဗျ၊ လယ်ခြားရွာက ၁၇ ရက်နေ့။ တခါ ၁၈ ရက်နေ့ကျတော့ ကုက္ကိုကိုသွားပြီးတော့မှ တခါ ရှို့ပြန်တယ်ဗျ။”
စစ်ကောင်စီတပ်တွေဟာ အိမ်ခြေ ၂၂၀ လောက်ရှိတဲ့ လယ်ကြားရွာကို ၃ ကြိမ် မီးရှို့ခဲ့တာကြောင့် ကျေးရွာရှိ နေအိမ်အားလုံး မီးလောင်သွားပြီလို့ ကျေးရွာ သားတွေကပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ နတ်ချောင်းကျေး ရွာ က ၄ ကြိမ် မီးရှို့ခံရပြီး အိမ်ခြေ ၂၄၀ လောက် မီးလောင်ခဲ့ပါတယ်၊ ကုက္ကို ရွာ က အိမ်ခြေ ၁၃၀၊ ရှားတောရွာက အိမ်ခြေ ၁၁၀၊ ရေရှင်ရွာက အိမ်ခြေ ၄၀၀ နီးပါး၊ ရှားဖိုရွာက အိမ်ခြေ ၁၀၀၊ အရှေ့စီးရွာက အိမ်ခြေ ၅၁၀၊ တင်သား ရွာက ၇၈ အိမ် မီးရှို့ခံရတယ်လို့ဆိုပါတယ်။ ချောင်းခွ (ချောင်းဂွ) ရွာကိုလည်း စစ်ကောင်စီတပ်တွေ မီးရှို့ထားပေမယ့် ဘယ်နှစ်အိမ် မီးလောင်ကျွမ်းသလဲဆိုတာတော့ စာရင်း အတိအကျ မသိရသေးပါဘူး။
ဒေသတွင်း ကူညီရေးအဖွဲ့တွေစုစည်းပြီး ကောက်ခံရရှိတဲ့စာရင်းအရဆိုရင် မေလအတွင်း ကလေးမြို့တောင်ပိုင်းမှာ ကျေးရွာ ၉ ရွာက အိမ်ခြေနှစ်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာသား သောင်းဂဏန်း ဘေးလွတ်ရာထွက်ပြေးခဲ့ကြရပါတယ်။ မေလ ၈ ရက်ကနေ ၁၀ ရက်အတွင်း ရေရှင်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရေရှင်ရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့ပြီးနောက် ကျန်ရွာတွေကိုပါ ဆက်တိုက် မီးရှို့နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီတပ်ကရှို့တာလို့ ပြောဆိုနေပေမယ့် တပ်မတော်ပြောခွင့်ရသူကတော့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ကျေးရွာတွေအခြေစိုက်ပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်တာကြောင့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာလို့ပဲ ပြောနေပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက် မီးရှို့ဖျက်ဆီးနေတယ်လို့လည်း တန်ပြန်စွပ်စွဲခဲ့ပါတယ်။
ထွက်ပြေးနေကြရတဲ့ ကျေးရွာသားတွေ သောင်းဂဏန်းအထိရှိလာပြီး မိုးတွင်းကာလလည်း ရောက်တာမှာမို့ စစ်ပြေးဒုက္ခသည်တွေ ပိုပြီး အခက်ကြုံလာဖွယ် ရှိတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေကပြောပါတယ်။
“စစ်ရှောင်တွေကလည်း ရွာလုံးကျွတ်နီးပါးတွေ ရှောင်နေကြရတာဆိုတော့ သောင်ဂဏန်းဘက်မှာပဲ ရှိမှာဗျ၊ သောင်းဂဏန်း ကျော်မယ်ဗျ။ ခုက ရာသီအကူးအပြောင်းနဲ့ မိုးတွင်းဘက်ကိုလည်း ရောက်လာပြီဆိုတော့ လူတွေကလည်းတောထဲ တောင်ထဲတွေမှာ နေကြရတာဆိုတော့ မိုးကာတွေ မလောက်ငမှုတွေ၊ လူအများကြီးနဲ့ကျပ်ကျပ်ရပ်ရပ် နေကြရတာတွေ ဆိုတော့ အနေအထိုင်ကအစ တအား ခက်ခဲ နေကြတယ်။ အဓိကက နေဖို့ထိုင်ဖို့ မိုးကာပေါ့နော်၊ မိုးတွင်းရောက်လာပြီဆိုတော့ မိုးကာနဲ့ ဆေးဝါးကတော့ အဓိက ဗျ။ မိုးရာသီရောက်တော့ တော်တော်ကြီးကို ခက်ခဲနေတယ်။ မိုးကာတွေ အရမ်းလိုအပ်နေတယ်။ အစားအသောက်ဆိုရင်လည်း စပါးတွေပါ မီးရှို့ခံထားရတော့ အစားအသောက်တွေလည်း တအား ခက်ခဲနေကြတယ်ဗျ။ ပြီးတော့ ဖျားတာတွေရော၊ ဝမ်းလျှောဝမ်းပျက်တွေရော၊ ရေမသန့်တာတွေကြောင့်ရော၊ အိမ်သာတွေ(မရှိ/မလုံလောက်တာကြောင့်ရော) အဲ့လိုမျိုး အဆင်မပြေမှုတွေကြောင့်မို့လို့ ဝမ်းလျော်ဝမ်းပျက်ဖြစ်ကြတယ်ဗျ။ အစားအသောက်တွေနဲ့ နေမကောင်း ကျန်းမာရေးတွေက အစ အခက်အခဲတွေကတော့ အတော်ဖြစ်နေကြတယ်ဗျ။”
ထွက်ပြေးနေရတဲ့ဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ ယာယီနေသူတွေရှိသလို နီးစပ်ရာဆွေမျိုးသားချင်းရွာတွေ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသူတွေလည်းရှိပါတယ်။ သူတို့ကို ဒေသခံတွေအချင်းအချင်းပြန်လည် ကူညီပေးတယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ အကူအညီရဖို့ ပိုပြီး ခက်ခဲလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ ဒေသအပြင်ဘက်က အကူအညီပေးဖို့လည်း သွားလာရေးအခက်အခဲတွေရှိနေပါတယ်။ အာဆီယံကတော့ မြန်မာပြည်လူသားချင်းစာနာကူညီမှုအကူအညီတွေ ပေးဖို့ ညှိနှိုင်းဆောင်ရွက်နေရာမှာ စစ်ကိုင်းတိုင်းကိုလည်း ဦးစားပေးအဆင့် သတ်မှတ်ထားပါတယ်။
#MyanmarViolence #SagaingFighting #VOABurmese #ကလေးမြို့တောင်ပိုင်း #လဲခြားရွာမီးရှို့ #အိမ်ခြေ၂,၀၀၀ #စစ်ကောင်စီနယ်မြေရှင်း #ဗွီအိုအေ
=============
[[Unicode]]
=============