[[Zawgyi/Unicode]]
ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ရက်ဆက် ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ဆီးမီးလော့ကျေးရွာအနီးမှာ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေပါတယ်။ တိုက်ပွဲတည်ငြိမ်တဲ့အချိန်မှာလည်း စစ်ကောင်စီဘက်က ဦးတည်ရာမရှိ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်နေတာကြောင့် ဒေသခံတွေနေရာပြောင်းရွှေ့နေရတယ်လို့ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန် သတင်းပေးပို့ထားပါတယ်။
ဖယ်ခုံမြို့နယ်အရှေ့ခြမ်းဘက်မှာ မေလ ၁၂ ရက်နေ့နောက်ပိုင်းကနေစတင်ပြီး ဒီနေ့အထိ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာပါ။ မေလ ၁၉ ရက် ဒီနေ့ မနက်ပိုင်း ၉ နာရီကျော်လောက်က ဆီမီးလော့ကျေးရွာနားမှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံနဲ့ ဆက်ကြားနေရတယ်လို့ ဆီမီးလော့ရွာခံ တဦးက ဗွီအိုအေကို ပြောပါတယ်။
“တိုက်ပွဲပြန်စပြီး ဒီဘက် လက်နက်ကြီးရော လက်နက်ငယ်ရော ၉ နာရီ ၁၅ မိနစ်လောက် တိုက်ပွဲစတာ ၁၀ နာရီ ၁၅ မိနစ်လောက်ဆို တိုက်ပွဲဖြစ်ပြီးသွားတာပေါ့။ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်သံကြားနေရတာ ဒီဆီးမီးလော့ရွာမှာပဲ။ စိုးရိမ်ပင်ပူမှုတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ နီးနီးလေး တိုက် ပွဲနဲ့ မလှမ်းမကမ်းမှာပဲနေတာ စိုးရိမ်မှုရှိတာပေါ့။ တချို့သော ကိုယ်ဝန်ဆောင်မိခင်တွေ နောက်ပြီးတော့ မသန်မစွမ်းသူတွေ နောက်ကလေးတွေရော ကျနော် တို့ ဘေးကင်းလုံခြုံစိတ်ချရမယ့် နေရာတော့ ရွှေ့ပြောင်းထားတယ်။”
လက်နက်ကြီးတွေ ကျေးရွာထဲ ထိမှန်တာမျိုးရှိတာကြောင့် အသက်ကြီးသူတွေ ကလေးသူငယ်တွေ မသန်မစွမ်းသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေဆီ ပြောင်းရွေ့ထားရတာလို့ ပြောပါတယ်။
ဖယ်ခုံမြို့နယ်ထဲ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် သွားလာလှုပ်ရှားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်တာလို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၂) ပြောရေးဆိုခွင့်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။
“ဆီးမီးလော့ရွာဘက်မှာ စစ်ကြောင်းတွေက ထိုးနေတာတော့ ကြာပြီ။ မြောက် ဘက်ကနေပြီးတော့ ဆောင်နန်းခဲလယ်တောဘက်က တကြောင်းထိုးတယ်။ မိုးဗြဲအင်း တာဘောင်ဘက်က တကြောင်းထိုးတယ်။ မိုးဗြဲလေး တာဘောင်ထိပ်က ဆီးမီးလော့မှာဖြစ်နေတာ။ ထိုးလာတာ အဲဒီချိန်ထိ သူကတိုက်ပွဲတဲ့အချိန် တခါတည်းထိုးလာပြီးတော့ အခုတိုက်ပွဲတွေ ပြင်းထန်နေတာ။ နေ့တိုင်းဖြစ်တယ်။”
စစ်တပ်က နယ်မြေရှင်းလင်းရေးဆိုတဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဆောင်နန်းခဲကျေးရွာ၊ လွယ်ပေါကျေးရွာ၊ ဆီးမီးလော့ကျေးရွာတွေဘက် နေ့စဉ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး တဖြေးဖြေးနဲ့ တိုက်ပွဲဧရိယာတွေ ကျယ်လာတာလို့ ဒေသခံက ပြောပါတယ်။
ဒီတိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဆမတန် အသုံးပြုပစ်ခတ်လို့ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုတွေ ရှိနေပါတယ်။ တိုက်ပွဲငြိမ်နေတဲ့အချိန်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိ မကြာမကြာပစ်ခတ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ လွယ်ပေါရွာခံတဦးက ပြောပါတယ်။
“စစ်မျက်နှာတော့ တော်တော်ကျယ်ပြန့်သွားတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ရမ်းသမ်းပြီးတော့ပေါ့နော်၊ တိုက်ပွဲမဖြစ်ချင်နေ ဖြစ်ချင်နေ သူတို့ထင်တဲ့နေရာတွေ သူတို့ဒီပစ်မှတ်တွေလုပ်ပြီးတော့ အရမ်းလျှောက်ပစ်တော့ တအားဆိုးဝါးသွားတယ်ပေါ့နော်။ မဆိုင်တဲ့ မသိနားမလည်တဲ့ လူထုတွေအတွက်လည်း အများကြီးအန္တရာယ်ရှိတာပေါ့နော်။ အထူးသဖြင့် လူအိုတွေနဲ့ ကလေးတွေပေါ့နော် ကြောက်စိတ်တွေ အမြဲတမ်းရှိနေရတယ်ပေါ့နော်။ ဘာဖြစ်လဲဆိုတော့ လက်နက်ကြီးက ဘယ်အချိန်လာမလဲ၊ လက်နက်ကြီးထွက်သွားရင် ဘာထိမလဲ၊ ငါတို့ အိမ်ပဲထိမလား၊ ငါတို့ပဲထိမလားဆိုတဲ့ ပုံစံမျိုးနဲ့ စိုးရိမ်စိတ်တော့ အများကြီး ပူပင်တောကတွေ ရှိတာပေါ့၊ ကျနော်တို့က။”
တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ် အရှေ့ခြမ်းက ဒေသခံ တသောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ စစ်ရှောင်ပြည်သူတွေအတွက် ခြင်ထောင်၊ အဝတ်အစားတွေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ လွယ်ပေါရွာခံက ပြောပါတယ်။
“ဒီမှာရှိတဲ့ လူထုတွေက အတတ်နိုင်ဆုံး လွတ်တဲ့နေရာတွေ လျှောက်သွားကြတယ်ပေါ့နော်။ အခု အထူးသဖြင့် မိုးလည်း နည်းနည်းကျလာပြီဆိုတော့ ဒီခြင်က တဘက်ပေါ့နော်။ ခြင်ထောင်တွေ နောက်ပြီးတော့ သူတို့ရဲ့ အဝတ်အစားအပိုတွေ နောက်ပြီးတော့ အထူးသဖြင့် ဆန်တွေ ဆန်၊ ဆီ၊ ဆားတွေပေါ့နော်။ ဆေးဝါးတွေပေါ့။ အဲ့လိုမျိုးတွေ လိုအပ်ချက်တွေ နေရာတိုင်းတော့ ရှိမယ်။”
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒမှုတွေ အကြမ်းဖက်နှိမ်နင်းခံရတဲ့နောက်ပိုင်း နိုင်ငံအဝှမ်းမှာ စစ်ကောင်စီကို ခုခံတွန်းလှန်မှုတွေရှိလာရာမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအပါအဝင် ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဟာ အပြင်းထန်ဆုံးဖြစ်နေပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီတပ်တွေက ဖယ်ခုံမြို့နယ်တွင်းမျာ လူအင်အား လက်နက်အင်အားတွေနဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်မှုတွေလုပ်လာတဲ့နောက်ပိုင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပိုပြီး ထိတိုက်ဖြစ်နေပါတယ်။
#MyanmarViolence #KayahFighting #VOABurmese #ဖယ်ခုံအရှေ့ခြမ်း #ဆီမီးလော့ကျေးရွာ #ဒေသခံကာကွယ်ရေးတပ် #ဗွီအိုအေ
=============
[[Unicode]]
=============