[[Zawgyi/Unicode]]
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးပေါ်အရေးခြေအနေ ဆက်လက် ထားရှိတဲ့အကြောင်း အမေရိကန်သမ္မတ Joe Biden က ကွန်ဂရက်စ်လွှတ်တော်ကို မနေ့က အကြောင်းကြားစာ ပေးပို့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေဟာ အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် လွန်လွန်ကဲကဲ ဆက်လက် ခြိမ်းခြောက်နေတယ်လို့ အကြောင်းကြားစာမှာ ဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာခဲ့တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အရေးပေါ်အခြေအနေ သမ္မတရဲ့ အမိန့်ကို နောက်ထပ် ထပ်တိုးလိုက်တဲ့အကြောင်းနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ထက် ကျော်ပြီး သက်ရောက်မှု ရှိစေမယ့်အကြောင်း သမ္မတ Biden ရဲ့စာမှာ ဖေါ်ပြပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့အစိုးရကို ဖယ်ရှားပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီး နှိပ်စက်တာ၊ ဘာသာရေးလွတ်လပ်ခွင့်အပါအဝင် အခြေခံအခွင့်အရေးတွေ ချိုးဖေါက်တာတွေကို အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် အမေရိကန် သမ္မတက သတ်မှတ်ပြီး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သမ္မတဟောင်း Bill Clinton လက်ထက် ၁၉၉၇ ခုနှစ်က ပထမဆုံးအကြိမ် ကြေညာခဲ့ပြီး နောက်ပိုင်း သက်ဆိုင်ရာ သမ္မတွေလက်ထက် အနည်းဆုံး ၆ ကြိမ် အလားတူ အမိန့်တွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီလို အရေးပေါ်အခြေအနေ အမိန့်တွေကို သက်တမ်းတိုးတိုင်း သမ္မတက လွှတ်တော်ကို အကြောင်းကြားစာပေးပို့လေ့ရှိပါတယ်။
==========
[[Unicode]]
==========