ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် YBS ဘတ်စ်ကားတွေ တင်သွင်းတာမှာ ပွင့်လင်း မြင်သာမှုမရှိတာနဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့ သတင်းရေးသားဖော်ပြချက် ဟာ အစိုးရအဖွဲ့ကို နစ်နာစေပြီး အထင် အမြင်လွဲ မှားစေနိုင်တာကြောင့် စီစစ်အရေးယူပေးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို တိုင်ကြားခဲ့ပါတယ်။ ဒီတိုင်ကြားမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဘက်ကတော့ သတင်းကျင့်ဝတ်နဲ့ ညီ၊ မညီ စီစစ်ပြီး ဥပဒေနဲ့ အညီ ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သ တင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် YBS အတွက် ဘတ်စ်ကား အစီးရေ ၂၀၀၀ကို အမေရိကန် ဒေါ်လာသန်း ၁၀၀ကျော်တည်းနဲ့ ဝယ်ယူဖို့ လုပ်တဲ့ကိစ္စ ပွင့်လင်းမြင်သာမှုမရှိကြောင်း ဖော်ပြထားတဲ့ ရိုက်တာ သတင်းဌာနရဲ့ သတင်းဆောင်းပါးနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တိုင်ကြားချက်အပေါ် ပြန်လည် စီစစ်သွားမှာဖြစ်ပြီး ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်းက ပြောပါတယ်။
“ကျနော်တို့မှာ မူတွေရှိပါတယ် သတင်းရေးသားပုံရေးသားနည်းပေါ့နော် ၊ သတင်းသမားတယောက်ရဲ့ လိုက်နာရမယ့် ကျင့်ဝတ်ပေါ့ အဲဒီအတိုင်းရှိသလား၊ မရှိဘူးလား ။ ဟိုဘက်က ပြောတဲ့အတိုင်း နစ်နာချက်တွေ ရှိလားမရှိလားအဲဒါတွေ ကျနော်တို့ စိစစ်သွားမှာပါခင်ဗျ။ အဲဒါ ခြုံပြီးတော့ တဦးဦးကို နစ်နာစေတယ် ၊ သူ့ကိုနစ်နာစေတယ်၊ သူ့အစိုးရအဖွဲ့ကို နစ်နာစေတယ်။ နောက်နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရအပေါ်မှာ အထင်အမြင်လွဲမှုတွေဖြစ်ပေါ်စေတယ်။ ဒါပေမယ့် အဲဒါကို သူတိုင်ကြားထားတဲ့အပေါ်မှာ ကျနော်တို့ လုပ်ထုံးလုပ်နည်းအရ အဲဒီလို အတိအကျထောက်ပြခံရပါတယ်။ ဘယ်အချက်လည်း ဘယ်အပိုင်းလဲအဲဒါကျနော်တို့ အဲဒါလေးတင်ပြဖို့အတွက် ကျနော်တို့ ပြောထားပါတယ်။”
ရိုက်တာသတင်းဌာနရဲ့ ရေးသားဖော်ပြချက်ဟာ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ကို ထိခိုက်နစ်နာစေ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်ကြားချက်ကို သြဂုတ်လ ၁၄ရက် တနင်္လာနေ့မှာ သတင်းမီဒီယာ ကောင်စီက လက်ခံရရှိပြီး ဒီတိုင်ကြားချက်နဲ့ ပတ်သက်လို့ ဒီကနေ့ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။
ရိုက်တာ သတင်းဌာနရဲ့ သတင်းဆောင်းပါးမှာတော့ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ကျော် တည်းနဲ့ တရုတ်နိုင်ငံက ဘတ်စ်ကား အစီးရေ ၂၀၀၀ကျော် တင်သွင်းမှုဟာ NLD ပါတီတွင်း စိတ်ဝမ်းကွဲ မှုကို ဖြစ်စေသလို တရုတ်ကုမ္ပဏီတွေနဲ့ နိုင်ငံကို ဆယ်စုနှစ်ချီ ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်နဲ့ ဆက် နွယ်တဲ့ စီးပွားရေးသမား တယောက်အကြား သဘောတူညီခဲ့တဲ့ ဘတ်ကားစ်တင်သွင်းမှုဟာ အနောက် နိုင်ငံက သံတမန်တွေနဲ့ ဆက်ဆံရေးကို အထစ်အငေါ့ဖြစ်စေတဲ့အကြောင်း ဖော်ပြထားတာပါ။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်တွေအနေနဲ့လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် YBS နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်ခဲ့ဖူးပါတယ်။
ရန်ကုန်တိုင်း အစိုးရအနေနဲ့ တရုတ်အစိုးရဆီက ဘတ်စ်ကား ဝယ်ယူတင်သွင်းတာနဲ့ ပတ်သက်လို့ လွှတ်တော်ကို အသေးစိတ် ချပြတာမျိုးမရှိတာမို့ အစိုးရရဲ့ YBS စနစ် အကောင်အထည်ဖော် ဆောင် ရွက်မှု အပေါ် အားမရဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် လွှတ်တော်အမတ် ဦးကျော်ဇေယျက ပြောပါတယ်။
“ကျနော်တို့သိသလောက်ကတော့ ဝန်ကြီးချုပ်ကြီးက G to G ဝယ်တယ်ပေါ့ ဒီကားတွေကလေ၊ ကျနော်သိသလောက်ကတော့ တရုတ်သံအမတ်ကြီးနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှု နဲ့ သူတို့ ဝယ်ကြတာပေါ့ဗျာ။ ဝယ်ကြတော့ ပွင့်လင်းမြင်သာမှုဆိုတာ သူက ဒီနေရာပဲ ကျနော်တို့ကိုချပြတာ ဝယ်တဲ့ဟာကိုတော့ ကျနော်တို့ကိုအသေးစိတ် ရှင်းပြတာတို့မရှိဘူးပေါ့နော် G to G နဲ့ပဲကျနော်တို့ အဲလောက်ပဲ သိထားတာကို။ ပွင့်လင်းမြင်သာမှုမရှိဘူးလားဆိုတော့ ပွင့်လင်းမြင်သာမှုက အားနည်းပါတယ်။ ကျနော်တို့လည်း ဒီအစိုးရရဲ့ လုပ်ဆောင်ချက် YBS လုပ်ဆောင်ချက်ကို ကျနော်တို့လည်း အားမလိုအားမရဖြစ်ပါတယ် ဆိုတာကိုပဲ ကျနော်မှတ်ချက်ပြုချင်ပါတယ်။”
YBS ဘတ်စ်ကားတွေ တရုတ်နိုင်ငံကနေ တင်သွင်းမှုမှာ တပါတီ အာဏာရှင်စနစ် မဆလ အစိုးရ ဦးနေဝင်းရဲ့ မြေးဖြစ်သူ ကိုကျော်နေဝင်း ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့လည်း ဦးကျော်ဇေယျက အခု လို မှတ်ချက်ပေးပါတယ်။
“ နိုင်ငံရေးအရကြည့်ရင်တော့ ကျနော်တခြားနာမည်တွေတော့မပြောတော့ပါဘူး။ ကျနော်တို့ နိုင်ငံရေးအရကြည့်ရင် နိုင်ငံရေးရဲ့ ပုံရိပ်အရကြည့်ရင် ဒီကိစ္စဟာ ကျနော်တို့ မဖြစ်သင့်ဘူးဆိုတဲ့ မှတ်ချက်ကိုပဲ ပေးချင်ပါတယ်။ ကျန်တာကတော့ မပေးချင်ပါဘူး ကျနော်။”
တရုတ်နိုင်ငံကနေ ဘတ်စ်ကား တင်သွင်းဖို့အတွက် တရုတ်- မြန်မာ နှစ်နိုင်ငံကြား ဧပြီလ ၁၁ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံထုတ် Yutong နဲ့ Ankai အမျိုးအစား ဘတ်စ်ကားတွေ တင် သွင်းလာတာဖြစ်ပါတယ်။ အာဏာရှင် ဦးနေဝင်းနဲ့ မြေးဖြစ်သူပိုင်တဲ့ Omni Focus ကုမ္ပဏီကတော့ တရုတ်နိုင်ငံပိုင် Beiqi Foton Motor ကုမ္ပဏီကနေ ဝယ်ယူ တင်သွင်းလာတာပါ။
ပြီးခဲ့တဲ့ အစိုးရအဆက်ဆက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မထသစနစ်ကို ဇန်နဝါရီ ၁၅ရက်နေ့မှာ ဖျက်သိမ်းပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် YBS ကို အစားထိုး ပြောင်းလဲခဲ့ပေမယ့်လည်း YBS စနစ်ဟာ ထူးခြားတဲ့ ပြောင်းလဲမှုမဟုတ်ဘူးလို့ အများစုက ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။