Situation of human rights in Myanmar မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မနေ့ တနင်္ဂနွေနေ့က အတည်ပြုလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ- ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျယ်ပြန့်လှတဲ့ လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို ကျူး လွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ချက်ချင်းရပ်ဆိုင်းဖို့၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ ခွင့်ပြုဖို့နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ပြန်ပြီးခန့်ထားဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ တဖက်သက် ဖိအားပေးတာမျိုးဖြစ်နေသလို အဖြစ်မှန်အခြေအနေနဲ့ကင်းကွာပြီး တဖက်သတ် စွပ်စွဲချက်တွေသာဖြစ်တဲ့အတွက် မြန်မာအစိုးရက လက်ခံဖို့မရှိကြောင်း ဗွီအိုအေကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။
ဒီဇင်ဘာလ ၂၄ ရက်နေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံမှာ မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းကို မဲခွဲဆုံးဖြတ်တော့မှာ ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဌ Miroslav Lajcak က ကြေညာသွားတာဖြစ်ပါတယ်။
အထွေထွေညီလာခံကနေ မြန်မာ့အရေးဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ကြောင်း Miroslav Lajcak ကကြေညာခဲ့တာဖြစ်ပါတယ်။ ထောက်ခံမဲ ၁၂၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၂၄ မဲတို့နဲ့ အတည်ပြုလိုက်တာပါ။ စာမျက်နှာ ငါးမျက်နှာ ရှိတဲ့ ဒီဆုံးဖြတ်ချက်မှာ- မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေ၊ ဒီအပေါ်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ မြန်မာအစိုးရ လိုက်နာဖို့ တိုက်တွန်းအကြံပြုထားတဲ့ အချက်တွေ ပါဝင်ပါတယ်။
အထူးသဖြင့်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာမြန်မာစစ်တပ်က ဆက်ပြီး လုပ်နေတဲ့ နယ်မြေရှင်းလင်းရေးတွေ ရပ်တန့်ဖို့၊နေရပ်ကနေ အတင်းအဓမ္မမောင်းထုတ်ခံရသူ အားလုံးအတွက်လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိနဲ့ စိတ်ဆန္ဒအရ ပြန်လာနိုင်ရေး သေချာအောင်ဆောင်ရွက်ပေးဖို့၊ လူ့အခွင့်အရေးကောင်စီက စေလွှတ်တဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို အကန့်အသတ်မရှိ ဝင်ခွင့်ပြုဖို့မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။
ဒါအပြင် ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ပြင်းထန်တဲ့ ဖိနှိပ်ညှမ်းပန်းမှုတွေအပါအဝင် ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာအစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းပေးဖို့ အချက်ကိုလည်း ဒီဆုံးဖြတ်ချက်မှာ ထည့်သွင်းထားပါတယ်။
အခုလို ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မျိုးဟာ ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းအရ မဖြစ်သင့်တဲ့ ကိစ္စဖြစ်သလို နိုင်ငံရေးအရ တဖက်သက် ဖိအားပေးတာမျိုးဖြစ်နေတာကြောင့် မြန်မာအစိုးရက လက်ခံဖို့မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လူ့အခွင့်အရေးကောင်စီရှိတယ်။ အဲဒီမှာ ဆောင်ရွက်နေတယ်။ ဆောင်ရွက်နေတာကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်တယ်ဆိုတာက မူအရလည်းပဲ နိုင်ငံအများစုက ဒါကိုလက်မခံကြဘူးပေါ့နော် ဒါက လုပ်ထုံးလုပ်နည်း အရလည်း လက်မခံဘူး ၊ နောက်တခုက နိုင်ငံရေးဖိအားအရလုပ်တာဖြစ်တဲ့အတွက်ကြောင့်လည်း ကျနော်တို့က လက်မခံဘူး။ နောက်တချက်က အဖြစ်မှန်အခြေအနေနဲ့ ကင်းကွာပြီးတော့ တဖက်သတ် စွပ်စွဲပြောဆိုပြီးတော့ လုပ်တာဖြစ်တယ်။”
သူကိုယ်တိုင်လည်း မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ အတွင်း မြန်မာ့အစိုးရရဲ့ သဘောထားကို ပြောဆိုခဲ့ရာမှာ ကုလသမဂ္ဂအပါအဝင် အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ အပြုသဘောမဆောင်တဲ့ လုပ်ရပ်တွေကို သူ့အနေနဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ကြောင်း သံအမတ်ကြီးက အခုလိုပြောပါတယ်။
“ဒီကနေ့ ပြောတဲ့အထဲမှာလည်း အဓိကအချက်က ဘာလဲဆိုရင် ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ကျနော်တို့က အပြုသဘောနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းမယ်။ ပြဿနာ ရှိတာကို မရှိဘူးလို့ ငြင်းတာမဟုတ်ဘူး သို့သော် ရှိတဲ့ ပြဿနာကို ကျနော်တို့က ဖြေရှင်းဖို့ အပြုသဘောနဲ့ ပေါ့နော် တယောက်နဲ့ တယောက်လေးစားမူနဲ့ ကျနော်တို့ ဥပဒေကြောင်းလမ်းအရ ကျနော်တို့ သေချာ တယောက်နဲ့ တယောက် ညှိနှိုင်းတိုင်ပင်ပြီးတော့ ဖြေရှင်းမယ် အဲဒီနည်းလမ်းကို ကျနော်တို့ ကြိုက်တယ်။ သို့သော် အခုလုပ်နေတဲ့ ပုံစံက နိုင်ငံတချို့အပြင်ကို ကုလသမဂ္ဂမှာ တာဝန်ရှိတဲ့လူတွေကိုယ်တိုင်က သော်လည်းကောင်း၊ နောက်ပြီးတော့ မီဒီယာတွေပေါ့နော် အထူးသဖြင့် အနောက်နိုင်ငံ မီဒီယာတွေကသော်လည်းကောင်း တဖက်သတ်ပေါ့နော် တဖက်သတ်ကြီးပဲ ကျနော်တို့ မြန်မာနိုင်ငံအပေါ်မှာ စွပ်စွဲချက်တွေကိုပဲ အခြေတည်ပြီးတော့ ၊ ခိုင်မာမှု သက်သေပြမှုမရှိနိုင်တဲ့ စွပ်စွဲချက်တွေကို အခြေတည်ပြီးတော့ ကျနော်တို့နိုင်ငံကို မျက်နှာပျက်အောင် ၊ နောက်တခါ ကျနော်တို့ ခေါင်းဆောင်တွေ နာမည် ပျက်အောင် ၊ ကျနော်တို့ကို နိုင်ငံရေးအရ ဖိအားပေးတဲ့ဟာတွေက သိပ်ကိုပေါ်လွင်တယ်။ ဆိုတော့ အဲဒါမျိုးတော့ ကျနော်တို့က လက်မခံဘူး။”
ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာမှုအကူအညီတွေသာမက ဖွံဖြိုးတိုးတက်ရေးကိစ္စကိုပါ မြန်မာအစိုးရက ပူးတွဲဆောင်ရွက်နေတဲ့အကြောင်းကိုလည်း ညီလာခံအတွင်း ရှင်းပြခဲ့တယ်လို့အခုလို ဆက်ပြောပါတယ်။
“ကျနော်တို့က လုပ်စရာရှိတာကို လုပ်နေတယ်။ ဘင်္ဂလားဒေ့ရှ်လည်း ၂ နိုင်ငံ တိုင်ပင်ပြီးတော့ တဖက်ထွက်ပြေးသွားတဲ့လူတွေ ကျနော်တို့နိုင်ငံကို ပြန်ခေါ်ဖို့အတွက် ကျနော်တို့ အစီအစဉ်တွေကို စနစ်တကျလုပ်နေတယ်။ နောက်တခုကလည်း သူတို့တွေ ပြန်လာလို့ရှိရင် နေရာချထားရေးအပြင်ကို သူတို့ ဒေသမှာ ကျနော်တို့ မောင်တောခရိုင်ပေ့ါလေ ဒီဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာအောင် အလုပ်အကိုင်တွေ ရှိလာအောင်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသက ဖွံ့ဖြိုးတိုးတက်မှုရှိမှ ရေရှည်ငြိမ်းချမ်းရေးနဲ့ သဟဇာတ ဖြစ်မှု၊ နောက်စီးပွားရေးတိုးတက်မှု ဖွံ့ဖြိုးမှုတွေ ခိုင်မာမှုရှိလာမယ်။ အဲဒါမှလည်း ပြဿနာက ရေရှည်မှာ ကျနော်တို့ ဖြေရှင်းနိုင်မှာ အဲဒါကြောင့်လည်း Mr. အာနန်ကော်မရှင်ရဲ့ Report ရဲ့ Recommendation တွေပေ့ါနော် ထောက်ခံတင်ပြချက်တွေကို အကောင်အထည်ဖော်ဖို့ ကျနော်တု့ိဆောင်ရွက်နေတာလည်းဖြစ်တယ်။ ဒါတွေကိုလည်း ကျနော်တို့က အင်တိုက်အားတိုက်လုပ်နေပြီ လုပ်သင့်လုပ်ထိုက်တာတွေလည်း လုပ်နေပြီ။ ဆိုတော့ ဒီဟာတွေက ကျနော်တို့လုပ်နေရဲ့သားနဲ့ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမှာ ချမှတ်တာဟာ ဒါဟာ တဖက်သတ် ကျနော်တို့အပေါ်မှာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်တယ်ဆိုတာကို ကျနော်တို့ကအဓိကပြောတယ်။”
မနေ့ တနင်္ဂနွေနေ့က ဒီနှစ်အတွက် နောက်ဆုံးရက်အဖြစ်ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဟောက်ဒိုဆွမ်းက အခုလိုရှင်းပြပါတယ်။
“ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ကော်မတီကနေပြီးတော့ အတည်ပြုရတယ် ။ အဲဒါ အတည်ပြုပြီးတော့မှ အဲဒီဟာကို မျက်နှာစုံညီအစည်အဝေးမှာ ယူလာပြီးတော့မှ ဘဏ္ဍာရေးကတော့ အသုံးစားရိတ်တွေ ဒီလောက်ခွင့်ပြုပါတယ်ဆိုပြီးတော့မှ ဒီဟာကို ဆုံးဖြတ်ချက် ချလို့ရတယ်။ ဆုံးဖြတ်လို့ ရတာပေါ့လေ။ အဲဒါကြောင့် အဲဒါကို စောင့်နေရတယ်။ စောင့်နေရတဲ့အခါကျတော့ ကျနော်တို့ Resolution အပါအဝင် တချို့ Resolution တွေလည်း ကျန်ပါတယ်။ အဲဒါတွေက ဘဏ္ဍာရေးနဲ့ ဆက်ဆံတဲ့ ကော်မတီကနေ ညှိတာက မနေ့ညက သူတို့ ၂ နာရီခွဲလောက်အထိ ညှိလို့မပြီးဘူး။ မပြီးတဲ့အခါကျတော့ ဒီမတိုင်ခင်ကလည်း မပြီးတာပေါ့နော် အခုက ကသုတ်ကရက် လုပ်ပြီးတော့မှ မနေ့က ညသန်းခေါင်ကျော်အထိကို လုပ်ပြီးတော့မှ ဒီနေ့မနက်ကို မျက်နှာစုံညီနောက်ဆုံးပိတ်အစည်းအဝေး ကိုကျင်းပပြီးတော့မှ ဒီဟာကို ဆုံးဖြတ်ချက်ချတာပါ။”
ဒီနှစ် မြန်မာ့အရေးဆုံးဖြတ်ချက်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ပြန်လည်ခန့်ထားရေးပါဝင်ပါတယ်။ အရင် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambia က ရာထူးသက်တမ်းကုန်ဆုံးချိန်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အခုလို ကုလသမဂ္ဂရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ဟာ ၁၉၈၈ခုနှစ်နောက်ပိုင်း အာဏာသိမ်းတက်လာတဲ့ စစ်အစိုးရ လက်ထက်တလျောက်လုံး နှစ်စဉ် ချမှတ်အတည်ပြုခဲ့တာပါ။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာတဲ့အတွက်ပြည်တွင်းမှာ အခြေအနေတွေ တိုးတက်ပြောင်းလဲလာတဲ့အပေါ်ကုလသမဂ္ဂအထွေထွေညီလာခံမှာ မနှစ်က မြန်မာ့အရေးဆုံးဖြတ်ချက်ကို မချခဲ့ပါဘူး။
ဒါပေမယ့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ နောက်ပိုင်း လုံခြုံရေးစခန်း ၃၀ ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကို ချေမှုန်းဖို့ မြန်မာလုံခြုံရေးတပ်တွေရဲ့ အင်အားသုံးနယ်မြေရှင်းလင်းမှုကြောင့် သုံးလအတွင်း ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော်ထွက်ပြေးခဲ့ရတဲ့ ဆိုးရွားလှတဲ့ ဖြစ်ရပ်တွေကြောင့် ဒီနှစ် ကုလသမဂ္ဂအထွေထွေညီလာခံကနေ မြန်မာအစိုးရနဲ့ စစ်တပ်ကိုဖိအားပေးတဲ့အနေနဲ့ ထောက်ခံမဲ အပြတ်အသတ်နဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။
အခု အထွေထွေညီလာခံက အတည်ပြုလိုက်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ တတိယကော်မတီမှာထောက်ခံမဲ ၁၃၅မဲ ကန့်ကွက်မဲ ၁၀မဲ ကြားနေ ၂၆ မဲနဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ မူကြမ်းဖြစ်ပါတယ်။ ဒီမူကြမ်းကို OIC အစ္စလန်မစ် ပူးပေါင်ဆောင်ရွက်ရေးအဖွဲ့ က ဦးဆောင်ရေးသားခဲ့တာပါ။
ဒီဇင်ဘာလ ၅ ရက်နေ့က ချမှတ်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်မှာ မြန်မာ စစ်တပ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုနဲ့အတူ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်တဲ့ ကန့်သတ်ချက်တွေ ပါဝင်ခဲ့ပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးကောင်စီဥက္ကရဲ့ မြန်မာ့အရေး ကြေညာချက်မှာတော့ ရခိုင်ပြည်နယ်မှာ နောက်ထပ် လုံခြုံရေးတပ်အင်အားတွေ အလွန်အကျွံအသုံးမပြုရေး သေချာအောင်ဆောင်ရွက်ဖို့၊ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ဖွဲ့စည်းဖို့၊ တရားဥပဒေ စိုးမိုးမှုရှိစေဖို့၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတွေနဲ့ တာဝန်ရှိသူတွေကို ချက်ချင်းအရေးယူဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက်လည်း သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖေါ်ပြထားပါတယ်။