ဒီကနေ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က နိုင်ငံထိပ်သီးအကြီးအကဲတွေဟာ နေပြည်တော်က သမ္မတ အိမ်တော်မှာ အစည်းအဝေးတရပ်ကျင်းပပြီး ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ အကြောင်းအရာ တချို့ကိုသာ သတင်းထုတ်ပြန်တဲ့အပေါ် နိုင်ငံရေးလေ့လာသူတွေက ဝေဖန်တာတွေ ရှိနေပေမဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံအခြေအနေအရ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို ပိုမိုစည်းလုံးညီညွှတ်ဖို့ လိုအပ်ကြောင်း သုံးသပ်ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး အခြေအနေနဲ့ စပ်လျဉ်းတဲ့ အစည်းအဝေးကို လွှတ်တော်အစည်းအဝေးတွေကို ရုတ်တရက် ရပ်နားပြီး နောက်တရက်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတ နှစ်ဦး၊ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးတွေနဲ့ အတူ ပြည်ထောင်စု ရှေ့နေချုပ်နဲ့ သမ္မတရုံးဝန်ကြီးဌာန ဒု ဝန်ကြီးတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးအပြီးမှာတော့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် နားလည်မှု စာချွန်လွှာရေးထိုးခဲ့ သည့် အခြေအနေ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှုအခြေအနေ၊ ရှန်ဂရီလာ ဒိုင်ယာလော့ခ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ် အပြင် ရခိုင်ပြည်နယ်နှင့် နယ်စပ် လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာလည်း ထုတ်ပြန်တဲ့ သတင်းအပြင် ထပ်မံ ပြောဆိုလို့ မရကြောင်းသာ ဖြေကြားခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သတင်းထုတ်ပြန်ချက်ဟာ ပြည်သူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေကို လွှမ်းမိုးစေတဲ့ ထုတ်ပြန်ချက်မျိုးဖြစ်စေလိုကြောင်း ပြောပါတယ်။
“ဒီအစည်းအဝေးနဲ့ ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်ဟာ ယေဘုယျ အရမ်းဆန် လွန်းတယ်လို့ ကျနော် မြင်တယ်။ အဲတော့ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်လို့ ပဲဖြစ်ဖြစ်၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အများပြည်သူက အင်မတန်မှ စိတ်ဝင်စားနေတယ်လို့ မြင်တယ်။ အဲလိုအခြေအနေမျိုးမှာ သတင်းထုတ်ပြန် တဲ့ နေရာမှာ ပြည်သူလူထုကြားမှာလည်း ထင်ယောင်ထင်မှားဖြစ်မှုတွေ၊ ကောလဟလတွေ ဒါတွေကို လွှမ်းမိုးနိုင်မယ့် သတင်းထုတ်ပြန်ချက်မျိုး တိတိကျကျ ထုတ်ပြန်ပြီးတော့ ပြည်သူလူထုကို အသိပေးနိုင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။”
မြန်မာပြည်ရဲ့လက်ရှိအခြေအနေမှာ အရပ်ဘက်၊ စစ်ဘက်ခေါင်းဆောင်တွေဟာ ရံဖန်ရံခါတွေ့ဆုံတာမျိုး မဟုတ်ဘဲ ပုံမှန်တွေ့ဆုံဆွေးနွေးဖို့ဟာ အရေးတကြီး လိုအပ်နေကြောင်းလည်း ပြောပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးရာမှာ အပြန်အလှန်ယုံကြည်မှုရှိရှိပူးပေါင်းဆောင်ရွက်နိုင်ဖို့လည်း အခုလို ဆက်ပြောပါ တယ်။
“လက်ရှိအခြေအနေမှာတော့ ကျနော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေကို ရင် ဆိုင်ပြီး ဖြေရှင်းတဲ့နေရာမှာ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေကြားမှာ ယုံကြည်မှု နားလည်မှုရှိရှိပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲတော့ အရပ်ဘက် ခေါင်းဆောင်တွေလို့ ပြောတဲ့နေရာမှာ ကျနော်တို့ဟာ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်သူလူထု အများစုရဲ့ ထောက်ခံ မှုကိုရထားတဲ့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မယ် လို့ မြင်တယ်။ တဘက်က လွှတ်တော်ထဲက အသံတွေကိုလည်း အလေးထားနားထောင်ဖို့ လိုတယ်လို့ မြင်တယ်။”
မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့က လူထုဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက အစည်းအဝေးရဲ့ ရလဒ်ကိုသုံးသပ်ဖို့ ခက်ခဲပေမဲ့ လတ်တလောအခြေအနေအရ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးမှာ ညီညွတ်ရေးဟာ အရေးကြီးလာကြောင်း ပြောပါတယ်။
“ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာ ဖိအားတွေက ကျနော်တို့ကို တော်တော်များလာတာ ပေါ့နော်။ နောက်တခုကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ တချို့ ပြန်လုပ်မယ်ဆိုတဲ့ဟာမျိုးလည်း သတင်းတွေ ရှိလာတယ်။ ရှိလာတော့ အဓိကတော့ဗျာ ညီညွတ်ရေးက အရေးကြီးတယ်ပေါ့နော်။ အဲတော့ ဒေါ်အောင်ဆန်း စုကြည်လည်း စုပေါင်းအင်အားတို့ ဘာတို့ ပြောထားတယ်။ နောက်တခါကျတော့လည်း ကျနော်တို့ တိုင်းပြည် ထဲမှာဗျာ ဒီကာလမှာ ပိုပြီး ညီညွတ်မှုရှိဖို့ လိုတယ်ဆိုတဲ့ကာလပေါ့ဗျာနော်။ တဘက်မှာကျတော့လည်း ဖြစ်နေ တာက တိုင်းပြည်မှာ အစိုးရနှစ်ခုဖြစ်နေတယ်တို့၊ စစ်တပ်ရဲ့ လုပ်ရပ်တွေကို အစိုးရက ထိန်းလို့မရဘူး ဒီလို ပြော ဆိုနေတာလည်း ရှိတယ်ဆိုတော့ ကျနော်ထင်တယ် ဒီ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ပြေလည်ဖို့ကလည်း ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။”
ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာက ဖိအားပေးတာတွေ မြင့်တက်လာနေသလိုအစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်သစ်တခုဖွဲ့ဖို့ ကြေညာပေမဲ့ ပြည်တွင်းမှာ နိုင်ငံရေးဖိအားတွေလည်း ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး ပြဿနာရဲ့ ဇာစ်မြစ်ကို ပြည်တွင်း၊ပြည်ပက နားလည်ဖု့ိလိုအပ်ကြောင်း ဂျပန်အခြေစိုက် NHK သတင်းဌာနနဲ့အမေးအဖြေမှာပြောဆိုထားပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ သောင်းထွန်း ကလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်အရေးကို ဓမ္မဓိဌာန်ကျကျ ရှုမြင်ဖို့ အရေးကြီး ကြောင်း အာရှလုံခြုံရေးဆိုင်ရာထိပ်သီးအစည်းအဝေးမှာ ပြောကြားထားပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရ၊ တပ်မတော်နဲ့ လွှတ်တော် ထိပ်တန်းခေါင်းဆောင်တွေ ရှားရှားပါးပါး တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမယ့် ထူးထူးခြားခြား ရလဒ်တွေ ထွက်ပေါ်နိုင်ပါ့မလားဆိုတာကတော့ မေးခွန်းတွေ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ထိပ်တန်းခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ (ကာလုံ) အဖွဲ့အနေနဲ့ ဆွေးနွေးမှုမျိုးမဟုတ်တဲ့အတွက်လည်း ရလဒ်တိတိကျကျ ထွက်ပေါ်လာနိုင်ဖို့ မသေချာတဲ့ အကြောင်း နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ် ဦးမောင်မောင်စိုးက ပြောပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းရာမှာ ဦးမောင်မောင်စိုး က အခုလို စတင်ဖြေကြားထားပါတယ်။
“ဒီကနေ့ အစည်းဝေးက၊ အမှန်မှန်မှာတော့ ဒီကနေ့မှာ ပြည်သူ့လွှတ်တော်မှာ ရခိုင်နဲ့ပတ်သက်ပြီးတော့ စုံစမ်းရေးအဖွဲ့မှာ နိုင်ငံခြားသား တယောက် ထည့်မယ်ဆိုတဲ့ကိစ္စကို ဆွေးနွေးဖို့ ရှိတာကို။ အဲဒီတော့ ဒီကနေ့ ဆွေးနွေးပွဲသည် အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်လို့ ယူဆရတာပေါ့။ အဲဒီလို ယူဆရပါတယ်။ ဒါပေမယ့် အဲဒီဟာက ကာလုံဆွေးနွေးပွဲ မဟုတ်တဲ့အခါကျတော့၊ ကျနော်တို့ စဉ်းစားတဲ့ အခါ ကျတော့ ဒါ NLD အစိုးရအနေနဲ့ တပ်မတော်ကို ဒီကနေ့အထိ ၂ နှစ်ကျော် ကာလအတွင်းမှာ ကာလုံမခေါ်ဘဲသွားတဲ့ပုံစံအတိုင်း သွားမယ်ဆိုတဲ့ဟာမျိုးနဲ့ ချဉ်းကပ်နေပုံရတယ်လို့ပဲ ကျနော်တို့ ယူဆရပါတယ်။ အဲဒီတော့ အခုဟာကတော့ ကာလုံမဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ သူတို့အနေနဲ့ ကာလုံကို၊ NLD အစိုးရအနေနဲ့ ကာလုံကို ကျော်လွှားချင်တဲ့ပုံစံ တွေ့ရတယ်လို့ဘဲ ပြောရပါ့မယ်။”
မေး။ နောက်တခုက စောစောက ဦးမောင်မောင်စိုး သုံးသပ်သလိုပေါ့၊ NLD အစိုးရက ကာလုံကို မခေါ်ဘဲနဲ့ Undermine လုပ်ဖို့အတွက် အရပ်သား အစိုးရ၊ လက်ရှိ NLD အစိုးရကနေပြီးတော့ ချဉ်းကပ် လုပ်ဆောင်နေတဲ့ သဘောမျိုး ဆိုလို့ရှိရင်ကော။ အခု ဒီကနေ့ တွေ့တဲ့ပွဲမှာ ဆိုလို့ရှိရင် ဥပမာအားဖြင့် အရပ်သားအစိုးရဘက်က လူတွေက များတယ်လေ။ ဆိုတော့ ဒီအပေါ်မှာရော တပ်မတော်ဘက်က NLD အစိုးရရဲ့ ချဉ်းကပ်ပုံကို သူက ကျေနပ်မှု ရှိနိုင်ပါ့မလား။
ဦးမောင်မောင်စိုး။ ။ “အဲဒါကတော့ ကျေနပ်မှု ရှိတယ်၊ မရှိတယ်ဆိုတာက တပိုင်း။ တပ်မတော်ဘက်က နည်းတယ်၊ များတယ်ဆိုတာက တပိုင်း။ ဒါပေမယ့် တကယ်တန်းက သူ့လုပ်ပိုင်ခွင့်နဲ့သူ ရှိနေတာဗျ။ အဲဒီတော့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ နိုင်ငံရေးလုပ်နေတယ်၊ ရွေးကောက်ပွဲ ဝင်နေ တယ်ဆိုရင်၊ ကျနော်တို့ ရွေးကောက်ပွဲက တက်လာတဲ့အစိုးရ NLD ဖြစ်စေ၊ ဘယ်ပါတီဖြစ်ပါစေနဲ့၊ နောက် ၂၀၀၈ ဖွဲ့စည်းပုံအရ Authority (လုပ်ပိုင်ခွင့်) ပေးထားတဲ့ တပ်နဲ့က Compromise (ညှိနှိုင်းဆောင်ရွက်) တဲ့နေရာတခုက အဲဒါ ကာလုံပဲ ရှိတယ်ဗျ။ အဲဒါကို ကျော်လွှားမယ်ဆိုရင် စေ့စပ်ညှိနှိုင်းမှု နည်းနည်း ခက်လိမ့်မယ်လို့ ကျနော်ကတော့ အဲဒီအတိုင်း မြင်ပါတယ်။”
မေး။ တကယ့် တကယ်ကတော့ ကျနော်တို့ နားလည်တာက ကာလုံအစည်းအဝေးခေါ်တယ်၊ ကာလုံ အစည်းအဝေးကနေ ဆုံးဖြတ်ချက် တခုခု ချတယ်ဆိုရင်တော့ ဒါဟာ မဖြစ်မနေ လုပ်ကြမယ်၊ အကောင်အထည်ဖော်ကြမယ်ပေါ့နော်၊ အစိုးရအနေနဲ့ရော၊ တပ်မတော် ဘက်ကရော၊ ဆိုတဲ့ သဘောမျိုး၊ သဘောသဘာဝရှိတော့ အခု ဒီကနေ့ အစည်းအဝေးက ဆုံးဖြတ်ချက် ချတာတွေကရော အဲဒီလို အကျိုးသက်ရောက်မှု ရှိမလား၊ လက်တွေ့မှာ တကယ် အကျိုးရှိနိုင်မလား။
ဦးမောင်မောင်စိုး။ “ဒီကနေ့ အစည်းဝေးက ဘာတွေဆုံးဖြတ်သလဲ၊ မဆုံးဖြတ်သလဲ ကျနော်တော့ မသိဘူး။ ကျနော် တဦးချင်း ခန့်မှန်းကြည့်ရ တာတော့ ဒီနေ့ တွေ့ဆုံဆွေးနွေးမှုဟာ ညှိနှိုင်းမှုပဲ ဖြစ်လိမ့်မယ်ဗျ။ ဆုံးဖြတ်ချက်ချတာမျိုး မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့အမြင်အရ ပြောမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေထဲမှာ၊ ၂၀၀၈ အခြေခံဥပဒေနဲ့ သွားမယ်ဆိုရင်၊ ရွေးကောက်ပွဲက တက်လာတဲ့ အရပ်သားအစိုးရရယ်၊ ၂၀၀၈ အခြေခံ ဥပဒေအရ Authority (လုပ်ပိုင်ခွင့်) ပေးထားတဲ့ တပ်ရယ် ညှိနှိုင်း၊ စေ့စပ် ဆွေးနွေးလို့ရတဲ့နေရာက ကာလုံပဲ ဖြစ်တယ်။ ဒီနေ့အထိ ကာလုံကို မခေါ်နိုင်သေးဘူးဆိုရင်တော့ ရွေးကောက်ပွဲက တက်လာတဲ့ အရပ်သား အစိုးရနဲ့ အခြေခံ ဥပဒေအရ Authority (လုပ်ပိုင်ခွင့်) ရှိနေတဲ့ တပ်နဲ့ကြားမှာ စေ့စပ် ညှိနှိုင်းမှုဆိုတာတော့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျ။”
မေး။ (ကာလုံကို) မခေါ်နိုင်သေးတာကို တနည်းအားဖြင့် အဆင်ပြေမှု မရှိသေးဘူးဆိုတဲ့ သဏ္ဍာန်ကို ပြနေတယ်ဆိုတဲ့ သဘောလား ခင်ဗျ။
ဦးမောင်မောင်စိုး။ “ဟုတ်ကဲ့၊ အဲဒီလိုဘဲ ပြောလို့ရမယ် ထင်ပါတယ်။ အဲဒါကတော့ အရပ်သားအစိုးရနဲ့ တပ်ကြားထဲမှာ ပုံမှန် ဆက်ဆံရေးတရပ် မရှိသေးဘူးလို့ ပြောလို့ရမယ်လို့ ထင်ပါတယ် ခင်ဗျ။”