[[Zawgyi/Unicode]]
မြန်မာ့တပ်မတော်သားတွေ ဂျပန် ကာကွယ်ရေးစစ်ကျောင်းမှာ လာရောက် ပညာသင်တာကို ဂျပန်အစိုးရအနေနဲ့ ချက်ချင်း ရပ်လိုက်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch (HRW) က တိုက်တွန်းလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးရဲ့ အပြောအရ မြန်မာ့ တပ်မတော်သား ၈ ယောက်ဟာ ဂျပန် အမျိုးသားကာကွယ်ရေး စစ်ကျောင်းမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရှိနေတယ်လို့ HRW က ဆိုပါတယ်။ မြန်မာစစ်သားတွေ လာရောက် စစ်ပညာသင်ရာမှာ တိုက်ခိုက်ရေးနဲ့ စစ်လက်နက်ပစ္စည်းပညာတွေလည်း ပါဝင်တယ်လို့ HRW သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူသားမျိုးနွယ်တရပ် လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မြန်မာစစ်တပ်က ကျူးလွန်နေချိန်မှာ ဂျပန်အစိုးရက မြန်မာစစ်သားတွေကို ပညာသင် လေ့ကျင့်ပေးနေတာ မတွေးတတ်အောင်ပါပဲလို့ HRW ရဲ့ အာရှဒေသဆိုင်ရာ တာဝန်ရှိသူ Teppei Kasai က ပြောပါတယ်။
၂၀၁၅ ကတည်းက မြန်မာစစ်သားတွေကို လက်ခံ ပညာသင်ပေးခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန Masahiro Kawasaki က ဧပြီလ ၁၄ ရက်နေ့မှာ လုပ်ခဲ့တဲ့ နိုင်ငံခြားရေးရာ ကော်မီတီမှာ ပြောကြားခဲ့ပါတယ်။ဖေဖော်ဝါရီ လ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ခဲ့ပြီး ၁၀,၀၀၀ ကျော် ကို ဖမ်းဆီးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုနေတာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကိုပေးနေတဲ့ လူသားချင်းစာနာထောက်ထားမှု မဟုတ်တဲ့ အကူအညီအသစ်တွေကို ဂျပန်ကရပ်ဆိုင်းခဲ့ပြီး ဂျပန်လွှတ်တော်ကလည်း အာဏာသိမ်းတာကို ရှုတ်ချခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
================
[[Unicode]]
#MyanmarHumanRights #MyanmarJapan #HumanRightsWatch #VOABurmese
================