သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲ နောက်ဆုံးအခြေအနေ


မှတ်တမ်းဓါတ်ပုံ-၂၀၁၉ သြဂုတ်လတုန်းက ရှမ်းပြည်မြောက်ပိုင်းတွင် တပ်မတော် တပ်သားများကို တွေ့ရစဉ်
မှတ်တမ်းဓါတ်ပုံ-၂၀၁၉ သြဂုတ်လတုန်းက ရှမ်းပြည်မြောက်ပိုင်းတွင် တပ်မတော် တပ်သားများကို တွေ့ရစဉ်

(Zawgyi/Unicode)

စစ်ရေးတင်းမာမှုတွေကြောင့် နယ်မြေအခြေအနေ မတည်မငြိမ်ကြုံနေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို၊ အရပ်သားတွေကိုလည်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က ရှမ်းပြည်နယ်တိုက်ပွဲ နောက်ဆုံးအခြေအနေကို သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလနဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာ တဖက်သတ်အပစ်အခတ် ရပ်စဲရေးကြေညာချက်တွေကို တပ်မတော်ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်ကပါ သက်တမ်းထပ်တိုးထားကြပေမဲ့ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုတော့ TNLA တအန်း(ပလောင်)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်က အခုလို ပြောပါတယ်။

“ မနေ့ကတော့ နမ့်ဆန်မြို့နယ်၊ နမ့်တွေရွာအောက်ဘက်မှာ ဒီ ပန်ဆန်းတောင်လို့ ခေါ်တာပေါ့။ အဲဒီမှာတော့ ထိတွေ့မှု ခဏလေးဖြစ်တယ်။ ၅မိနစ်လောက်ပဲ။ ဒီနေ့ကတော့ ဘာမှတော့ မရှိဘူး။ သတင်းတက်လာတာတော့ မရှိဘူး။ ”

TNLA ဘက် အောက်တိုဘာလအတွင်းမှာ တပ်မတော်နဲ့ တိုက်ပွဲ ၁၄ကြိမ်ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပေမယ့် တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒီလ အစောပိုင်းက ကျောက်မဲမြို့ှုနယ်အတွင်းမှာ တပ်မတော်နဲ့ RCSS ခေါ် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၃၀၀၀ လောက် နေရပ်စွန့်ခွာတာတွေ ရှိခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေတာကြောင့် ဒုက္ခသည်အများစု နေရပ်ပြန်ကြပြီ ဖြစ်ကြောင်း ကျောက်မဲမြို့ နမ့်ခုမ်းပရဟိတအဖွဲ့က ဦးစိုင်းပူးက ပြောပါတယ်။

“ ဒီနေ့ထိ ၂ရွာပဲ ကျန်မယ်ထင်တယ်။ ကျန်တဲ့ဟာတော့ ကုန်သလောက် နီးနီးရှိသွားပြီ။ ခန့်မှန်းခြေတော့ ၁၀၀၀ လောက်ပဲ ကျန်မှာပါ။ ပြန်မယ်ဆိုလည်း ပြန်လို့ရပါတယ်။ ဒါပေမဲ့ တပ်မတော်က အကုန်လုံး မဆုတ်ခွာ သေးတော့ သူက ညမှ ပြန်အိပ်တယ်။ နေ့လည်တော့ အလုပ်သွားလုပ်တယ် အဲလိုတော့ ရှိနေတယ်။ အခြေအနေကတော့ တော်တော်လေး ကောင်းသွားပါပြီ။ ၈ရက် ရှိနေပြီ တိုက်ပွဲအခြေအနေက လုံးဝငြိမ်သွားတာ။”

တချို့ဒေသခံတွေကတော့ သူတို့ ကျေးရွာတွေမှာ စွန့်ပစ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေ ကျန်ရှိနေတာကြောင့် စိုးရိမ်တာတွေလည်း ရှိနေကြောင်း ဦးစိုင်းပူးက ပြောပါတယ်။

ကျောက်မဲမြို့နယ်အတွင်းက ကျေးရွာ အုပ်စု ၁၂စုကို နယ်မြေအခြေအနေအရ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း ကြေညာခဲ့ရာမှာ လက်ရှိ တိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့တဲ့ ကျေးရွာတွေလည်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့ခင်း ၂နာရရီလောက် နမ့်ခမ်းမြို့က လျှပ်စစ်ပစ္စည်းဆိုင်တဆိုင်ကို လက်နက်ကိုင် လူတစ်စုက ဝင်လာပြီး ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးသွားခဲ့ကြောင်းနဲ့ ဘာကြောင့် ဘယ်အဖွဲ့က ဖမ်းဆီးတယ်ဆိုတာ မသိရသေးကြောင်း နမ့်ခမ်းမြို့က ဒေသခံတွေက ပြောပါတယ်။

နမ့်ခမ်းမြို့ရှိ လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေက ကူညီနိုင်ဖို့ ပြင်ဆင်ဆောင်ရွက် နေချိန် တနင်္လာနေ့ ညနေပိုင်းမှာတော့ လူမှားဖမ်းတာကြောင့် ပြန်လွှတ်လာကြောင်း အငြိမ်းစား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက VOA ကို ပြောပါတယ်။

“ အခုအိမ်ပြန်ရောက်ပြီပေါ့။ သူတို့ ခေါ်သွားတဲ့ တစ်ယောက်လေ။ ၅နာရီ မထိုးခင်လေးမှာ အိမ်ပြန်ရောက်လာတာပေါ့။ လူမှားပြီးမှ ဖမ်းတယ်လို့ ပြောတယ်။ ”

လတ်တလော ဖမ်းဆီးတာနဲ့ပတ်သက်လို့တော့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်က သူအနေနဲ့ ဘာသတင်းမှ မရကြောင်း ပြောပါတယ်။

၂၀၁၈ခုနှစ်က နမ့်ခမ်းမြို့မှာ TNLA တအန်း(ပလောင်)အဖွဲ့က အမျိုးသမီးတစ်ယောက် တာဝန်ဝတ္တရားကို နှောက်ယှက်မှုနဲ့ ဖမ်းဆီးခဲ့ဖူးပါတယ်။ ဒီဖမ်းဆီးမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့တွေက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ ခဲ့သလို TNLA ပါဝင်ဖွဲ့စည်းထားတဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ က ကြားဝင်ညှိနှိုင်းပေးတဲ့နောက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)
















XS
SM
MD
LG