မြန်မာတနိုင်ငံလုံး ရေကြီးရေလျှံခဲ့ပြီးတဲ့နောက် တချို့နေရာတွေမှာ စပါးအထွက်နှုန်း ထက်ဝက်လောက် ကျသွားလို့ စပါးဈေးလည်း တက်စပြုလာပါတယ်။ စစ်ကောင်စီက ဆန်ဈေး၊ စပါးဈေးကို ထိန်းချုပ် ထားပေမဲ့ ဈေးကွက်မှာတော့ စပါးဈေးကောင်းရင်တောင် လယ်သမားတွေ အဆုံးအရှုံးများတဲ့နှစ်လို့ အများစုက ပြောဆိုနေကြတာပါ။ ရန်ကုန်က သတင်းပေးပို့ထားတာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။
အခုနှစ်ထဲ မိုးစပါးစိုက်ဧက ထက်ဝက်လောက်ပျက်သွားတဲ့ ပဲခူးတိုင်းမှာ စပါးစျေးက တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ နီးပါးဖြစ်လာကြောင်း ဆန်၊ စပါး ကုန်သည်တွေက ပြောပါတယ်။ ၂၃ သိန်းလောက်အထိ စံချိန်တင်တက်ခဲ့တဲ့ မနှစ်ကစျေးလောက် ဖြစ်လာမယ်လို့ ခန့်မှန်းနေသူတွေလည်း ရှိပါတယ်။ တချို့ နေရာတွေမှာ စပါးဝယ်လို့မရကြောင်း ပဲခူးတိုင်းက ဆန်ကုန်သည်တဦးက ပြောပါတယ်။
"မိုးစပါးပေါ့ ၄၀ ရာခိုင်နှုန်းလောက်တော့ ပျက်စီးမှု ကျော်သွားလိမ့်မယ် ထင်တာပေါ့။ ကျွဲကွဲ အရှေ့ ဘက်၊ အုတ်ကျင်းအရှေ့ဘက်၊ အရှေ့ဘက်အခြမ်း အကုန်လုံး ပျက်စီးတယ်လေ။ ဆင်းသုခ ပဲခူးတိုင်း အရှေ့ဘက်အခြမ်းက (တင်းတရာကို) အခု မြို့ပေါ်အရောက်ကို ကျနော်တို့က ၁၉ သိန်း၊ ၇ သောင်း။ ပြောရရင် မနှစ်ကစျေးတန်းတခုကို ပြန်ရောက်လိမ့်မယ်လို့ မှန်းလို့ရတယ်။ မနှစ်က တင်းတရာကို ၂၅ သိန်းအထိ ရောက်သွားတယ်လေ။ အနည်းဆုံးကတော့ ၂၂ သိန်းနဲ့ ၂၅ သိန်းကြားကို သွားလိမ့်မယ်လို့ တွက်လိုရတယ်ဗျ။"
စပါးစျေးက ကောင်းနေပေမဲ့ ပဲခူးတိုင်းမှာ တဧကကို တင်း၆၀ပဲထွက်လို့ အမြတ်အစွန်းနည်းကြောင်း လယ်သမားတွေက ပြောပါတယ်။ ဧရာဝတီတိုင်းမှာတော့ တဧကကို တင်း၁၀၀ကျော်ထွက်ပြီး စပါးစျေးက ၁၈သိန်းဝန်းကျင် ရှိပါတယ်။
ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့မှာ လျှပ်တပြက် ရေကြီး၊ ရေလျှံမှုတွေ ဒီရက်ပိုင်းထဲ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ထား ပါတယ်။ စက်တင်ဘာလက ရေကြီးမှုကြောင့် တနိုင်ငံလုံးမှာ သီးနှံမျိုးစုံစိုက်ဧက ၆၄၀,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ပျက်စီးမှုက ဒီပမာဏထက်များနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပုံးအင်းဒေသ တခုတည်းမှာတင် ဧက ၃၀,၀၀၀ ကျော် ပျက်စီးခဲ့တာလို့ တောင်သူတဦးက ပြောပါတယ်။
"ပုန်းအင်းဆိုတဲ့ရွာဆိုရင် အဲဒီပုန်းအင်းက သဘာဝကိုက ရေဘေးမှာအိမ်တွေ ဆောက်ထားတာ၊ ဒုတိယအင်းလေးလို့ ပြောလို့ရတယ်။ အဲဒီအင်းကို ရေမြုပ်သွားတယ် အိမ်တွေပါကအစ။ စပါးတွေကလည်း ရင့်နေပြီ။ ရေနစ်မြုပ်သွားတယ်။ ဆန်စျေးက လက်ရှိတောင် မြင့်နေတယ်ဆိုတော့ လာမဲ့နှစ် (နွေစပါး) ပေါ်ချိန် မတိုင်ခင် ဆန်စျေးကတော့ မိုးထိတောင် တက်သွားမလား မပြောတတ်ဘူး။"
မြို့ပေါ်က ကုန်စည်ဒိုင်တွေလည်း ဒီရက်ပိုင်းထဲမှာ ဆန်အဝင်နည်းသွားတယ်လို့ ပွဲရုံပိုင်ရှင်တွေက ပြောပါတယ်။ စားသုံးသူရေးရာ ဦးစီးဌာနက ၂၄ ပြည်ပါတဲ့ ဧည့်မထဆန် တအိတ်ကို အနိမ့်ဆုံး ၇၃,၀၀၀ ကျပ် သတ်မှတ်ထားပြီး ရွှေဘိုပေါ်ဆန်း တအိတ်ကို ကျပ် ၁၅၀,၀၀၀ သတ်မှတ်ထားပါတယ်။ ဒီစျေးနှုန်းတွေထက်ပိုပြီး ရောင်းချမယ်ဆိုရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအတိုင်း တရားစွဲ၊ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ စျေးကွက်ထဲမှာတော့ စပါးစျေးအပေါ် မူတည် ပြီး ရွှေဘိုပေါ်ဆန်းမွှေးတအိတ်ကို ကျပ်၂ သိန်းနီးပါး ရှိနေပါတယ်။ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရတဲ့ ရခိုင်နဲ့ တခြားပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ဆန်စျေးနှုန်းတွေ အဆမတန် တက်လာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြောင်းပါ။
Forum