ရခိုင်ပြည်နယ်အရေးအတွက် ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ သူတို့ရဲ့ လုပ်ငန်းအစီအစဉ်၊ လုပ်ငန်းတာဝန်သတ်မှတ်ချက် စတာတွေကို ဒီကနေ့ နေပြည်တော်မှာ ထုတ်ပြန်လိုက်ပြီး သူတို့လုပ်ငန်းစဉ်ဟာ တစုံတယောက်ကို ပြစ်တင်ရှုတ်ချဖို့မဟုတ်ကြောင်း ကော်မရှင် ဥက္ကဌ က ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ARSA က အကြမ်းဖက် တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့တဲ့နောက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရာမှာ လူအခွင့်အရေးချိုးဖောက်တာတွေရှိခဲ့ကြောင်း စွပ်စွဲချက်တွေအပေါ် စစ်ဆေးနိုင်ဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြီးခဲ့တဲ့ လကုန်ပိုင်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဒီကော်မရှင်က သူတို့ဟာ စွပ်စွဲထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူမှုရှိစေဖို့အတွက်စုံစမ်းစစ်ဆေးပြီး ရခိုင်ပြည်နယ် ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းမှုရရှိစေဖို့အတွက်အကြံပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
ဒီလိုဆောင်ရွက်ရမှာမြန်မာနိုင်ငံဥပဒေအပြင် နိုင်ငံတကာ လူ့အခွင့်ရေးဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေအညီ ဆောင်ရွက်မှာဖြစ်ကြောင်း၊ သတင်းအချက်အလက်ရယူရာမှာမြန်မာအစိုးရအပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အဆင့်ဆင့်နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် မြန်မာအစိုးရထံကရယူမှာဖြစ်သလို ကော်မရှင် နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ၊ မျက်မြင်သက်သေတွေရဲ့ လုံခြုံရေးအတွက်လည်း ကာကွယ်သွားမှာဖြစ်ကြောင်းထုတ်ပြန်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ ကော်မရှင်ဥက္ကဌ သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုက ကော်မရှင်ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာ တစုံတယောက်ကို အပြစ်တင် လက်ညှိုးထိုးဖို့မဟုတ်ကြောင်း ပြောဆိုပါတယ်။
"ကျမတို့ဟာ လူတဦးတယောက်ကို အပြစ်တင်တာ၊ လက်ညှိုးထိုးတာတွေ လုပ်မှာ မဟုတ်ကြောင်း။ ဒီလိုလုပ်ခြင်းအားဖြင့် ဘာမှ ရနိုင်မှာမဟုတ်ကြောင်းနဲ့ ကျမတို့ရဲ့လုပ်ငန်းစဉ်ကတော့ ကျမတို့ကို ကူညီခြင်းနဲ့ကျမတို့က ပြန်လည် ကူညီပေးဖို့ဖြစ်ကြောင်း အတူပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုက ပြောဆိုသွားတာပါ။"
ကော်မရှင်ဟာ အခင်းဖြစ်ပွားရာနေရာဒေသတွေကို သွားရောက်စုံစမ်းစစ်ဆေးမှာဖြစ်သလို လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ ပွင့်လင်းမြင်မှု စတဲ့အချက်တွေနဲ့အတူ ဆောင်ရွက်မှာဖြစ်ကြောင်းလည်း သူတို့ ထုတ်ပြန်ထားပါတယ်။
ကော်မရှင်ရဲ့အစီရင်ခံစာနဲ့ အကြံပြုချက်တွေကို တနှစ်အတွင်းမှာ နိုင်ငံတော် သမ္မတဆီကို တင်ပြမှာဖြစ်ပါတယ်။
ကော်မရှင်ကိုတော့ ဖိလစ်ပိုင်နိုင်ငံက ဒု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်တဲ့ သံအမတ်ကြီး ရိုဆာရီယို မယ်နာလို၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီမား၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌဟောင်း ဦးမြသိန်းနဲ့ ယူနီဆက်ဖ်နဲ့ ကုလသမဂ္ဂဝန်ထမ်း ကောလိပ်ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။