လက်တလောတွေ့ကြုံနေရတဲ့ နိုင်ငံတကာ အရေးကိစ္စတွေနဲ့ ပတ်သတ်ပြီး သမ္မတဦးဝင်းမြင့်ရဲ့ လာမယ့် သုံးနှစ်တာ ကာလအတွင်းမှာ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ နဲ့ပတ်သတ်ပြီး အများစုက စိတ်ဝင်စား နေကြပါတယ်။ အစိုးရရဲ့ နိုင်ငံတကာ ဆက်ဆံရေး သံခင်းတမန်ခင်း ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ကျွမ်းကျင်တဲ့သူတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားသင့်တယ်လို့ နိုင်ငံရေးလေ့လာသူတစ်ချို့က သုံးသပ်ထားပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။
NLD အစိုးဖြတ်သန်းခဲ့တဲ့ ၂နှစ်တာအတွင်း ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတကာနဲ့ ဆက်ဆက်ရေး ကဏ္ဍတွေကို ပြန်လည်သုံးသပ်သင့်ပြီး ပြုပြင်ပြောင်းလဲမှုတွေလိုအပ်နေတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူတချို့က သုံးသပ်ကြပါတယ်။
အထူးသဖြင့် NLD အစိုးရသစ်လက်ထက်မှာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အားနည်းနေတာကလည်း ရခိုင်အရေးကိစ္စတွေက အကြောင်းအရင်း အများကြီးထဲက အချက်တစ်ချက် ဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတကာနဲ့ဆက်ဆံရေး အပိုင်းမှာကျွမ်းကျင် တတ်ကျွမ်းသူတွေနဲ့ ပြုပြင်ပြောင်းလဲ သင့်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းကပြောပါတယ်။
“ကျွန်တော့် အမြင်ကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးဟာ အစိုးရသစ်ရဲ့ ၂နှစ် သက်တမ်းမှာ အင်မတန်မှကို ဆိုရွားတဲ့ အနေအထားမှာ ရှိနေတယ်လို့ ယေဘုယ သုံးသပ်လို့ ရတယ်။ အဲဒီ အခါကျတော့ လာမယ့်သုံးနှစ် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သတ်ပြီးတော့လည်း ပြန်ပြီးတော့ ဆန်းစစ် သုံးသပ်မှုတွေ လုပ်ဖို့လိုအပ်တယ်လို့ မြင်တယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သတ်ရင် အဓိက ပေါ့လေ တိုက်စစ်မှုးတွေလို့ ပြောလို့ရတဲ့ သံအမတ်ကြီးတွေ နေရာမှာ နိုင်ငံရေးအရ၊ နိုင်ငံတကာ ဆက်ဆံရေးအရ စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို အစားထိုးခန့်ထားနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ လက်ရှိမှာ သံအမတ်ကြီးတွေရဲ့ သုံးပုံ၊ နှစ်ပုံလောက်က တပ်မတော် အငြိမ်းစား အရာရှိကြီးတွေ ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီအခြေအနေကိုလည်း ပြုပြင်ပြောင်းလဲ ပစ်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”
အစိုးရအနေနဲ့ အင်အားကြီး နိုင်ငံနှစ်ခုကြားမှာ ရှိနေတဲ့ အခြေအနေပေါ်မူတည်ပြီး နိုင်ငံတကာဆက်ဆံ ရေးမှာ ထိန်းကျောင်းကစားသွားနိုင်လိမ့်မယ်လို့လည်း အများစုကယုံကြည်ထားပါတယ်။ သတင်းစာဆရာ တစ်ဦးဖြစ်တဲ့ ဦးသီဟစော က သူ့ရဲအမြင်ကိုအခုလိုပြောပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေ အနေနနဲ့ရော အိန္ဒိယနဲ့ရော ချိုင်းနားနဲ့ရော အရေးကြီးဆုံး အချက်က မြန်မာနိုင်ငံက အိန္ဒိယရဲ့ဘေးကရော ချိုင်းနားရဲ့ ဘေးကရော ထွက်ပြေးလို့မရဘူး။ အိမ်နီးနားချင်းတော့ အဲဒါတွေနဲ့ ပါဝါကို Balance ဖြစ်အောင်လုပ်ပြီး ကစားမယ့်သဘောမှာရှိပါတယ်။”
လွှတ်တော်နှစ်ရပ်က နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ကော်မတီတွေ အနေနဲ့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်တွေကို စောင့်ကြည့်ထိန်းကြောင်းဖို့ လိုအပ်နေတယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာစီယံ) ရဲ့ (၃၂)ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို စင်္ကာပူနိုင်ငံမှာ ဧပြီလထဲ ကျင်းပသွားဖို့လည်း ရှိနေပါတယ်။
ဒီအစည်းအဝေးကို သမ္မတဦးဝင်းမြင့် ဒါမှမဟုတ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မလား ဆိုတာ နိုင်ငံရေး အသိုင်းအဝန်းက စိတ်ဝင်စားနေကြပါတယ်။