သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူမှာ ကြိုတင်မဲတွေဆက်ပေး


ငါးရက်မြောက်နေ့အဖြစ် မဲပေးဖို့ စောင့်ဆိုင်းနေကြတဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ-ကိုဝဏ္ဏသိမ်းစော)
ငါးရက်မြောက်နေ့အဖြစ် မဲပေးဖို့ စောင့်ဆိုင်းနေကြတဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ-ကိုဝဏ္ဏသိမ်းစော)

မဲပေးမယ့်သူတွေ များလွန်းတာကြောင့် မဲပေးခွင့်ရက် ထပ်တိုးလိုက်ရတဲ့ စကာၤပူနိုင်ငံမှာတော့ ထောင်နဲ့ချီတဲ့ မဲဆန္ဒရှင်တွေ မြန်မာသံရုံးရှေ့မှာ ညအိပ် စောင့်ဆိုင်း မဲပေးနေကြပါတယ်။ မဲဆန္ဒရှင် ပညာပေးသူတွေ၊ အစားအသောက် ဝေငှပေးသူတွေကလည်း နာရီနဲ့ချီ စောင့်ဆိုင်းနေကြရတဲ့ မဲဆန္ဒရှင်တွေ အဆင်ပြေစေဖို့ ကူညီပေးနေကြပါတယ်။ ကြိုတင်မဲပေးမှု အရှိန်ရလာတာနဲ့ အမျှ မြန်မာသံရုံး ဝန်ထမ်းတွေဘက်ကလည်း မဲဆန္ဒရှင်တွေကို ပိုပြီး အကူအညီတွေ ပေးလာတယ်လို့ မဲပေးခဲ့သူတွေက ပြောပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံသား အများအပြား တရားဝင် အလုပ်လုပ်ကိုင်နေကြတဲ့ စကာၤပူနိုင်ငံကတော့ လာမယ့် လွှတ်တော်ရွေးကောက်ပွဲတွေအတွက် ကြိုတင်မဲ ပေးနေကြတဲ့ မဲဆန္ဒရှင် အရေအတွက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ ၄ ရက်တာ ကြိုတင်မဲပေးရက် သတ်မှတ်ခဲ့တာကနေ အခု နောက်ထပ် ၃ ရက် ထပ်တိုးပြီး အောက်တိုဘာလ ၂၁ ရက်နေ့ အထိ တိုးလိုက်ရပါတယ်။ ဒီကနေ့မှာတော့ မဲဆန္ဒရှင် ၃ ထောင်လောက် မဲပေးခဲ့တယ်လို့ ကြိုတင်မဲပေးခဲ့သူ ကိုဇေယျာဦးက ပြောပါတယ်။

“ကျနော် ဒီကနေ့တော့ ၅ နာရီလောက်ပဲ တန်းစီလိုက်ရတယ်။ နည်းနည်းတော့ မြန်တယ် ခင်ဗျ။ ၃,၀၀၀ နီးပါး၊ နည်းနည်းတောင်ကျော်ရင် ကျော်မယ် ခင်ဗျာ။ ဒီနေ့လည်း အခု ကြာဇံဟင်းခါးတိုက်တဲ့လူတို့ ၊ ဆီထမင်းကျွေးတဲ့လူတွေရှိတယ်ခင်ဗျာ။ အအေးတိုက်တာတို့ ရေသန့်ဘူးတို့ကတော့ အများကြီးပဲ။ ကျနော်တို့ ပေးပြီးတော့ ပြန်လာတဲ့အခါမှာ သူတို့ survey ကောက်တာပေါ့။ တော်တော်များများရှိတယ်၊ နှစ်ဖွဲ့လောက်ရှိတယ်ခင်ဗျာ။ မပေးခင်မှာလည်း သူတို့ မမှားအောင် သူတို့ ဘာညာတွေ ပြောပေးတဲ့အဖွဲ့လည်း ရှိတယ်ခင်ဗျာ။ သူတို့ ဖြစ်နိုင်တဲ့ဟာတွေ စစ်တမ်းကောက်တဲ့ဟာတွေကို ကျနော်တို့ ကို share ပေးတယ်ခင်ဗျာ။”

ကြိုတင်မဲ စပေးတဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတုန်းကတော့ မဲဆန္ဒရှင် ၁,၈၀၀ လောက် မဲပေးခဲ့ကြပါတယ်။ ကြိုတင်မဲ ပေးနေကြတာမှာတော့ မဲစာရင်းမှာ ပါပြီး မဲပေးခွင့် မရသူတွေရှိသလို တချို့တို့ကတော့ လွှတ်တော် ၃ ရပ်စလုံး အတွက် မဲပေးခွင့် မရသူတွေလည်း ရှိနေတာပါ။ ဒါ့အပြင် သံရုံးဝန်ထမ်းတွေ ဘက် ကလည်း ဆန္ဒမဲပေးမှုနဲ့ ပတ်သက်လို့ ကျွမ်းကျင်မှုအားနည်းတာကြောင့် အမှားအယွင်းတွေ ရှိခဲ့တယ်လို့ ကြိုတင်မဲတွေ စပြီးပေးတဲ့ ကြာသပတေးနေ့မှာ ရှေ့ဆုံးလောက်က မဲပေးခဲ့သူ ကိုဇင်မောင်လတ်က ပြောပါတယ်။

“ကြာသပတေးနေ့ ပထမဆုံးပေးတဲ့နေ့ ကျနော်ရောက်သွားတဲ့အချိန်က ၇ နာရီ ၁၀ မိနစ်လောက်မှာဆိုတော့ လူကရှေ့မှာ များများစားစားမရှိဘူးပေါ့။ ရှေ့မှာ ၁၄ ယောက်လောက်ပဲ ရှိတာ။ အဲဒီနေ့က အားလုံးပြီးတာက ၁,၈၀၀ လောက်ပြီးတယ်လို့ပြောတယ်။ တခုတော့ရှိတာက ပထမဆုံးနေ့ဖြစ် တာကြောင့် အစီအစဉ်မကျတာလေးတွေတော့ရှိတာပေါ့နော်။ ကျနော်တို့ တယောက်ကိုဆိုရင် ၁၅ မိနစ်၊ ၂၀ လောက်တော့ကြာတယ်။ ပထမဆုံးဖြစ်တဲ့ အခါကျတော့ ကျနော်က စစ်ကိုင်းတိုင်း တဇင်....ကပေါ့နော်။ ....ကို ပြန်ရှာဖို့ရန်အတွက် သူတို့ နည်းနည်းလေး အခက်အခဲတွေ ဖြစ်နေတာပေါ့နော်။ ဝန်ထမ်းတွေကလည်း ကျနော်တို့ နယ်တွေနဲ့ မရင်းနှီးဘူးထင်တယ်။ ရှာရတဲ့အခါမှာ နည်းနည်း အခက်အခဲဖြစ်တယ်။ ပြီးတော့မဲပြားတွေမှာ ကျနော်တို့ စစ်ကိုင်းတိုင်းက နှစ်ယောက်ရှိတယ်။ နှစ်ယောက်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုပဲ ပေးလိုက်တာ။ သုံးခုမပါလို့ ကျနော်ပြောလိုက်မှ ပြန်တောင်းတော့ သူတို့ ပြန်ရှာပေးပါတယ်။ ရှာတော့တွေ့တယ်။ ကျနော်တခု ကျနော်တို့ကို အကြံပေးချင်တာက သူတို့ ကြိုတင်ပြီးတော့ လက်မှတ်မထိုးထားတဲ့အခါကျတော့ တခါတလေမှာ မေ့သွားမှာ ကြောက်ရတယ်။ ကျနော်တုန်းကတော့ ပြန်ထိုးခိုင်းရတယ်ခင်ဗျာ။ သူတို့မထိုးထားသေးလို့လေ။ မေ့သွားလို့ မဲရုံမှူးလက်မှတ်မပါသေးလို့ဆိုတော့ ပြန်ထိုးပေးပါတယ်။ မဲလက်မှတ်တွေက ခုနကပြောသလို ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့ သုံးခုရရမှာကို နှစ်ခုတွေဖြစ်တက်တာပေါ့နော်။ တချို့ကျတော့ ပြန်ပြောမှ သိတာပေါ့နော်။ ပထမဆုံးနေ့လည်း ဖြစ်တာကြောင့် ဖြစ်နိုင်ပါတယ်။ မဲပေးရတာကတော့ ကျနော် သိရသလောက်ကတော့ ခဲရာခဲဆစ်တော့မရှိပါဘူး။ သူတို့ပေးလိုက်တဲ့ မဲပြားလေးတွေနဲ့ စာအိတ်နဲ့ ကိုက်အောင်ကြည့်ရမယ်။ အမှန်ခြစ်ရမယ်။ ခြစ်ပြီးရင် သက်ဆိုင်ရာမဲပုံးထဲကို ထည့်ပေါ့နော်။ ဒါပါပဲ။ တခုရှိတာက ကျနော်တွေ့ရသလောက်ကတော့ သူတို့ သုံးထားတဲ့ စာအိတ်က နည်းနည်းညံ့တယ်ဗျ။ စာအိတ်က ညံ့တဲ့အခါကျတော့ ကျနော်တောင် ၂ ခါ ပြန်ကပ်ရတယ် ခင်ဗျာ။ ပထမတခါ ကျနော်ကပ်ပြီးပြီ။ အပြင်ပြန်ထွက်လာတော့ ကွာနေတာကြောင့် ပြန်ပြီးတော့ ဝင်ကပ်ခဲ့ရသေးတယ်။”

ဒါပေမယ့် ဒီကနေ့မှာတော့ သံရုံးဝန်ထမ်းတွေ ဘက်က ဆန္ဒမဲ လက်မှတ်ပေါ်မှာ မဲရုံမှူး လက်မှတ်၊ နောက် လွှတ်တော်သုံးရပ် စလုံးအတွက် မဲပေးကြဖို့ကို နှိုးဆော်နေတာ တွေ့ရပါတယ်လို့ ဒီကနေ့ မဲပေးခဲ့သူ ကိုဇေယျာဦးက ပြောပါတယ်။ သူကတော့ အပြောင်းအလဲ အတွက် မဲပေးတာလို့လည်း အခုလို ပြောပါတယ်။

“ကျနော်ကတော့ ပြောင်းလဲချင်တာပါပဲ ကျတော်တို့နိုင်ငံ ကို သူများနိုင်ငံလိုဖြစ်ချင်တာခင်ဗျာ။ ကျနော်တို့က အဲဒီလိုမျိုး ဒီမှာတော့တွေ့မြင်နေရတာပေါ့ဗျာ။ ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေ ဒါတွေကျနော်တို့ နိုင်ငံမှာ ဖြစ်စေချင်တာပေါ့ အဓိကကတော့ အဲဒါပါပဲ။”

ဒီကနေ့ တနလာၤနေ့ စကာၤပူနိုင်ငံ မြန်မာသံရုံးရှေ့မှာတော့ မဲပေးဖို့ လာရောက် စောင့်ဆိုင်းကြတဲ့ ထောင်နဲ့ချီတဲ့ မဲဆန္ဒရှင်တွေ အတွက် အစားအသောက် ဝေငှပေးသူတွေ၊ မဲဆန္ဒပေးတာမှာ လွယ်ကူအောင် သတိထားရမယ့် အချက်တွေကို အသိပေး ပြောပြပေးသူတွေ၊ နောက် မဲပေးလာသူတွေကို စစ်တမ်း ကောက်ယူသူတွေနဲ့ အတော်လေး သိုင်းသိုင်းဝိုင်းဝိုင်း ရှိနေပါတယ်။ နေ့စဉ် မဲဆန္ဒရှင် ၃ ထောင်လောက်က မဲပေးဖို့ တန်းစီနေကြသလို နောက်ထပ် ထောင်နဲ့ချီတဲ့ မဲဆန္ဒရှင်တွေကလည်း နောက်ရပ်တွေမှာ မဲပေးခွင့်ရဖို့ အတွက် တုံကင် လက်မှတ် စောင့်ဆိုင်းဖို့ တန်းစီနေကြပါတယ်။ မဲဆန္ဒရှင် စာရင်းမှာ ပါပြီး မဲပေးခွင့် မရသူတွေ လွှတ်တော် သုံးရပ်စလုံး အပြည့် မဲပေးခွင့် မရသူတွေ ရှိနေတာကိုလည်း စကာၤပူနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက အသိအမှတ်ပြု ထားပါတယ်။ ဒီလူတွေ အတွက်တော့ နိုဝင်ဘာလ ၈ ရက်နေ့ မြန်မာနိုင်ငံမှာ ကျင်ပမဲ့ ရွေးကောက်ပွဲမှာ မဲပြန်ထည့်နိုင်ဖို့ အတွက် မဲမထည့်ရသေးကြောင်း အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးပါမယ်လို့လည်း မြန်မာသံရုံးက မနေ့က ကြေညာထားပါတယ်။

XS
SM
MD
LG