[Zawgyi/Unicode]
ဖေဖော်ဝါရီလထဲက ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းဌာနက သတင်းထောက် မကေနွန်နွေး အင်းစိန်ထောင်ထဲမှာ ရက်တော်တော်ကြာ တိုက်ပိတ်ခံခဲ့ရပါတယ်။ အစာငတ်ခံဆန္ဒပြတယ်ဆိုပြီး တိုက်ပိတ်ခဲ့ကြောင်း မိခင်ဖြစ်သူက ဗွီအိုအေကိုပြောပါတယ်။ မကေဇွန်နွေးရဲ့အမှုကို ဒီနေ့ ရုံးထုတ် စစ်ဆေးပါတယ်။ အလားတူ ကမ္ဘောဇတိုင်းသတင်းဌာနက အမျိုးသမီးသတင်းထောက် နှစယောက်အပါအဝင် သတင်းထောက် ၄ ယောက်ရဲ့အမှုတွေကို စတင်စစ်ဆေးပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အရပ်သားအစိုးရဆီကနေ အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်မှုတွေမှာ သတင်းရယူစဉ် သတင်းထောက်တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ မြေနီကုန်းမြို့နယ် ဆန္ဒပြပွဲတွေမှာ စစ်တပ်က ပစ်ခတ်ဖြိုခွဲတာကို သတင်းရယူနေစဉ် အဖမ်းခံခဲ့ရတဲ့ Myanmar Now သတင်းဌာနက သတင်းထောက် မကေနွန်နွေးရဲ့ အမှုကို ဒီနေ့ ရုံးထုတ်စစ်ဆေးပါတယ်။
မကေဇွန်နွေးကို ၅ ကြိမ်မြောက်ရုံးထုတ်တာဖြစ်ပြီး တရားလိုဘက်ကို စတင်စစ်ဆေးတယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။ လာမယ့် မေ ၂၀ ရက်နေ့မှာ နောက်ထပ် ရုံးထုတ်စစ်ဆေးဖို့ ရုံးချိန်းပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂၄ ရက်နေ့တုန်းကတော့ မကေဇွန်နွေးကို အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြတာမှာ ဦးဆောင်တယ်လို့ဆိုပြီး ရက်အတော်ကြာ တိုက်ပိတ် အပြစ်ပေးခံခဲ့ရတယ်လို့ မကေဇွန်နွေးမိခင်ဖြစ်သူက အတည်ပြုပြောကြားပါတယ်။
"၄ လပိုင်း ၂၈ ရက်နေ့က ဧပြီလ။ သူတို့ ၃ ယောက်တဲ့ အဲဒီမှာ ၃ ယောက် တခန်းထားတယ်တဲ့.. အဲဒီလိုပြောတယ်။ ဘယ်လိုကြောင့် တိုက်ပိတ်ခံရတာလဲဆိုတော့ သူမေးတော့ သူဘာမှမလုပ်ဘူးတဲ့... သူဥပုဒ်စောင့်တယ်။ ဒီလက ဥပုဒ်လလေ။ အဲဒီတော့ ရေလည်း မသောက်ရဘူး၊ အစာလည်း မစားရဘူးလေ။ မစားရတာကို အဲဒါကို အစာငတ်ခံဆန္ဒပြတယ်ဆိုပြီးတော့ အဆောင်ပြောင်းမယ်ဆိုပြီးခေါ်သွားပြီးတော့... ဟိုကျတော့ တိုက်ပိတ်ထားတယ်တဲ့ သူတို့ ၃ ယောက်ကို။ တကယ်အစာငတ်ခံဆန္ဒပြတဲ့ အဖွဲ့က သတ်သတ်ရှိတယ်။ ထွက်လာတော့ သူ့နာမည်ပဲထွက်လာတယ်တဲ့။ သူက ခေါင်းဆောင်ဆိုပြီး ထွက်တယ်တဲ့။ တကယ်က သူက အစာငတ်ခံတာ မဟုတ်ဘူး။ သူက ဥပုဒ်စောင့်နေတာတဲ့။ အဲဒီလိုပြောတယ်။ အန်တီက အဲဒီလာက်ပဲသိတယ်။ ဘာမှသေချာမသိဘူး။ ရုံးချိန်းက ခုမှ ပထမအကြိမ်တရားလိုပဲ စစ်သေးတယ်... သူ့ကိုမစစ်သေးဘူး။ နောက်ရုံးချိန်းကတော့ ရက် ၂၀ နေ့ ရုံးချိန်း။"
ဖြစ်စဉ်အသေးစိတ်နဲ့ ပတ်သတ်လို့ မကေဇွန်နွေးရဲ့ ရှေ့နေဒေါ်နီလာခိုင်ကို ဆက်သွယ်မေးမြန်းတာမှာ ရှေ့နေကလည်း တိုက်ပိတ်ခံရတာ ဟုတ်မှန်တယ်လို့ အတည်ပြုပါတယ်။ တိုက်ပိတ်ခံရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိသေးရသေးဘူးလို့ပြောပါတယ်။
ဒီနေ့ မကေဇွန်နွေးအမှုကို ရုံးထုတ်ခဲ့သလို အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကိုလည်း ရုံးထုတ်စစ်ဆေးပါတယ်။ သတင်းရယူချိန်မှာ ဖမ်းဆီးခံရတဲ့ ကိုစိုးရာဇာထွန်းအပေါ် ဆန္ဒပြသူတွေကို သွေးထိုးစည်းရုံးတယ်ဆိုတဲ့ စွဲချက်ကိုပါ တရားလိုဘက်က တင်ပြလာတယ်လို့ သူ့ရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ဗွီအိုအေကိုပြောပါတယ်။
"အမှုကိစ္စကတော့ ဒီနေ့ တရားလိုလုပ်တဲ့ ကမာရွတ်မြို့နယ်စခန်းမှူး သူ့ကို ကျနော်တို့ စ စစ်တယ်။ စ စစ်တဲ့အခါကျတော့ ကျန်တဲ့သတင်းထောက်တွေနဲ့ မတူဘဲနဲ့ ကျန်တဲ့သတင်းထောက်တွေကတော့ သတင်းရယူနေစဉ် ဖမ်းဆီးမိတယ်လို့ တိုင်တယ်.. နည်းနည်းပေါ့တာပေါ့။ သူကျတော့ သတင်းရယူခြင်းထက် ရှိနေတဲ့ ဆန္ဒပြလူစုလူဝေးနဲ့အတူ ပူးပေါင်းပြီးတော့ လှုံ့ဆော်ကြွေးကြော်နေတဲ့ အနေအထားမျိုးနဲ့ တိုင်တော့ ဥပဒေသဘောအရ ပိုလေးလေးနက်နက်ရှိတယ်။ ရဲမှူးကို သေသေချာလေးစစ်မေးတဲ့အခါမှာတော့ သူ့ကို အဲဒီလိုလုပ်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊ အသံဖိုင်တွေ စတဲ့ အထောက်အထား တစုံတရာ သူ တင်ပြနိုင်ခြင်း မရှိဘူး။ ဒီနေ့လည်း မတင်ပြနိုင်ဘူး။ အရင်ကလည်း လုံးဝမတင်ပြခဲ့ဘူး။ ပြီးမှပဲ ဖမ်းဆီးတာတို့ စစ်ဆေးတာတို့ လုပ်ရမှာပေါ့။ အခုကတော့ ပြောင်းပြန်ဖြစ်နေတဲ့အတွက် ဒါလေးကတော့ သူ့အတွက် ဥပဒေအရ အခွင့်အရေးလေး တခုရမယ်လို့ ကျနော် မျှော်လင့်ရတာပေါ့။"
ရန်ကုန်က အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြပွဲတွေအပေါ် စစ်တပ်က အကြမ်းဖက်ဖြိုခွဲတာကို သတင်းယူရင်း သတင်းထောက် ၆ ဦးထက်မနည်း ဖမ်းခံရတာမှာ AP သတင်းဌာနက သတင်းထောက်တဦးကိုသာ ပြန်လွှတ်ခဲ့ပြီး ကျန်သူတွေကိုတော့ ပုဒ်မ ၅၀၅-က၊ တပ်မတော်ပြိုကွဲအောင်လှုံ့ဆော်မှု၊ လုပ်ဆောင်မှု ပုဒ်မနဲ့ ကမာရွတ် မြို့မရဲစခန်းက ဒုရဲမှူးမျိုးဦးက တရားလိုလုပ် တရားစွဲခဲ့တာပါ။
သူတို့လိုပဲ တခြားပြည်နယ်တိုင်းတွေဖြစ်တဲ့ နေပြည်တော်၊ ပုသိမ်၊ မြိတ်၊ ပြည်၊ ပဲခူး၊ တာချီလိတ် တို့မှာလည်း ဖမ်းဆီးခံထားရသူတွေ ရှိပါတယ်။
ဒီကနေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးအခြေစိုက် ကမ္ဘောဇတိုင်းက အမျိုးသမီးသတင်းထောက် ၂ ယောက်၊ ထုတ်ဝေသူအပါအဝင် စုစုပေါင်း ၄ ယောက်ကိုလည်း ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ ဒီနေ့ရုံးထုတ်တဲ့ အခြေအနေကို ရှေ့နေ ဦးညီညီဇော်က ခုလို ပြောပြပါတယ်။
"အရင်တချိန်းလိုမျိုးပဲပေါ့.. ဥပဒေအရာရှိက သူ့ကို အာဏာမပေးထားတဲ့အခါကျတော့ မလာဘူးပေါ့။ အမှုမှာလည်း တရားလိုရော၊ တရားလိုပြသက်သေရော မလာဘူးပေါ့။ ဒါကြောင့်မစစ်ဖြစ်ဘူး။ ရုံးချိန်းကတော့ ၂၀ ရက်နေ့ ပြန်ချိန်းထားတာပေါ့။ ကမ္ဘောဇတိုင်း သတင်းထောက်တွေရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းပါတယ်။ အာမခံလျှောက်ဖို့ ကိစ္စကတော့ ဥပဒေအရာရှိ မလာလို့ရှိရင်တော့ ကာယကံရှင်တွေ ဆန္ဒအရ လျှောက်ပေးရမှာပေါ့။ ခုကတဘက်က ဥပဒေအရာရှိ မရောက်သေးဘူး၊ မပါသေးတဲ့အတွက် အဲဒီကိစ္စက လုပ်လို့ မရသေးလို့လေ... အဲဒီလို ဖြစ်နေတယ်။"
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးထားတဲ့ သတင်းထောက် အယောက် ၅၀ ထက်မနည်းရှိပြီး အယောက် ၂၀ နီးပါးကို ဖမ်းဝရမ်းထုတ်ထားပါတယ်။
DVB၊ မဇ္ဈိမ၊ Myanmar Now၊ 7 Days၊ ခေတ်သစ် စတဲ့ သတင်းလုပ်ငန်းကြီးတွေရဲ့ လုပ်ငန်းလုပ်ခွင့်ကို မတ်လ ၈ ရက်နေ့မှာ စစ်ကောင်စီကပိတ်ခဲ့ပြီး မြစ်ကြီးနားမြို့အခြေစိုက် The 74 နဲ့ မြစ်ကြီးနားသတင်းဌာနတွေကို ဧပြီလ ၂၉ ရက်က ပိတ်ပင်ခဲ့ပါတယ်။
[Unicode Version]