ပြည်တွင်းစစ်ရပ်တန့်နိုင်ဖို့နဲ့ တဘက်သတ် အပစ်အခတ်ရပ်စဲနိုင်ဖို့ ရည်ရွယ်ပြီး ဒီနှစ်ကုန်အထိ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်စဲမယ့်အကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
ရခိုင်ဒေသအပါအဝင် သူတို့ လက်ရှိ လှုပ်ရှားနေတဲ့ နေရာ အားလုံးမှာ အပစ်အခတ်ရပ်စဲလိုက်တာဖြစ်လို့ တပ်မတော်ဘက်ကလည်း ဒီနေရာတွေမှာ ထိုးစစ်တွေထပ်မလုပ်ဖို့ မျှော်လင့်ကြောင်း ရခိုင်လက်နက်ကိုင် AA ဘက်ကပြောလိုက်ပေမဲ့ တပ်မတော်ဘက်ကတော့ သူတို့အနေနဲ့ နယ်မြေရှင်းလင်းမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ တပ်မတော်ဘက်ကတော့ ဒါနဲ့ပတ်သက်လို့ မှတ်ချက် တစုံတရာမပေးလိုကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။
ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအောင်းလက်နက်ကိုင် TNLA တို့က ဒီနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ဟာ တပ်မတော်ရဲ့ ထိုးစစ်တွေကို ရပ်တန့်ဖို့ရည်ရွယ်သလို၊ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းနေတဲ့ အတောအတွင်း ယုံကြည်မှု တည်ဆောက်နိုင်အောင် ရည်ရွယ်ကြောင်း ရခိုင်လက်နက်ကိုင် AA ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
“ဒီဟာကတော့ အဓိကဦးတည်ချက်ကတော့ တွေ့ဆုံဆွေနွေးနေကြတဲ့ ကာလမှာ နှစ်ဦး နှစ်ဘက်ကြားမှာနေပြီးတော့ ယုံကြည်မှုတွေ ပိုပြီးတော့ဒါ ဖြစ်လာအောင်ပေါ့နော်။ ကျနော်တို့ ညီနောင် မဟာမိတ်တွေဘက်က ကျနော်တို့ လုပ်နိုင်တဲ့ အပိုင်းပေါ့နော် အဲဒါကိုကျနော်တို့ဘက်က လုပ်တာဖြစ်တယ်။ ဆိုတော့ ကျနော်တို့ဘက်က လုပ်သလိုမျိုး တဘက်ကနေပြီး ဗမာစစ်တပ်ဘက်ကလည်းပဲ သူတို့လုပ်နေတဲ့ ထိုးစစ်တွေကို ရပ်လိုက်မယ်ဆိုရင်တော့ အခုလက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်သွားနိုင်တာပေါ့။”
ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်ပွဲတွေကို အနိမ့်ဆုံးဖြစ်အောင် လျှော့ချထားပြီး တပ်မတော်ရဲ့ ထိုးစစ်တွေကို ခုခံကာကွယ်တဲ့ အနေအထားဖြစ်ကြောင်း၊ အခု ထုတ်ပြန်ချက်ကလည်း ရခိုင်ဒေသအပါအဝင် သူတို့လှုပ်ရှားနေတဲ့ နေမြေဒေသအားလုံးမှာ အပစ်အခတ်ရပ်စဲထားတယ်ဆိုတာ အသိပေးလိုက်တာလို့ ခိုင်သုခက ပြောပါတယ်။
“အခုက ဗမာစစ်တပ်ဘက်က သူတို့ဒီအပစ်အခတ် ရပ်စဲရေး တဖက်သတ်ကြေညာထားတဲ့ ဥစ္စာမှာ ပြောရမယ်ဆိုရင် ကျနော်တို့ ရခိုင်ဒေသမပါဘူး။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မပါဘူး။ အဲဒါကြောင့်မို့သူတို့က အဲဒီမှာ အင်အားတွေ အလုံးအရင်းနဲ့ ဖိပြီးတော့မှ တိုက်နေတယ်။ ဒီဟာမျိုးက ပြောရမယ်ဆိုရင် သူတို့ရဲ့ အဓိက တိုက်ပွဲရပ်တန့်ထားတဲ့ ဦးတည်ချက်က အကောင်းဘက်ကို ဦးမတည်ဘူး ဖြစ်နေတာပါ့။ အခုကျနော်တို့ဘက်က တဖက်သတ် အပစ်အခတ်ရပ်စဲထားတဲ့ အနေအထားက အခုကျနော်တို့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ လှုပ်ရှားနယ်မြေတွေ အားလုံးပါတယ်ဆိုတဲ့ အခါကျတော့ အများကြီး အကျိုးသက်ရောက်မှုက ပိုရှိတာပေါ့”
စက်တင်လာ ၁၇ရက်ကလည်း ကျိုင်းတုံမြို့မှာ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်တဲ့ ကချင်လက်နက်ကိုင် KIA, တအောင်းလက်နက်ကိုင် TNLA, ကိုးကန့်အဖွဲ့ MNDAA နဲ့ ရခိုင်လက်နက်ကိုင် AA တို့ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် ဆွေးနွေးခဲ့ကြပါတယ်။ ဒီပွဲမှာ အပစ်ရပ် လက်မှတ်ထိုးရေးနဲ့ တပ်နေရာချထားရေး အပါအဝင် အချက် ၇ခုကို နောက်ဆွေးနွေးပွဲတွေမှာ ဆက်ဆွေးနွေးကြဖို့ သဘောတူညီမှုရခဲ့ပါတယ်။
ဒါပေမဲ့လည်း ဆွေးနွေးပွဲတွေကို တိုက်ပွဲတွေလုပ်ရင်း ဆက်သွားမလားဆိုတဲ့အပေါ်မှာ အများစုက စိုးရိမ်နေကြတာလည်း ရှိပါတယ်။ ဒါကြောင့် တင်းမာတဲ့ သဘောထားတွေကို တပ်မတော်ဘက်က လျှော့ချဖို့လိုကြောင်း ခိုင်သုခကပြောပါတယ်။
“ဗမာစစ်တပ်ဘက်ကနေပြီးတော့ အရင်သူတို့ကိုင်စွဲထားတဲ့ တင်းမာတဲ့ သဘောထားတွေကို လျှော့နိုင်မယ်ဆိုရင် ညှိနှိုင်းဆွေးနွေးတဲ့ ဥစ္စာတွေမှာ ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်လာမှာပေါ့။ အခုက သူတို့ကနေပြီးတော့ တဖက်သတ် တင်းမာတဲ့ စကားတွေ ပြောနေတဲ့အခါကျတော့ တချို့ကိစ္စတွေမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ရှေ့မရောက်နိုင်တဲ့ ဥစ္စာတွေလည်း ရှိတာပေါ့။”
ညီနောင်မဟာမိတ်သုံးဖွဲ့က ၁လတာအပစ်ရပ်စဲကြောင်း စက်တင်ဘာ ၉ ရက်ကလည်း ကြေညာခဲ့ပါတယ်။ အခု ဒီနှစ်ကုန်အထိ သက်တမ်းထပ်တိုး လိုက်တာပါ။ တပ်မတော်ဘက်က လေ့ကျင့်ရေးစခန်းတွေကိုတိုက်တာ၊ လေကြောင်းကနေတိုက်ခိုက်တာ၊ စစ်ရှောင်တွေကို အကြောင်းပြပြီး ရိက္ခာ ဖြတ်တောက်တာတွေကို လုပ်မယ်ဆိုရင် ပြန်ပြီးခုခံကာကွယ် သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ညီနောင်သုံးဖွဲ့ရဲ့ ကြေညာချက်ထုတ်ပြန်တာနဲ့ပတ်သက်လို့ တပ်မတော်က မှတ်ချက်တစုံတရာမပေးလိုကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့က ဘာသဘောထားမှတ်ချက်မှ ပေးစရာမရှိပါဘူး ကျနော်တို့ပြောထားပြီးသားပါဗျ ကျနော်တို့ရဲ့ ဒီ၂၁ရက်နေ့ ထုတ်ပြန်ချက်မှာ အပိုဒ် ၅၊ ၆၊ ၇ နဲ့ပတ်သက်လာရင် ကျနော်တို့ ဒီအတိုင်း ကြည့်နေလို့ မရပါဘူး။ ပြည်သူ့အသက်အိုးအိမ် ထိပါးလာတာတို့ ပြီးရင် အုပ်ချုပ်မှု ယန္တယားအဆင့်ဆင့် ထိခိုက်တာ၊ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်တာ ကျနော်တို့ မလွှဲမသွေ ပြန်လည်တိုက်ခိုက်သွားရမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်ဘက်မှာကတော့ ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်တာ မကြားသေးပါဘူးဗျ။”
တပ်မတော်ဘက်က နောက်ဆုံးအကြိမ် အပစ်ရပ်စဲရေးကြေညာချက် ထုတ်ပြန်ထားတာကတော့ မနက်ဖြန် စက်တင်ဘာ ၂၁ရက်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသ စတဲ့ စစ်တိုင်းငါးခုမှာ အပစ်ရပ်စဲကြောင်း တပ်မတော်ဘက်က ကြေညာထားတာပါ။
သြဂုတ်လ ၁၅ရက်ကနေ တကြော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းမြောက်မှာ စက်တင်ဘာ ၄ရက်ထိ အရပ်သား ၁၇ယောက်သေဆုံးပြီး၊ အနည်းဆုံး လူ၂၇ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ နမ့်ဆန်မြို့နယ်ဘက်မှာ နောက်ဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော်လောက် တိမ်းရှောင်ခဲ့ရပြီး အခုတော့ သူတို့နေရပ်ကို ပြန်သွားနေပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
................................
{Unicode}