သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုးစစ်ရပ်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တပ်မတော်ကို တောင်းဆို


KIA စစ်သားများ
KIA စစ်သားများ

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြန့်ကြာနေချိန်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီးဒီလို တိုက်ပွဲတွေ ဟာ တွေ့ဆုံဆွေးနွေးဖို့ ယုံကြည်မှုကျဆင်းလာနိုင်တာကြောင့် ထိုးစစ်တွေရပ်ဆိုင်းဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က တပ်မတော်ကို တောင်းဆိုလိုက်ပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးတာတွေ မလုပ်နိုင်ရင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေ ပိုမိုကြီးမားလာနိုင်ကြောင်း သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရ PC ခေါ် ငြိမ်းချမ်းရေးကော်မရှင်နဲ့ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊AA ရခိုင်အဖွဲ့တွေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ဟာ ဇွန်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ သတ်မှတ်ခဲ့ပေမဲ့ တွေ့ဆုံမယ်နေရာ မသတ်မှတ် နိုင်တာကြောင့် ကြန့်ကြာနေခဲ့တာပါ။

ဒီလို ကြန့်ကြာနေချိန် တိုက်ပွဲတွေ ပြင်းထန်လာနေကြောင်း TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတားအိုက်ကျော်က ပြောပါတယ်။

“ဒီနောက်ပိုင်းမှာကတော့ ဒီ တပ်ဘက်ကရော၊ PC ရောက ကျနော်တို့ သွားလို့ လာလို့ အဆင်မပြေနိုင်တဲ့နေရာပဲ သူက ချိန်းနေ တာပေါ့နော်။ ဒီဟာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျနော်တို့က လက်မှတ်ထိုးပြီးသားအဖွဲ့ မဟုတ်တဲ့အတွက် တွေဆုံဆွေးနွေး မှုက ကျနော်တို့အတွက် အခက်အခဲရှိတယ်။ အဲဒီအချိန်မှာ ဒီ မြန်မာ့တပ်မတော်က ကျနော်တို့ ဒေသမှာ တောက်လျောက် ထိုးစစ်တွေ ပြုလုပ်တယ်။ လိုက်လံတိုက်ခိုက်တယ်။ အဲဒါကြောင့် ဒီအတောအတွင်းမှာ ကျနော်တို့ဘက်မှာ တိုက်ပွဲ ပိုပြီး ပြင်းထန် လာတာဖြစ်တယ်။”

ပြင်းထန်လာတဲ့ စစ်ရေးအခြေအနေဟာ တွေ့ဆုံဆွေးနွေးရေး အတွက် ယုံကြည်မှု ကျဆင်းနိုင်တာကြောင့် ထိုးစစ်တွေ ရပ်ဆိုင်းဖို့တောင်းဆိုကြောင်းလည်း ဗိုလ်မှူးတားအိုက်ကျော်က ဆက်ပြောပါတယ်။

“ဒီ တိုက်ပွဲ ပိုပြီး ပြင်းထန်လာတဲ့အတွက် တွေ့ဆုံဆွေးနွေးရေးမှာ တဘက်နဲ့ တဘက်ယုံကြည်မှုကို ပိုပြီး လျော့စေနိုင်တယ်။ အဲဒါကြောင့်မို့ ဒီ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကို လျော့ပေးဖို့ ကျနော်တို့က အဲလိုမျိုး ကျနော်တို့က သဘောထားထုတ်ပြန်တာဖြစ်တယ်။ ”

TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊AA ရခိုင်အဖွဲ့တွေ ရဲ့ ထုတ်ပြန်ချက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ အတွင်း အနည်းဆုံး တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ခဲ့ကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ထိုးစစ်ဟာ အမြင့်ဆုံးအခြေအနေမှာ ရှိကြောင်းနဲ့ ဒီထိုးစစ်တွေကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုကြောင်း သူတို့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်အပေါ် တပ်မတော်ဘက်က တုံ့ပြန်ချက်ကိုသိရဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးကို ဗွီအိုအေက ဆက်သွယ်ပေမယ့် တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပါဘူး။

တပ်မတော်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ကချင်နဲ့ ရှမ်းပြည်နယ်မှာ စစ်ရေးလှုပ်ရှားတာတွေကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက စပြီး ရပ်ဆိုင်းခဲ့ကြောင်း၊ ဒီလိုရပ်ဆိုင်းထားချိန်မှာ တိုက်ပွဲဖြစ်ပွားတာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တပ်မတော်က သတ်မှတ်ထားတဲ့ ငြိမ်းချမ်းရေးမူကို မလိုက်နာဘဲ နယ်ကျော်လှုပ်ရှားတာ၊ လူသစ်စုဆောင်းတာစတာတွေကြောင့် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြားမှာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေကြောင်း အခုလို ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးရေးက တစ်ကယ်တမ်းက မလုပ်နိုင်တာကြာပြီဗျ။ တွေ့ဆုံဆွေးနွေးမှု လုပ်ရင်လည်းပဲ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အတိအကျ ဆွေးနွေးနိုင်တာ မဟုတ်ဘူး။ အပြန်အလှန် Proposal ပေးတဲ့အဆင့်ပဲ ရှိတာကိုး။ အဲဒီအချိန်မှာ SSPP နဲ့လည်း တိုက်ပွဲဖြစ်တယ်။ TNLA နဲ့လည်း တိုက်ပွဲဖြစ်တယ်။ ကိုးကန့်နဲ့ တိုက်ပွဲဖြစ်တယ်။ KIA နဲ့ တိုက်ပွဲဖြစ်တယ် ရှမ်းပြည်မြောက်ပိုင်းမှာပေါ့။ တိုက်ပွဲတွေ ဖြစ်လာတဲ့ အခါကျတော့ သူလွန်တယ် ကိုယ်လွန်တယ်ဆိုတာကတော့ နှစ်ဘက်စလုံးက ပြောကြတာပဲ။ တွေ့ဆုံဆွေးနွေးမှု မရှိရင်တော့ အားလုံးက ကိုယ်မှန်တယ်ဆိုတဲ့ဘက်ကပဲ ရပ်ပြီးပြောကြတာပေါ့။ အဲတော့ အခုပြဿနာရဲ့ အဖြေက အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ပဲ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပေါ့နော်။ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး ပြဿနာ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ စစ်ရေးပဋိပက္ခက ပိုပြီး ကြီးကျယ်သွားနိုင်တယ်လို့ ထင်ပါတယ်။”

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြား ဆွေးနွေးပွဲတွေ ကြန့်ကြာနေတဲ့ အဓိကအချက်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်နေနိုင်ကြောင်းလည်း သုံးသပ်ပါတယ်။

တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် စစ်ရေးလှုပ်ရှားတာတွေ ရပ်ဆိုင်းကြောင်း ကြေညာထားတဲ့ ကလာလဟာ ဒီလကုန်မှာ သက်တမ်းပြည့်မှာဖြစ်ပေမဲ့ လက်ရှိအချိန်ထိတော့ နှစ်ဘက် ထပ်မံတွေ့ဆုံ ဆွေးနွေးဖို့ကို မညှိနှိုင်းနိုင်ကြသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG