သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးထိပ်သီး ပထမနေ့ အချက်(၅)ချက် ဆွေးနွေးသဘောတူ


ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲမှာအဓိက အချက် ၅ချက်ဆွေးနွေးခဲ့ပြီး ၅ချက်လုံး သဘောတူညီချက် ရခဲ့တယ်လို့ ပါဝင်တက်ရောက်သူတွေက ပြောပါတယ်။ ကျန်ရှိနေတဲ့ ၂ချက်ကို မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ကြောင်း သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ပြောပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို နေပြည်တော် ရွှေစံအိမ်ဟိုတယ်မှာ ကျင်းပခဲ့တာပါ။

ဒီအစည်းအဝေးမှာ ဆွေးနွေးမယ့် အချက် ၇ချက်ရှိခဲ့ပြီး အချက် ၅ချက်ကို ဆွေးနွေးရာမှာ အချက်အားလုံး သဘောတူညီချက်ရခဲ့ကြောင်း ကိုယ်တိုင်ပါဝင်တက်ရောက်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဒုဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

“ ဆွေးနွေးစရာ ကဏ္ဍကတော့ ၇ရပ်ရှိတယ်။ ၇ရပ်မှာ ၅ရပ်ကတော့ ဆွေးနွေးပြီးတယ်ပေါ့လေ။ အဲလို ပြောလို့ ရတယ်။ အဲဒီ ၅ရပ်မှာ ၂၀၁၈နဲ့ ၂၀၁၉မှာ ညီလာခံ ၃ကြိမ်ကျင်းပပြီးတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ရရှိအောင် ဆောင်ရွက်တဲ့ ကိစ္စ၊ နောက်တခုက လက်ရှိ နိုင်ငံရေးဆွေးနွေးပွဲပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင်ဆောင်ရွက်ရေး၊ နောက်တခုက နိုင်ငံရေးဆွေးနွေးမှုတွင် အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေကြားမှာ သဘောတူညီချက်ရရှိပြီးတော့ အောက်ကိုချပေးဖို့ Top Down ပုံစံ အကောင်အထည်ဖော်ဖို့ ကိစ္စ၊ ပြီးရင် NCAလက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်လာအောင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊အပစ်အခတ်ရပ်စဲရေးခိုင်မာအောင် လုပ်ဆောင်ရေးကိစ္စ အဲဒါတွေ ရတာပေါ့။”

၂၀၁၈နဲ့ ၂၀၁၉မှာ ညီလာခံ ၃ကြိမ်ကျင်းပရေးခေါင်းစဉ်အောက်မှာ လာမယ့် ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးမှာ ဖက်ဒရယ်မူတွေချမှတ်ဖို့၊ ပဉ္စမအကြိမ်မှာ ဒီမိုကရေစီဆိုင်ရာအခြေခံမူတွေကို ညှိနှိုင်းဖို့နဲ့ ဆဌမအကြိမ်မှာတော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုင်ရာ ကျန်ရှိမူတွေ ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့ နဲ့ ဒီလို ဆွေးနွေးနေချိန်မှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

နောက်ရက်တွေမှာတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ သဘောတူညီချက်ရရှိဖို့ လိုအပ်နေတဲ့ ကိစ္စတွေဖြစ်တဲ့ ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးနဲ့ တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းဖို့ မူချမှတ်နိုင်ဖို့ ကိစ္စ နဲ့ အထွေထွေ ကဏ္ဍကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီကနေ့ အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ မိန့်ခွန်းပါ ခွဲမထွက်ရေးကိစ္စအပေါ် EAO ခေါ် လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေက အကျေအလည်ညှိနှိုင်းလိုတဲ့ သဘောရှိကြကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက အခုလို ပြောပါတယ်။

“ တပ်မတော်ဘက်က စိုးရိမ်ချက်ကတော့ ခွဲမထွက်ရေးဆိုတဲ့ စကားလုံး မပါဘူးဆိုရင် ပြည်နယ်ဆိုင်ရာ ဖွဲ့စည်းပုံကိစ္စတွေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ပေးရဖို့ အတွက်ကို စိုးရိမ်တဲ့ လက္ခဏာတွေ ရှိပါတယ်။ အဲဒါကြောင့် တပ်မတော်ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသားပြောတဲ့ သဘောဖြစ်ပါတယ်။ တိုင်းရင်းသားတွေဘက်ကကျရင်လည်း တို့တာဝန်အရေး၃ပါးကိုလည်း လက်ခံထားပြီးပြီ၊ လောကပါလ တရားတွေကိုလည်း လက်ခံထားပြီးပြီ၊ ပြီးရင် ဖက်ဒရယ်အခြေခံနဲ့ ရှေ့ကိုသွားရမယ့် အခြေခံတွေကိုလည်း အားလုံးကို ပြောပြီးပြီ။ တန်းတူရေးကိစ္စတွေကိုလည်း ပြောထားပြီးပြီဆိုတဲ့အခါကျတော့ ဒီခွဲထွက်ရေးဆိုတဲ့စကား၊ ခွဲမထွက်ရေးဆိုတဲ့စကားက ထည့်နေစရာမလိုတော့ဘူးဆိုတဲ့အမြင်က EAO ဘက်မှာ ရှိနေပါတယ်။ ဒါကို EAO ဘက်က သေချာညှိချင်တဲ့ သဘောရှိပါတယ်။”

တိုင်းရင်းသားခေါင်းဆောင်တွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဆွေးနွေးပွဲမှာ အစအဆုံးပါဝင်စေလိုပေမဲ့ ပါဝင်နိုင်တာမရှိကြောင်း၊ နောက်ရက်တွေမှာ ပါဝင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အစည်းအဝေးနေ့ခင်းပိုင်းမှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွတ်ဆစ်လည်း အစည်းအဝေးကို ပါဝင်တက်ရောက်တာမရှိခဲ့ပါဘူး။ ဒါပေမဲ့ RCSS ရဲ့ ကိုယ်စားလှယ်တွေ ဆက်လက်တက်ရောက်ခဲ့ပြီး ယေဘူယျအားဖြင့် ဒီကနေ့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ကြောင်း သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG