[Zawgyi/Unicode]
[Unicode Version]
CRPH ကို မထောက်ခံသူလွှတ်တော်အမတ်တွေ သတင်းပို့ဖို့ စစ်ကောင်စီ ဆင့်ခေါ်
စစ်အုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH မှာ ပါဝင်ရန် ဆန္ဒမရှိသူတွေအနေဖြင့် သက်ဆိုင်ရာကိုသတင်းပို့ဖို့နဲ့ သတင်းပို့တာမရှိရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်ဆိုတဲ့အပေါ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ဘယ်လို သဘောထားသလဲဆိုတာ VOA မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁ရက်နေ့က တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်မှာ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့တာပါ။
CRPH ကို ဖွဲ့စည်းပြီးနောက်မှာတော့ စစ်အုပ်ချုပ်ရေးကောင်စီက CRPH ဟာ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိကြောင်း၊ ပါဝင်ပတ်သက်သူတွေကို ထိရောက်စွာအရေးယူမှာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ထုတ်ပြန်ခဲ့သလို ၂၈ရက်နေ့မှာတော့ CRPH မှာ ပါဝင်ဖို့ ဆန္ဒမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ နီးစပ်ရာ တိုင်းနဲ့ပြည်နယ်၊ ခရိုင်ကောင်စီတွေမှာ လူကိုယ်တိုင် သတင်းပို့ဖို့နဲ့ သတင်းပေးပို့တာမရှိရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားတာပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက စစ်အုပ်ချုပ်ရေးကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးVOA ကို အခုလို ပြောပါတယ်။
“ ဒါကတော့ ရှင်းရှင်းလေးပါပဲ။ ကျနော်တို့က ဘာမှ သွားပြီး သတင်းပို့စရာ အကြောင်းကို မရှိပါဘူး။ ကျနော်တို့က စကတည်းက CRPH ကို ထောက်ခံတယ်။ ထောက်ခံလို့လည်း ထောက်ခံတဲ့အကြောင်း လက်မှတ် ထိုးပြီးမှ ကျနော်တို့ ကိုယ်တိုင် agreement လုပ်ခဲ့ပြီးသားလေ။ ဒီအချိန်မှာ ခုနက စစ်အာဏာရှင်က ပြောသလို ကျနော်တို့ကသွားပြီးမှ မထောက်ခံပါဘူးဆိုတဲ့ဟာ လုပ်စရာ အကြောင်းကို မရှိဘူး။ အဲဒါကတော့။ ”
၂၀၂၀ ရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၁၁၁၇နယ် ကျင်းပရာမှာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၉၂၀ အနိုင်ရထားတာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်၇၁နေရာနဲ့ ဒုတိယအများဆုံး မဲအနိုင်ရတဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ပြောရေးဆိုခွင်ရှိသူ ဦး သိန်းထွန်းဦးကတော့ သူတို့ပါတီရဲ့ ရပ်တည်ချက်ကို အခုလို ပြောပါတယ်။
“ CRPH နဲ့ ပတ်သက်လို့ ကျနော်တို့ ပါတီဟာ လုပ်ဆောင်ချက်တွေမှာ ဥပဒေနဲ့အညီ ရပ်တည်ချက်ပေါ်မှာပဲ ကျနော်တို့ ရပ်တည်ပါတယ်။ ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေ အကျုံးမဝင်တဲ့ ကိစ္စတွေကို ကျနော်တို့ ပါတီက လုပ်မှာ မဟုတ်ပါဘူးခင်ဗျ။”
၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄၁နေရာနဲ့ တတိယမဲအများဆုံးရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD က ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း သူတို့ ပါတီရဲ့ သဘောထားကို အခုလို ပြောဆိုပါတယ်။
“ ဒီနေ့ အချိန်ထိ CRPH မှာ ကျနော်တို့ ပါဝင်တာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ CRPH ရဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ကျနော်တို့ အားပေးတယ်၊ ကြိုဆိုတယ်၊ ထောက်ခံတယ်။ နောက်တစ်ဆင့်ပြောချင်တာကတော့ ၂၀၂၀ ရွေးကောက်ပွဲကနေ လူထုဆန္ဒနဲ့ ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ဒီနေ့ထိ လူထုရဲ့ ကိုယ်စားလှယ်များပဲဖြစ်တယ်ဆိုတာ ကျနော်တို့က ယုံကြည်လက်ခံထားတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူထုရဲ့ဆန္ဒက အမြင့်ဆုံး ဥပဒေဖြစ်တယ်လို့ ကျနော်တို့က နားလည်တယ်။ အဲတော့ လူထုက ပေးထားတဲ့ Mandate မှာ ရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တာကြောင့်မို့လို ဒီနေ့ ဒီအချိန်ထိ သူတို့ အနေနဲ့ လူထုဆန္ဒအရ လွတ်လပ်စွာ ရပ်တည်လုပ်ဆောင်ပိုင်ခွင့်ရှိတယ်။ အဲဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကသာလျှင် အဓိက ကျတယ်လို့ ဒီလိုပဲ ဖြေဆိုလိုပါတယ်။”
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခူးညေးရယ်က ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သူတို့ပါတီက အခြားကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ လိုအပ်ကြောင်းပြောပါတယ်။
“ သူတို့နဲ့တွေ့ဆုံဖို့ ၊ သူတို့လည်း ဘယ်လို ဆွေးနွေး၊ ဘယ်လို အကြံဉာဏ်တွေရှိလည်းဆိုတာ ဆွေးနွေးချင် သေးတယ်ပေါ့။ ”
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၈နေရာ အနိုင်ရထားတဲ့ပါတီဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ CRPH မှာ ပါဝင်ဖို့ ဆန္ဒမရှိရင် ဒီလ ၆ရက်နေ့ နောက်ဆုံးထားပြီး လူကိုယ်တိုင် သတင်းပေးပို့ဖို့ နဲ့ သတင်းပေးပို့ခြင်းမရှိရင် တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်းကို မြန်မာ့ရုပ်မြင်သံကြားကနေလည်း နေ့စဉ် ထုတ်လွှင့်နေပါတယ်။
တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲမှာမဲစာရင်းကွာဟမှု ၁၀သန်းကျော်ရှိကြောင်း နဲ့ ဒါဟာ မဲမသမာမှုရှိနိုင်ကြောင်း ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာဖြစ်ပါတယ်။