ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ပေါ်မှာ ဒီမနက် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာကြောင့် နေအိမ် ၅ လုံးပျက်စီးခဲ့ပြီး မြို့ခံ အများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ တချိန်တည်းမှာပဲ နမ့်ခမ်းနဲ့ မူဆယ်ဘက်မှာလည်း ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို လေကြောင်းက တိုက်ခိုက်တာတွေ ဆက်ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရှမ်းမြောက်ဒေသဘက်က နောက်ဆုံးရသတင်းတွေ ရန်ကုန်ကပေးပို့တာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
စစ်ကောင်စီနဲ့မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ အကြား နိုင်ငံရေးအရ ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှာ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွား နေတာပါ။ လက်ရှိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ နမ့်ဆန်မြို့က အခြေအနေကို တအာင်းအမျိုးသမီးအဖွဲ့ TWO က တာဝန်ရှိသူ တဦးက VOA အခုလို ပြောပါတယ်။
“ မနေ့ကအထိတော့ သူတို့ ပစ်တယ်။ ဒီမနက်လည်းလေယာဉ်နဲ့ ပြန်လာပစ်တယ်ပေါ့နော်။ လေယာဉ်နဲ့ ပြန်လာပစ်တော့ လောလောဆည် မြို့ထဲမှာ ဒီနမ္မဝေါရပ်ကွက်နဲ့ မြို့လယ်ရပ်ကွက်မှာတော့ နေအိမ် ၅အိမ်တော့ ထိခိုက်သွားတယ်ပေါ့နော်။ ဒါက ဒီမနက် ဖြစ်တဲ့ဟာ။ လောလောဆည်မြို့ထဲမှာ ရှိတဲ့လူတွေလည်း သူတို့ ပြေးကုန်ပြီ။ မြို့ရဲ့အနီးအနား တဝိုက်မှာရှိတဲ့ ရွာတွေထဲမှာ သူတို့ ပြေးကုန်ပြီပေါ့။ မြို့ထဲမှာလည်း လူက အဲလောက်မရှိဘူး။ ပြီးရင် MPT လိုင်းတွေလည်း ဖြတ်ထားတယ်။ Mytel ဆိုရင်လည်း သူက ရတဲ့နေရာပဲ ရတယ်။ ဆိုတော့ အဲဒီ Mytel လိုင်းတခုပဲ ရတယ် ပေါ့။ အဲဒါကြောင့်မို့ လောလောဆည် ထိခိုက်ပျက်စီး သွားတဲ့အခြေအနေက ဘယ်လောက်ထိ ဆိုးဆိုးရွားရွားဖြစ်လဲဆိုတာဟာ နောက်ဆုံး Update တော့ မရသေးဘူး။ ”
ဒီလ ၁၁ရက်နေ့ကတော့ သီပေါဘက်မှာ လက်နက်ကြီး ထိမှန်တာကြောင့် ရွှေမောင်းသီလရှင် စာသင်တိုက် ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဘယ်သူပစ်တဲ့ လက်နက်ကြီးဆိုတာတော့ မသိရကြောင်း ဆက်ပြောပါတယ်။ ဒီလ ၁၁ ရက်နေ့က နမ့်ဆန်မြို့နယ်က စစ်ကောင်စီရဲ့ ပတ္တမြားစေတီ တပ်စခန်းနဲ့ နမ့်ဆန်ရဲစခန်းကို TNLA က သိမ်းယူခဲ့တဲ့နောက် အခုလို လေကြောင်းက တိုက်ခိုက်လာနေတာဖြစ်ပါတယ်။
တရုတ်- မြန်မာနယ်စပ် မူဆယ်နဲ့ နမ့်ခမ်း ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိသလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေလည်းရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ နမ့်ခမ်းမြို့နဲ့ ဆယ်လန့်ရွာဘက်မှာ ဒီကနေ့ လေကြောင်းက တိုက်ခိုက်တာတွေ ရှိနေကြောင်းကို ဒေသခံတဦးက အခုလို ပြောပါတယ်။
“ခုနကလည်း ပစ်သွားတာပဲ။ ဆယ်လန့်တဝိုက်မှာ ၂လုံးပစ်သွားတယ်။ ဒီ Jet လေယာဉ်က။ ပြီးတော့ ခုနက နမ့်ခမ်းမှာကို ၄လုံးလောက်ပစ်သွားတယ်။ စခန်းသစ်ဘက်က တောင်ခြေနားမှာ။ ဗုံးကြဲသွားတာပေါ့နော်။ ၁၁ရက်နေ့ မနေ့ကပေါ့နော်။ ၇နာရီခွဲလောက်ပေါ့။ ဂျက်ဖိုက်တာက နမ့်ခမ်းကို ကြဲတဲ့ဟာလေ အိမ် ၁၀ အိမ် ကျော် ပျက်ဆီးသွားတယ်ပေါ့နော်။ တအိမ်ကျတော့ ဘာမှ ရစရာ မရှိတော့ဘူး။ ပြီးတော့ ချိုင့်အကြီးကြီး ဖြစ်သွားတယ်။ လူအထိအခိုက်တော့ မကြားမိဘူး။ ဘာလို့လဲဆို အားလုံးရှောင်နေကြတာကို။”
မူဆယ်မြို့အနီးနဲ့ ၁၀၅မိုင်ဘက်မှာလည်း တိုက်ပွဲဖြစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေရှိနေတယ် လို့လည်းပြောပါတယ်။
“ မနေ့က တနေ့လုံးပဲ။ ဒီနေ့လည်း မနက်က နမ့်ခွန်မှာဖြစ်တယ်လို့ အကြီးအကျယ်ဖြစ်တယ်လို့ ပြောတာပဲ။ နမ့်ခွန်က မူဆယ်မြို့ရဲ့အထွက်ပေါ့။ နမ့်ခွန်နဲ့ ဝိန်းမိုင်ပေါ့။ အဲဒီမှာ ဖြစ်တာ ဒီနေ့။ ၁၀၅ မိုင်ဘက်က လည်း မနေ့က ၄ နာရီလောက် ဖြစ်တာပဲ။ လက်နက်ကြီးတွေ ဟတ်စကီးနဲ့ ဂျက်နဲ့ လာချတာ မနေ့က။ ”
မနေ့က ပစ်ခတ်မှုမှာ အရပ်သားတယောက်သေဆုံးခဲ့ကြောင်းလည်း ပြောပါတယ်။ တအာင်းတပ် TNLA ကတော့ စစ်ကောင်စီက နမ့်ဆန်မြို့ကို လက်နက်ကြီးနဲ့ ၇ ကြိမ်ပစ်ခတ်ပြီး လေကြောင်းက ဗုံး ၄ ကြိမ်ကြဲ ခဲ့ကြောင်းနဲ့ နမ့်ခမ်းမြို့ စခန်းသစ်တိုက်ပွဲမှာ လေကြောင်းက ၁၁ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သတင်း ထုတ်ပြန်ပါ တယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA, TNLA, AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ TNLAနဲ့ MNDAA ကိုဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ရခိုင်တပ်တော် AA ကတော့ ဆွေးနွေးပွဲကိစ္စကို ထုတ်ဖော်ပြောဆိုလို့ မရသေးကြောင်း တုံပြန်ထားပါတယ်။