သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်တလျှောက် သုံးရက်အတွင်း အထောက်အထားမဲ့မြန်မာ ၂၀၀ ကျော် ဖမ်းဆီးခံရ


ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားများ။ (၀၆၊ ၀၂၊ ၂၀၂၁)
ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားများ။ (၀၆၊ ၀၂၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်၊ တာ့ခ်ပြည်နယ်၊ ချင်းမိုင်၊ ချင်းရိုင်ပြည်နယ်တွေမှာ ၃ ရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၀၀ ကျော် ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ ဝင်ရောက်လာသူတွေ ဆက်တိုက်ရှိနေဆဲဖြစ်ပြီး ၃ ရက်အတွင်းမှာပဲ ပြည်နယ် ၄ ခုလောက်မှာ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းမိခဲ့တယ်လို့ အလုပ်သမားရေး လှုပ်ရှားနေတဲ့ AAC မဟာမိတ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

“ဒီရက်ပိုင်း ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းတွေက ခိုးဝင်လာတဲ့ မြန်မာတွေ ၂၀၀ ကျော် ဖမ်းမိပါတယ်။ အတိအကျဆို ၂၀၃ ဦးထိ ရှိပါတယ်။ ၃ ရက်အတွင်း နေရာစုံကနေ ဖမ်းမိပါတယ်။ မနေ့က ကမ်ချနဘူရီမှာ ၅၇ ဦး ဖမ်းမိတယ်။ ၉ ရက်နေ့မှာလည်း ကမ်ချနဘူရီပြည်နယ်မှာပဲ ၄၇ ဦး ဖမ်းမိပါတယ်။ ချင်းမိုင်မှာဆိုရင် မြန်မာနိုင်ငံသား ၃၉ ဦး ဖမ်းမိတယ်၊ အမျိုးသား ၁၅ ဦး အမျိုးသမီး ၂၄ ဦးကို ချင်းမိုင်မှာ ဖမ်းမိတာပါ။ တာ့ခ်ခရိုင် တောလမ်းအတိုင်း ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ကိုလည်း ကင်းလှည့်နေတဲ့ စစ်သားတွေက ဖမ်းမိပါတယ်။ ထပ်ပြီးတော့လည်း မဲဆောက်မှာ ၂၇ ဦး ထပ်ဖမ်းမိပါတယ်။ နောက်ထပ် ၆ ဦးကတော့ ချင်းရိုင်ခရိုင်မှာ ဒီဇင်ဘာလ ၁၁ ရက် ည ၈ နာရီလောက်မှာ ဖမ်းဆီးခံရတယ်။ ရနောင်းမှာတော့ ၁၉ ဦး ဖမ်းမိတယ်။ ရနောင်းက နေအိမ်တလုံးမှာ ပွဲစားလာခေါ်မှာကို စောင့်နေချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးမှုတွေ ဆက်တိုက်ကြုံရပြီး ၃ ရက်အတွင်းကို လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံထိတာပါ။”

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေး အခက်အခဲတွေကြောင့် ဖမ်းဆီးမှုတွေကြားကပဲ မြန်မာနိုင်ငံသားတွေဟာ တရားမဝင် လမ်းတွေကနေ လာနေကြဆဲဖြစ်တယ်လို့ ကိုရဲမင်းက ဆိုပါတယ်။

“ဖမ်းဆီးခံရသူတွေကတော့ ပြည်တွင်းမှာ မြန်မာ့နိုင်ငံရေးက စစ်အာဏာရှင်စနစ် ကျရောက်နေချိန် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှားပါးနေချိန်ပါ။ စားဖို့သောက်ဖို့ကလည်း အခက်အခဲတွေ ဖြစ်နေလို့ နောက်ဆုံး အငတ်ဘေးကို ရင်မဆိုင်နိုင်တော့ တရားမဝင် လမ်းတွေကနေ ဖမ်းဆီးမှန်းသိရက်နဲ့ ခိုးဝင်နေကြတာပါ။”

ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား အလုပ်သမားတွေက တနှစ်နီးပါးအတွင်း ၄၀,၀၀၀ ကျာ် ဖမ်းမိခဲ့ပြီး အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေ များတဲ့အတွက် ကိုဗစ်စစ်ဆေးတာတွေ လုပ်ရတာတွေ၊ အချုပ်နဲ့ ရဲစခန်းတွေမှာ နေရာမလုံလောက်တာတွေကြောင့် သူတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေနဲ့ တရားစွဲဆိုပြီး နေရပ်ရင်းကို အမြန်ပို့တာတွေ လုပ်နေရတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့အတွက် စွန့်စားပြီး လာကြရင်းနဲ့ လူပွဲစားတွေရဲ့ လိမ်လည်လှည့်ဖျားတာ၊ စွန့်ပစ်ခဲ့တာတွေလည်း ကြုံနေရပါတယ်။ တချို့ကတော့ ထိုင်းနိုင်ငံထဲကို ပွဲစားတွေက ကားတွေနဲ့ ခေါ်လာတုန်း စစ်ဆေးဂိတ်တွေကို တိမ်းရှောင်ရင်းနဲ့ ကားမှောက်သေဆုံးတာတွေလည်း ကြုံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)









XS
SM
MD
LG