(Zawgyi/Unicode)
မြန်မာအစိုးရက ဖွဲ့ထားတဲ့ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) အဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေအတွက် သက်သေအထောက်အထားတွေ စုံစမ်းစစ်ဆေးနိုင်ရေး ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ ပြင်ဆင်နေပါတယ်။ ICOE အဖွဲ့ဟာ စုံစမ်းစစ်ဆေးဖို့ အဆင်သင့်ဖြစ်နေပြီး၊ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ခွင့်ပြုချက်ကိုစောင့်နေတာပါ။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်း ပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က တကျော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲ ပြောဆို နေတာတွေကို စုံစမ်း စစ်ဆေးဖို့ ဒီ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားမှာဖြစ်ပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့ လာခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရထံ စာတင်ထားတာ တစ်လနီးပါးရှိနေပြီး ဒါဟာ ဒုတိယအကြိမ် သွားရောက်မှာလည်း ဖြစ်ပါတယ်။ ပထမအကြိမ် သွားရောက်ခဲ့တုန်းက အစိုးရ တာဝန်ရှိသူအချင်းချင်းသာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး၊ အခု တခေါက်မှာတော့ အသေးစိတ် လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်အပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။
“အဆိုပြုထားတာ ဘင်္ဂလားဒေ့ရှ်က လက်ခံတယ်၊ အတည်ပြုတယ်ဆိုတဲ့ဟာတော့ ကျတော်တို့ မသိရသေးဘူး။ အဓိကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ကျတော်တို့ သိရတယ်လေ။ ဒီတခေါက်ကကျတော့ အသေးစိတ်လုပ်ငန်းတွေပါ ပါတာပေါ့နော်။”
ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ဖို့အတွက် ဒီ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်ကို မြန်မာအစိုးရက ၂၀၁၈၊ ဇူလိုင်လ ၃၀ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။ အဲဒီအဖွဲ့မှာ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Rosario Manalo ကို ဥက္ကဋ္ဌတာဝန် ပေးထားပြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး Kenzo Oshima ၊ ယူနီဆက်အဆင့်မြင့် အရာရှိဟောင်း ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် တို့ကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။
အခုလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကို သွားရောက် စုံစမ်းစစ်ဆေးဖို့အတွက် နှစ်နိုင်ငံ သဘောတူ ထားတာဖြစ်ပြီး၊ ကော်မရှင်အနေနဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အဖွဲ့ဝင် တဦးဖြစ်တဲ့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။
“ဆရာတို့ အစတည်းကပေါ့နော် နှစ်နိုင်ငံသဘောတူထားတာ။ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့က သက်သေအထောက်အထားတွေ သွားကြည့်မယ်လို့ ပြောထားပြီးသားလေ။ အဲတော့ ဆရာတို့အခု သူတို့နဲ့နားလည်မှုတွေ ရှိနေတော့ သူတို့ရဲ့လက်ခံမှုနဲ့ တို့သွားနိုင်တဲ့ပေါ်မှာ မူတည်ပြီးတော့ သွားဖို့အစီအစဉ်လုပ်ထားတာပေါ့။ ဆရာတို့ကတော့ ဟိုမှာ လိုအပ်တဲ့လူတွေအားလုံး ခေါ်သွားမှာ။ သက်သေအထောက် အထားတွေကို စုံစမ်းစစ်ဆေးနိုင်တဲ့ ကျွမ်းကျင်တဲ့လူတွေပါမယ်။ ပြီးတော့ သွားတာလည်း ဒါနှစ်နိုင်ငံဖြစ်တာမို့ သူတို့ဘက်က ဒီလက်ခံတဲ့ပေါ်မှာ မူတည်ပြီးတော့ ဆရာတို့သွားရမှာပဲ။ ဆရာတို့က အဆင်သင့်ဖြစ်နေပါပြီ။”
အခုလ နိုဝင်ဘာ၊ ၄ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့ နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ပြီး နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင်၊ အခုလအတွင်း ICOE အဖွဲ့ဝင်တွေ သွားရောက်မယ့်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
နေရပ်စွန့်ခွာသူတွေ ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာတာ အခုချိန်ထိ ၄၀၀ ကျော်ရှိနေပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုန်ပြန်ချက်ထဲမှာ ဒုက္ခသည်လက်တဆုပ်စာလောက် ပြန်တာဟာ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေတွေ တိုးတက်မှုရှိလာပြီလို့ မပြောနိုင်ကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်ကတော့ အဲဒီဖော်ပြချက်ဟာ နှစ်နိုင်ငံ အိမ်နီးချင်းကောင်းဆက်ဆံရေးနဲ့ နှစ်နိုင်ငံကြား သဘောတူညီချက်နဲ့ ဆောင်ရွက်နေတဲ့ နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်ရေးတို့ကို ဘယ်လိုမှ အထောက်အကူမပြုကြောင်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနဲ့ တွေ့ဆုံချိန်မှာ တုံ့ပြန်ပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
.....................
(Unicode)