သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မက်ဖြစ်ရာနေရာတွေအထိ လူ့အခွင့်အရေးကော်မရှင် စုံစမ်းမည်


ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)
ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)

တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေအတွင်း လူ့အခွင့်အရးချိုးဖောက်မှုတွေကို စုံစမ်းဖို့ ဖြစ်ပွားရာနေရာတွေအထိ လုံခြုံရေး ခွင့်ပြုချက်ယူပြီး သွားရောက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ စစ်ရေးပဋိပက္ခဖြစ်ရာဒေသတွေမှာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှု မဖြစ်အောင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကရော နှစ်ဘက်စလုံးက အလေးဂရုပြုဖို့ကိုလည်း လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းထားပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းတဲ့အခါ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်လည်းဖြစ် ပြောခွင့်ရဦးယုလွင်အောင်က စစ်ပြေးဒုက္ခသည်စခန်းတွေအထိ သွားရောက် စုံစမ်းလေ့လာခဲ့တာတွေကို အခုလိုရှင်းပြပါတယ်။

ဦးယုလွင်အောင်။ ။ ကျနော်တို့ရဲ့ သဘောထားကို ပြောလိုက်ခြင်းအားဖြင့် နှစ်ဘက်သောအဖွဲ့အစည်းတွေက သိရှိသွားမယ်ပေါ့နော်။ ဒီသဘောပါပဲ။ အမှန်ကတော့ ဘယ်မှာပဲ လက်နက်ကိုင် ပဋိပက္ခပေါ့နော် အပြန်အလှန်ဖြစ်နေတဲ့ နေရာပဲဖြစ်ဖြစ်ပေါ့လေ ကြားထဲကနေ ဒုက္ခရောက်ကြတာကတော့ အနေခက် အစားခက်နဲ့ စစ်ပွဲကြောင့်ဖြစ်စေ၊ လူသစ်စုဆောင်းခံရလို့ဖြစ်စေ ၊ ထွက်ပြေးတိမ်းရှောင်ကြတယ်၊ IDP camp တွေကို ရောက်တယ် ။ ဒါတွေက ပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေးကို ထိခိုက်နစ်နာမှုတွေ အများကြီးဖြစ်တာပေါ့နော်။ ဒါကြောင့် ကျနော်တို့က ဒါလေးတွေ မဖြစ်အောင်ဆိုပြီးတော့ ပူတာကို ဘက်က IDP စခန်းတွေ သွားစစ်ခဲ့ပါတယ်။ နောက်ပြီး မြစ်ကြီးနားဘက်ကIDP စခန်းတွေသွားစစ်ခဲ့ပါတယ်။ ဟိုတလောကတော့ ကျောက်မဲ၊ လားရှိုးဘက်မှာ IDP စခန်းတော့မဟုတ်ဘူး သို့သော် ကျေးရွာတခုက လူသစ်စုမှ စိုးလို့ မြို့ပေါ်တက်ပြီးတော့တရွာလုံး လာအလုပ်လုပ်ကြတာရှိပါတယ်။ ဒါလေးတွေလည်း သွားရောက်ပြီးတော့ အားပေးစကားပြောတာတို့၊ အကြံပေးတာတို့ ထောက်ပံ့တာတို့ လုပ်ခဲ့ပါတယ်။

မဆုမွန်။ ။ အခုလက်တလောဖြစ်နေတဲ့ ရခိုင်ကိစ္စပေါ့နော်၊ ရခိုင်မှာလည်း တော်တော်များများ တိမ်းရှောင်နေရတာတွေရှိတယ်၊ ပြည်နယ်အစိုးရကလည်း ဆောင်ရွက်ပေးနေတာရှိသလို လူမှုအဖွဲ့အစည်းတွေ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သွားပြီး ကူပေးနေတာရှိတယ်။ စစ်ရှောင်ဒုက္ခသည်တွေ ကိုပေါ့နော်ဆရာ အဲဒီမှာ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေလို့ ပြေးနေရတဲ့ အနေအထားပေါ်မှာရော နှစ်ဘက်လက်နက်ကိုင်တွေကိုရော လုံခြုံရေးအဖွဲ့ဝင်တွေကိုရော ဘယ်လိုများတောင်းဆိုချင်တာ ရှိပါသလဲဆရာ လူ့အခွင့်အရေးကော်မရှင်အနေနဲ့။

ဦးယုလွင်အောင်။ ။ အဓိကတော့ ကျနော်တို့ ကြေညာချက်၊ တုံ့ပြန်ချက်ထဲမှာ ပါတယ်လေ။ ဒီလက်နက်ကိုင်တိုက်ပွဲ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော် ပြည်သူလူထုကိုတော့ လူ့အခွင့်အရေးထိခိုက်မှုမရှိအောင်တော့ နှစ်ဘက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးကြဖို့ ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။

မဆုမွန်။ ။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့နေရာတွေ တချို့ စစ်ရေးတင်းမာနေတဲ့နေရာတွေမှာ ကြုံတွေ့နေရတဲ့ ဒေသခံတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများစုံစမ်းစစ်ဆေးမှုတွေ ရှိပါသလဲ၊ တကယ်လို့ ရှာဖွေတွေ့ရှိခဲ့တယ်ဆိုရင် ဘယ်လိုများဆောင်ရွက်ပေး နေတာတွေရော ရှိပါသလဲရှင့်။

ဦးယုလွင်အောင်။ ။ ကျနော်တို့ကတော့ သွားရောက်စုံစမ်းစစ်ဆေးဖို့ကတော့ တိုက်ပွဲဖြစ်နေတဲ့နေရာမှာတော့ အတော်ခက်တဲ့ကိစ္စလေ။ စစ်ဆေးလို့ရပြီဆိုတဲ့အခြေအနေဆိုရင် ကျနော်တို့ ရောက်သွားပါတယ်။ ဥပမာ ဘူးသီးတောင်၊ မောင်တောကိစ္စဆိုရင်လည်း တိုက်ပွဲဖြစ်နေတုန်းကတော့ မသွားဘူးပေါ့လေ၊ နောက်နည်းနည်းလေး အခြေအနေ အေးချမ်းသွားပြီဆိုတဲ့အခါကျမှ ကျနော်တို့ လုံခြုံရေးအစောင့်အရှောက် အကူအညီတောင်းပြီးတော့ ကျနော်တို့သွားပါတယ်။ သွားပြီးတော့ အဲဒီမှာရှိနေတဲ့ ဒေသခံတွေရဲ့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုတွေနဲ့ အဲဒီမှာ ဘင်္ဂါလီကျေးရွာသားတွေရဲ့ ထိခိုက်နစ်နာမှုတွေ ဒါတွေအကုန်လေ့လာပြီးတော့ နိုင်ငံတော်သမ္မတထံ အစီရင်ခံစာပို့ပါတယ်။

မဆုမွန်။ ။ နောက်ဆုံးအနေနဲ့ တကယ်လို့များ ကြုံတွေ့ခဲ့ရတယ်ဆိုရင် ဒေသခံပြည်သူတွေ ပြီးတော့ လူမှုအဖွဲ့အစည်းတွေ သိရှိတဲ့သူတွေအနေနဲ့ ဆရာတို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို တိုက်ရိုက်အကြောင်းကြား တိုင်ကြားနိုင်ဖို့ ဘယ်လိုများအခွင့်အလမ်းရှိပါသလဲ။

ဦးယုလွင်အောင်။ ။ အဲဒါက ကျနော်တို့က ၂၀၁၇ တုန်းကလည်းတခါ ၊ ၂၀၁၈ မှာလည်း နှစ်ခါ သုံးခါလောက် television တွေပေါ့နော်၊ ရုပ်မြင်သံကြားကနေပြီးတော့ ကျနော်တို့ဆီတိုင်ကြားနိုင်ပါသည်ဆိုတာ တခု ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီးတော့ ပန်းဖလက်တွေ ရခိုင်ပြည်နယ်မှာဆိုရင် ကျေးရွာတွေအရောက်ပေးဖို့ဆိုပြီး ရခိုင်ပြည်နယ်အစိုးရကို ကျနော်တို့ ဖြန့်ဝေပေးခဲ့ပါတယ်။ နောက် ကချင်ပြည်နယ်မှာလည်း အလားတူဖြန့်ဝေခဲ့ပါတယ်။ တိုင်းရင်းသားဘာသာနဲ့ ရေးပြီးတော့လည်း ကျနော်တို့ ဖြန့်ဝေဖို့ ကြိုးစားနေပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဆရာ ဦးယုလွင်အောင် ကျေးဇူးအများကြီးတင်ပါတယ် ဖြေပေးတာ။

ဦးယုလွင်အောင်။ ။ဟုတ်ကဲ့ မဆုမွန် ကျေးဇူးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG