NLD အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်မှုတွေ ပိုမိုပြင်းထန်လာနေပြီး လူ့အခွင့်အရေးဆိုင်ရာ ဘေးဒုက္ခကြီးအဖြစ် ပိုပြီးဆိုးရွားလာနေကြောင်း မနေ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ သတင်းဌာနတွေက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို အရပ်သားအစိုးရအနေနဲ့ လက်မခံ ပယ်ချတာကို သူတို့အနေနဲ့ ထိခိုက်တုန်လှုပ်မိကြောင်း HRW ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။
မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။
နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးက ၂၀၁၉ခုနှစ် ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို မနေ့က ထုတ်ပြန်ရာမှာ အဆိုးရွားဆုံးနိုင်ငံတွေအဖြစ် မြန်မာ၊ ဆီရီးယား၊ ယီမင် သုံးနိုင်ငံကို ဖေါ်ပြခဲ့ပါတယ်။
ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြား တိုင်းရင်းသားလူနည်းစုတွေအပေါ် ၂၀၁၈ခုနှစ်တလျောက်လုံး မြန်မာအစိုးရက ဖိနှိပ်ခဲ့ကြောင်း အဲဒီအစီရင်ခံစာက ဖေါ်ပြထားပါတယ်။ ဒါအပြင် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို မြန်မာအစိုးရက ကန့်သတ်အရေးယူတာတွေ တိုးမြင့်လာတာကြောင့် ဒီမိုကရေစီရေးလှုပ်ရှားမှုဟာ ကျဉ်းမြောင်းလာခဲ့ရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ မြန်မာနဲ့ပတ်သက်တဲ့ အရေးကြီးဆုံး အချက်တွေနဲ့ပတ်သက်လို့ HRW အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို အခုလိုပြောပါတယ်။
" မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးကြီးဆုံးကိစ္စတွေကတော့ လူသားထုအပေါ် ပြစ်မှုကျူးလွန်မှု၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု၊ ကုလသမဂ္ဂ ခေါ်တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အများကို ၂၀၁၇ ခုနှစ်မှာ ကျူးလွန်ခဲ့သလို ၂၀၁၈ခုနှစ်မှာလည်း ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။"
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၁၇ခုနှစ် သြဂုတ်လနောက်ပိုင်း ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇၀၀,၀၀၀ သိန်းကျော်ရှိနေပြီး ၂၀၁၇ခုနှစ်မတိုင်ခင် အရင်ကတည်းက ဒုက္ခသည် ၃၀၀,၀၀၀ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြဆဲဖြစ်ကြောင်း HRW အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုပြီး ဆိုးရွားလာတယ်လို့ HRW အနေနဲ့ ဘာကြောင့် ပြောရပါသလဲလို့ မေးကြည့်တော့
"၂၀၁၈ခုနှစ်အထိ အရပ်သားအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိူးဖောက်တဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို အရေးယူကိုင်တွယ်ပြီး အကောင်းဆုံးဆောင်ရွက်မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့တာပါ။ မြန်မာစစ်တပ်အနေနဲ့တော့ သူတို့ကျူးလွန်ခဲ့တာတွေကို ဝန်ခံမယ်လို့ ကျနော်တို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ စွပ်စွဲချက်တွေကို စစ်တပ်က ပယ်ချတာကလည်း အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီချုပ် ဝါရင့်ခေါင်းဆောင်လည်းဖြစ်၊ အရင်က လူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင်လည်းဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တကမ္ဘာလုံးက ဝိုင်းဝန်းထောက်ပြနေတဲ့ သက်သေအချက်အလက်တွေကို ဝန်မခံ ပယ်ချတာကို ကျနော်တို့ မယုံနိုင်အောင်ဖြစ်မိပါတယ်။"
မြန်မာအစိုးရက ပြစ်မှုကျူးလွန်မှုတွေနဲ့ပတ်သက်လို့ သက်သေအထောက်အထားတွေရှိရင်ပေးပါလို့ ပြောနေတာကြောင့် အခုလို HRW အစီရင်ခံစာက မြန်မာအစိုးရအတွက် ဘယ်လို အထောက်အကူပေးနိုင်ပါသလဲ ဆိုတဲ့ အမေးကိုတော့-
"အစိုးရကတော့ သက်သေအထောက်အထားပိုပြီး ပေးဖို့ အဆက်မပြတ်ပြောနေတာပါ။ ဒါပေမယ့် ဥပမာ ရခိုင်ပြည်နယ်မှာ ရွာတွေ မီးရှို့ဖျက်စီးခံထားရတာတွေကို ဂြိုလ်တုကနေ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေကို ကျနော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး အဲဒီ မီးရှို့ခံရတဲ့ရွာတွေကို ဖုံးကွယ်ဖို့ ဘူဒိုဇာတွေနဲ့ ထိုးပြီး ပြန်ပြီး ပြင်ဆင်ထားတာတွေကို ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ပုံတွေ ကျနော်တို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။ ဒါတွေဟာ ပြစ်မှုကျူးလွန်မှု ထင်ရှားတဲ့ သက်သေအထောက်အထားတွေဖြစ်ပါတယ်။"
ဒီအတွက် မြန်မာအစိုးရဘက်က ကောင်းမွန်တဲ့ တုန့်ပြန်ဖြေဆိုမှု မရှိခဲ့ပါဘူး။ အဲဒီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ အခြားနည်းလမ်းနဲ့ ပြောပြဖို့ အဖြေလည်း မရှိခဲ့ပါဘူး။ ဒီဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ မီးရှို့ခံထားရတဲ့ ရွာတွေ ဟုတ်မဟုတ်ဆိုတဲ့ အချက်အတွက်လည်း ကျနော်တို့ မျက်မြင်သက်တွေနဲ့ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီမှာနေခဲ့သူတွေက သူတို့ရွာတွေကို မြန်မာစစ်တပ်က ဝင်ရောက်ပြီး လူတွေကို သေနတ်တွေနဲ့ပစ်သတ်ပြီး၊ အမျိုးသမီးတွေကို လူအုပ်တွေထဲကနေ ဘေးကိုဖယ်ထုတ် အတင်းအဓမ္မပြုကျင့်တာ စတာတွေကို အသက်မသေပဲ ထွက်ပြေးလွတ်မြောက်လာသူတွေက အသေးစိတ်ပြန်ပြောချက်တွေနဲ့ ဂြိုလ်တုကနေ ရိုက်ကူထားတဲ့ ဓါတ်ပုံမှာ တွေ့ရှိချက်တွေဟာ ကိုက်ညီနေပါတယ်။
ပြစ်မှုကျူးလွန်မှုတွေကို စတင်စုံစမ်းအရေးယူဖို့ ဒီအထောက်အထားတွေနဲ့ လုံလောက်နေကြောင်းလည်း Brad Adams ကဆိုပါတယ်။
" ဥပမာဆိုရင် အမေရိကန်ပြည်ထောင်စုကနေ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟာ ဒီပြစ်မှုကျူးလွန်မှုတွေမှာ တာဝန်ရှိသူတဦးဖြစ်တယ်ဆိုတာ ဖေါ်ထုတ်နိုင်ပြီး သူ့ကို ပုဂ္ဂိုလ်ရေးအရ ပစ်မှတ်ထားအရေးယူထားပါတယ်။ တကယ်လို့ မြန်မာအစိုးရအနေနဲ့ အမှန်တကယ် အရေးယူမယ်ဆိုရင် ဒီ စစ်တိုင်းမှူးနဲ့အတူ သူအောက်က စစ်အရာရှိတွေရဲ့ ရာဇဝတ် ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးသင့်ပါတယ်။ ဒါက ဥပမာတခုအနေနဲ့ ပြောတာပါ။"
HRWနဲ့ AI နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့အပါအဝင်၊ ကုလသမဂ္ဂနဲ့ ရိုက်တာလို သတင်းဌာနတွေ စတာတွေဟာ သက်သေအချက်အလက်တွေကို ကောင်းကောင်းတင်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရဘက် ဒီအထောက်အထားတွေကို ကြည်ဖို့ အားထုတ်တာမျိုးတောင်မရှိသလို သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုမျိုးလည်း မလုပ်ခဲ့ဘူးလို့ Brad Adams ကပြောပါတယ်။