သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ပူးပေါင်းကော်မတီ ရလဒ်ကောင်း မျှော်လင့်


မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီပါ အစုအဖွဲ့အသီးသီးက တင်ပြထားတဲ့ ပြင်ဆင်လိုတဲ့ အချက်တွေကို ဒီတစ်ပတ်အတွင်းမှာ အစီရင်ခံစာအဖြစ် ပြုစုပြီး ဒီလ ၁၇ ရက်နေ့ မတိုင်မီ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းနိုင်ဖို့ ရှိကြောင်း ကော်မတီက တာဝန်ရှိသူက ပြောပါတယ်။ လောလောဆယ် ရရှိထားတဲ့ စုစည်းချက်တွေဟာ ကော်မတီအဖွဲ့ဝင်တွေ အားလုံးက တက်ညီလက်ညီ ဆောင်ရွက်ထားတဲ့အတွက် ရလဒ်ကောင်းတွေ ရနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ဒီကနေ့ နေပြည်တော် ပြည်ထောင်စု လွှတ်တော် D ဆောင်မှာ ကျင်းပခဲ့ရာမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် စုစည်းရရှိထားတဲ့ အချက်တွေကို ပြည်ထောင်စု လွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိ ဆောင်ရွက်နေတဲ့အခြေအနေကို ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အခုလို ပြောပါတယ်။

“အကြံပြုတင်ပြချက်တွေကတော့ အားလုံး စုစည်းပြီးသွားပြီလေ။ စုစည်းပြီးသွားတဲ့ အခါကျတော့ ကျနော်တို့က ဇူလိုင်လ ၁၇ ရက်နေ့မတိုင်ခင် လွှတ်တော်ကို ပူးပေါင်းကော်မတီအနေနဲ့ အစီရင်ခံစာ တင်သွင်းရတော့မှာပေါ့။ အဲတော့ အခု ဒီတစ်ပတ်မှာကတော့ အစီရင်ခံစာပြုစုနေတာ ဖြစ်ပါတယ်။ လွှတ်တော်ကို တင်သွင်းဖို့ အစီရင်ခံစာမှာ ဘာတွေ ပါဝင်သင့်တယ်ပေါ့။ ဘယ်လို အချက်အလက်တွေ ပါဝင်သင့်တယ်။ အစီရင်ခံစာတစ်ခုရဲ့ format နဲ့ ညီညွှတ်အောင်ပေါ့။ ကျနော်တို့ ပြုစုနေတာ ဖြစ်ပါတယ်။ ”

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြင်ဆင်သင့်တဲ့ အချက်၊ ဖြည့်စွက်သင့်တဲ့ အချက်၊ ပယ်ဖျက်သင့်တဲ့ အချက်နဲ့ မူလအတွင်း ထားသင့်တဲ့ အချက်တွေဆိုပြီး တင်ပြချက် လေး မျိုး စုစည်းရရှိထားတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ အစုအဖွဲ့ အသီးသီးက ညီညီညွှတ်ညွှတ်နဲ့ ဆောင်ရွက်ခဲ့ကြတာကြောင့် အစီရင်ခံစာတင်ပြတဲ့အခါ ရလဒ်ကောင်းတွေ ရနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဒေါက်တာ မြတ်ဉာဏစိုးက ဆက်ပြောပါတယ်။

“ကျနော်တို့ NLD ပါတီ၊ နောက်တစ်ခါ ပြည်ခိုင်ဖြိုး ပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များအစု အဖွဲ့က ကိုယ်စားလှယ်တွေ၊ နောက်ပြီးတော့ တိုင်းရင်းသားပါတီ အသီးသီးက ကိုယ်စားလှယ်တွေ အားလုံး တက်ညီလက်ညီနဲ့ ဆောင်ရွက်တဲ့ အတွက်ကြောင့်မို့ ဒီ ရလဒ်ကောင်းတွေ ရမှာပါ။ အားလုံးလည်း အင်တိုက်အားတိုက်ပေါ့ ဝိုင်းဝန်းပြီး ဆောင်ရွက်တဲ့အတွက်ကြောင့် တဦးကောင်း၊ တယောက်ကောင်း၊ တဖွဲ့ကောင်းကြောင့် ရတဲ့ ရလဒ်မျိုး မဟုတ်ပါဘူး။ ”

ပူးပေါင်းကော်မတီမှာ နိုင်ငံရေးပါတီ ၁၄ ပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်အစု အဖွဲ့၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် စုစုပေါင်း ၄၅ ဦး ပါဝင်ပြီး ဒီနှစ် ဖေဖော်ဝါရီလမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရွေးကောက်ပွဲဝင်စဉ်က ပေးထားတဲ့ ကတိကို ဖြည့်ဆည်းတာ ဖြစ်သလို ပြည်သူလူထုတွေရဲ့ ဆန္ဒကို အကောင်အထည်ဖော်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်နေတဲ့အပေါ်မှာ မန္တလေးမြို့က နိုင်ငံရေးလေ့လာသူ ဦးကျော်ကျော်ဦးက သူ့အမြင်ကို အခုလို ပြောပါတယ်။

“တော်တော်လေး နောက်ကျတယ်ဗျ။ အစိုးရသက်တမ်း ၂ နှစ်အတွင်း၊ ၂ နှစ်ကျော်လောက်မှာ ဒီလောက်က စမှ။ အခုက တ နှစ်ခွဲလောက်ပဲ ကျန်တော့တဲ့အချိန်မှာ တော်တော် အချိန်နည်းနေပြီလေ။ နောက်ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုက တော်တော်နည်းသွားတယ်။ သူတို့ မလုပ်နိုင်တဲ့ အလုပ်တွေကြောင့် မို့ပေါ့။ ဖွဲ့စည်းပုံပြင်တာကတော့ လုံးဝကို ထောက်ခံပါတယ်။ မြန်မြန်ပြင်ဖို့ မြန်မြန်အောင်မြင်ဖို့ပဲ အဓိက ကျမယ် ထင်ပါတယ်။”

ဖွဲ့စည်းပုံပြင်ဆင်ရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်သမ္မတရဲ့ အာဏာ အပြည့်အ၀ သက်ရောက်စေတာမျိုးကို အဓိက လိုလားကြောင်း ပြောပါတယ်။

ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသူ ဖိုးသော်တာကတော့ အဓိက ပြင်စေလိုတဲ့ အချက်ကို အခုလို ပြောဆိုထားပါတယ်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ချင်တဲ့အခါကျရင် ဥပမာ အခန်း ၁၂ က ပါတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းပေါ့။ လူအများသိကြတဲ့ ၄၃၆(က) ပေါ့ဗျာ။ သတ်မှတ်ရာကို ပြင်လိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ရမယ်ပေါ့ဗျာ။ အဲဒီနေရာမှာ ကျနော်တို့ ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံး၏ ဥပမာ ၆၅ ရာခိုင်နှုန်းလောက်ဆိုရင်၊ ရာခိုင်နှုန်းတခုကို လျော့ချနိုင်တယ်ဆို ဒါက ကျနော်တို့ လွယ်သွားပြီပေါ့ဗျာ။ ကျနော်က အဲလို ပြင်စေချင်တာပဲ။”

ဒီလို ရာခိုင်နှုန်းသတ်မှတ်ရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးဆိုတာထက် ရွေးကောက်ခံ ကိုယ်စားလှယ်တွေကိုသာ ပါဝင်စေလိုကြောင်း ပြောသွားတာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကတော့ လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့ဆိုရင် အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေ အကြား ညှိနှိုင်းဆွေးနွေး သဘောတူညီချက်ရယူပြီး ဆောင်ရွက်မှသာ ပိုမို ထိရောက်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းမယ့် ပြည်ထောင်စုလွှတ်တော်ပုံမှန် အစည်းအဝေးကိုတော့ ဒီလ ၁၅ ရက်နေ့မှာ ပြန်လည် စတင်ဖို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG