သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA စခန်း တချို့ မြန်မာစစ်တပ် သိမ်းပိုက်


ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့တောင်ဘက် ၃ မိုင်ခန့် အကွာ တပ်စွဲထားသည့် ကေအိုင်အေ တပ်မဟာ(၈) တပ်စခန်းကို မြန်မာတပ် သိမ်းပိုက်- သတင်းဓာတ်ပုံ-မြဝတီ။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့တောင်ဘက် ၃ မိုင်ခန့် အကွာ တပ်စွဲထားသည့် ကေအိုင်အေ တပ်မဟာ(၈) တပ်စခန်းကို မြန်မာတပ် သိမ်းပိုက်- သတင်းဓာတ်ပုံ-မြဝတီ။

ပြီးခဲ့တဲ့ ရက်တွေက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ဟန်ချက်ညီ တိုက်ခိုက်ခဲ့တဲ့နောက် ကြာသာပတေးနေ့ နေ့ခင်းမှာ မိုးညှင်းမြို့အနီးက KIA တပ်မဟာ ၈ ဌာနချုပ်ကို သိမ်းပိုက်ရယူခဲ့တယ်လို့ မြဝတီသတင်းဌာနက ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။ ကြာသာပတေးနေ့ မနက်ခင်းပိုင်းကတော့ လက်နက်ကြီး ပစ်ခတ်သံတွေကြောင့် မိုးညှင်းမြို့မှာ ကျောင်းတွေ၊ ဈေးတွေပိတ်ပြီး အထိတ်တလန့်ဖြစ်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ အေးအေးဆေးဆေးရှိနေတယ်လို့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့အနီးမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ပွဲတွေ စတင်ခဲ့ပြီး တနင်္လာနေ့မှာတော့ လေကြောင်းက ၃ကြိမ်တိုက်ခိုက်ခဲ့သလို ကြာသပတေးနေ့ မှာတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နောက် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA ရဲ့ တပ်မဟာ ၈ ဌာနချုပ်ကို သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဒီသတင်း နဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းကို မေးမြန်းရာမှာတော့ -

"ကျနော်တို့ ခု ၁ နာရီမှာပဲ သတင်းထုတ်ထားပါတယ်။ သီးခြားတော့ မရှင်းတော့ပါဘူးခင်ဗျ။ တကယ်တော့ ဝက်ဘ်ဆိုက် မှာတင်ပေးလိုက်ပါပြီ။ အဲဒီမှာ ယူသုံးလို့ရပါတယ်"

သိမ်းပိုက်လိုက်တဲ့ KIA စခန်း
သိမ်းပိုက်လိုက်တဲ့ KIA စခန်း

မြဝတီသတင်းဌာနရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတော့ KIA တပ်ဖွဲ့ဟာ NCA လက်မှတ်ရေးထိုးသည့် ကာလကို အခွင့်ကောင်းယူပြီး မိုးညှင်းမြို့အနီး ၃ မိုင်ခန့် အကွာရှိ တောင်ကုန်းမှာ ခြေကုတ်စခန်း တည်ဆောက်ပြီး နယ်မြေတိုးချဲ့လာကြောင်း ၊ မိုးညှင်း၊ဖားကန့် အနီး ဝန်းကျင် မှာ မိုင်းထောင်တာ၊ လူသစ်စုဆောင်းတာ၊ ဆက်ကြေး ကောက်ယူ တာတွေပြုလာတာကြောင့် တပ်မတော်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူများရယူပြီး တိုက်ခိုက်ရှင်းလင်းရာမှာ ဒီလ ၁၉ရက်နေ့ နေ့ခင်း ၁၁နာရီခွဲမှာ တပ်မဟာ၈ ဌာနချုပ်စခန်း တောင်ကုန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒီစခန်းက ဒေသန္တရလုပ် မိုင်းမျိုးစုံ ၉၂ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ အမ် (၂၅) သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ၊ တူမီးသေနတ် ၂ လက်၊ ဆိုင်ကယ် ၄ စီး၊ မီးစက် ၁ လုံး၊ ဒိုင်နမို ၁ လုံး၊ ရေမော်တာ ၃ လုံး၊ ချိန်းဆော ၁ လက်၊ ဒီဇယ် ၁ ပေပါ၊ ဓာတ်ဆီ ၁ ပေပါနှင့် စာရွက်စာတမ်းများကို သိမ်းဆည်းရမိတယ် လို့လည်း ဖော်ပြ ပါတယ်။

KIA ပြန်ကြားရေးဌာနက ဒုဗိုလ်မှုးကြီးနော်ဘူကတော့ KIA တပ်မဟာ ၈ ဌာနချုပ် သိမ်းယူတာနဲ့ ပတ်သက်လို့ အခုလို ပြောဆိုပါတယ်။

"ဟုတ်ကဲ့ ကျနော်တို့ကြားရတာလည်း ကျနော်တို့ဒေသဟာလည်း ကျသွားပြီလို့ကြားရပါတယ်"

KIA တပ်ဖွဲ့က သတ်မှတ်နယ်မြေ မှာသာ မလှုပ်ရှားဘဲ နယ်မြေတိုးချဲ့လာတယ် ဆိုတဲ့အပေါ်မှာတော့ အခုလို တုံပြန်ပြောဆိုပါတယ်။

"သူတို့ စစ်ဆေးတဲ့နေရာမှာပါ။ သူတို့ဖက်ကကြည့်ရင်တော့ နယ်မြေ တိုးချဲ့တယ်လို့ မြင်မှာပေါ့။ ဒါပေမယ့် ကျနော်တို့ဖက်က အဲလို မဟုတ်ပါဘူး။ နယ်မြေတိုးချဲ့တယ်ဆိုတာ မဟုတ်ပါဘူးခင်ဗျ။ ဒါသူတို့ဖက်က စွပ်စွဲတာပါ။ "

ကြာသပတေးနေ့မနက်ကတော့ မိုးညှင်းမြို့အနီး တပ်မတော်စစ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာကြောင့် မိုးညှင်းမြို့ခံတွေ အထိတ်တလန့်ဖြစ်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ ပစ်ခတ်တိုက်ခိုက်တာတွေမရှိဘဲ ပုံမှန်အတိုင်း ရှိနေတယ်လို့ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှုး ဦးအောင်စိုးမိုး က ပြောပါတယ်။

"ကျနော်ဒီနေ့ဘာမှ အသံမကြားဘူး ဘာမှ မဖြစ်ကြဘူးဗျ။ အေးဆေးပဲ"

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အရပ်သား ၁သောင်းလောက် ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

ဒီကနေ့မှာတော့ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရဖက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မတီ က ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနဲ့ SSPP ကိုယ်စားလှယ်တွေ နေပြည်တော် မှာ ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG