သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေဘေးကူဖို့ ကန်ပရဟိတအဖွဲ့ ထွက်ခွါ


Convoy of Hope အဖွဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီနေစဉ်
Convoy of Hope အဖွဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီနေစဉ်

အမေရိကန်ပြည်ထောင်စု၊ Missouri ပြည်နယ် အခြေစိုက် ပရဟိတ ကူညီရေးအဖွဲ့ Convoy of Hope ဟာ မြန်မာနိုင်ငံက ရေဘေးသင့် ပြည်သူတွေကို ကူညီဖို့အတွက် ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဒုက္ခရောက်နေတဲ့ ရေဘေးသင့် ပြည်သူတွေ လိုအပ်နေတဲ့ ရေ၊ အစားအစာ၊ ဆေးဝါးနဲ့ တခြား အရေးပေါ် အကူအညီတွေကို ဒေသခံ လူမှုရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲ ကူညီ ပေးသွားမယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရ Jeff Ne Ne က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူတွေအတွက် ပြည်ပကနေ ကူညီ ပေးနေတဲ့ အခြေအနေတွကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ ရေကြီးမှုတွေကြောင့် လူ တသိန်းခွဲလောက် ဘေးဒုက္ခ ရောက်ခဲ့ပြီး ရေဘေးသင့်ခဲ့ပြီး (၁၂) ဦးသေဆုံးခဲ့တယ်လို့ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပြီး ဒီ ရေကြီး ရေလျှံမှုတွေကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ လယ်ယာစိုက်ခင်း ဧက (၇) သိန်းကျော် ရေမြုပ်ခဲ့သလို ဧက (၃) သိန်းကျော် ပျက်စီးမှုရှိနေတယ်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုနေချိန်မှာဘဲ ဒီ Convoy of Hope “မျှော်လင့်ချက်ယာဉ်တန်း” လို့ အမည်ပေးထားတဲ့ အဖွဲ့က အကူအညီပေးဖို့ မြန်မာနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။

ဒီအဖွဲ့က ကိုယ်စားလှယ် ၂ ဦးဟာ မြန်မာနိုင်ငံ၊ ရန်ကုန်နိုင်ငံတကာ လေဆိပ်ကို ဒီကနေ့ ရောက်ရှိကြမှာဖြစ်ပြီး ရေဘေးဒဏ် ခံနေရတဲ့ဒေသတွေကို သွားရောက်ပြီး အရေးပေါ် လိုအပ်တဲ့ အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ Convoy of Hope အဖွဲ့ရဲ့ ပြောခွင့်ရ Jeff Ne Ne က ဗွီအိုအေကို ပြောပါတယ်။

“ဘယ်လို အကူအညီတွေ လိုအပ်နေတယ်ဆိုတာကို သိရှိနိုင်ရေးအတွက် ရေကြီး ရေလျှံမှုတွေ ဖြစ်နေတဲ့ ဒေသတွေကအားလုံးကို သူတို့ သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။ အဲဒီကမှတဆင့် ရေဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ အစားအသောက်၊ ရေနဲ့ တခြား အရေးပေါ် ပစ္စည်းတွေကို အနီးစပ်ဆုံး ဝယ်လို့ ရတဲ့နေရာတွေမှာ ဝယ်ယူပြီး ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ တကယ် အကူအညီလိုအပ်နေတဲ့သူတွေ လက်ထဲကို အကူအညီတွေ တိုက်ရိုက် အမြန်ဆုံး ပေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီ အကူအညီတွေကို ကျနော်တို့ အမေရိကန်ကနေ ပို့ပေးမယ်ဆိုရင် စားရိတ်ထောင်းပြီး အချိန်လည်း ပိုကြာနိုင်ပါတယ်။”

Convoy of Hope အဖွဲ့ဟာ အရင်ကလည်း ဘာဝဘေးဒဏ်သင့်တဲ့ မြန်မာပြည်သူတွေကို ၂ ကြိမ် သွားရောက် ကူညီပေးခဲ့ဘူးပြီး ဖြစ်တာကြောင့် ဒါဟာ ၃ ကြိမ်မြောက် သွားရောက်တာလည်း ဖြစ်ပါတယ်။

အခုတခေါက် မသွားခင်မှာလည်း မြန်မာနိုင်ငံအတွင်းက ပြည်နယ်၊ တိုင်းဒေသကြီး ၅ ခုလောက်မှာ လတ်လော ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ မိုးသည်း၊ ရေကြီးမှုတွေကြောင့် ဘေးဒုက္ခရောက်နေသူတွေရဲ့ အခြေအနေတွေ၊ ဘယ်နေရာတွေက ရေဘေးဒဏ် အဆိုးရွားဆုံး ခံနေရတယ် ဆိုတာတွေကို ဒေသခံ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ကြိုတင် ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးမှ အခုလို သွားရောက်တာ ဖြစ်ပါတယ်။

Convoy of Hope အဖွဲ့က ကိုယ်စားလှယ် ၂ ဦးဟာ ရန်ကုန်လေဆိပ်ကိုရောက်တာနဲ့ အဲဒီ ဒေသခံ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ နောက်ထပ် အသေးစိတ် ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ရေဘေးဒဏ် ခံနေရတဲ့ ဒေသတွေကို ချက်ခြင်း သွားရောက်ကြမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံထဲမှာ သီတင်းပတ် တပတ်လောက် ကြာမယ်လို့ Jeff Ne Ne က ပြောပါတယ်။

“သူတို့ဟာ မြန်မာနိုင်ငံထဲမှာ ခန့်မှန်းခြေအားဖြင့် တပတ်လောက်တော့ ကြာမှာပါ။ သူတို့ဟာ ဒေသခံ အဖွဲ့အစည်းတွေက ကြိုတင် ဖွဲ့စည်းပေးထားတဲ့ ပရဟိတ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပစ္စည်းတွေကို လိုက်ဝေပေးမှာပါ။ အဲဒီလို ပထမအဆင့် အကူအညီတွေ ပေးပြီးပြီ၊ ကျနော်တို့အဖွဲ့က လူတွေကလည်း ကျေနပ်လောက်တဲ့ အဆင့်ကို ရောက်ပြီဆိုရင် ဒီအဖွဲ့ဟာ အိန္ဒိယနိုင်ငံမှာ ရေဘေးဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ Kerala ပြည်နယ်ကို ခရီးဆက်ကြမှာပါ။”

ဒါပေမယ့်လည်း မြန်မာနိုင်ငံကို သွားတဲ့သူတွေအနေနဲ့ ကိုယ်နဲ့အတူ ငွေသား အကန့်အသတ်နဲ့သာ သယ်ဆောင်သွားခွင့် ရှိတာကြောင့် နောက်ထပ်

လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ထပ်ပြီး ဖြန့်ဖြူးနိုင်အောင် အမေရိကန် ရုံးချုပ်ကနေ ငွေထပ်လွဲပေးရမယ်လို့ Jeff Ne Ne က ပြောပါတယ်။

“လူတယောက်ကို ဒေါ်လာ တသောင်းစီဘဲ သယ်ခွင့်ရတာကြောင့် လုပ်ငန်းတွေ စတင် လည်ပတ်နိုင်အောင် ၂ ယောက်ပေါင်း ၂ သောင်းဘဲ သယ်သွားနိုင်ကြပါတယ်။ နောက်ထပ် လိုအပ်မယ့် ငွေတွေကိုတော့ ကျနော်တို့ဆီကနေ ထပ်လွဲပေးမှာပါ။”

သူတို့အဖွဲ့ဟာ အရေးပေါ် ကူညီ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်တဲ့အဖွဲ့ မဟုတ်ဘဲ ဘေးဒုက္ခသင့်နေတဲ့ ပြည်သူတွေ လိုအပ်နေတဲ့ အရေးပေါ် ဆေးဝါးနဲ့ စားသောက်ကုန်ပစ္စည်းတွေကို ကူညီပေးနေတဲ့ လူမှု ကူညီရေးအဖွဲ့ ဖြစ်ပါတယ်။

Convoy of Hope အဖွဲ့အနေနဲ့ အခုလို သဘာ၀ ဘေးဒဏ်သင့်သူတွေအတွက် အရေးပေါ် လိုအပ်တဲ့ အကူအညီတွေကို ထောက်ပံ့ပေးတာ အပြင်၊ အဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေကို စာသင်ကျောင်းတွေကဆင့် အစာကျွေးတဲ့အစီအစဉ်ကို နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ လုပ်ဆောင်နေပြီး၊ နိုင်ငံအတော်များများမှာလည်း အမျိုးသမီးများရဲ့ လုပ်ပိုင်ခွင့်အာဏာ ပိုမို ရရှိစေရေး၊ အမျိုးသမီးတွေ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေ စတင် လုပ်ဆောင်နိုင်အောင် အသက်မွေးဝမ်းကျောင်းမှုပညာ သင်ကြားပေးတာ၊ လယ်သမားတွေ အနေနဲ့ စိုက်ပျိုးသီးနှံတွေ အထွက်တိုးအောင် ဘယ်လို အကောင်းဆုံး လုပ်ဆောင်သင့်တယ်၊ ဘယ်သီးနှံတွေက သူတို့အတွက် တွက်ခြေကိုက်တယ် ဆိုတဲ့ သင်တန်းတွေလည်း ပို့ချပေးနေတယ်လို့ Jeff Ne Ne က ပြောပါတယ်။

ရေဘေးသင့် ပြည်သူတွေအတွက် နိုင်ငံတကာ အစိုးရတွေက မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ တချိန်ထဲမှာဘဲ အမေရိကန်ပြည်ထောင်စု ဒေသအသီးသီးနဲ့ နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာ မိသားစုတွေကလည်း နီးစပ်ရာ လူမှုရေး အဖွဲ့အစည်းတွေက တဆင့် ရေဘေးသင့် ပြည်သူတွေအတွက် အလှုငွေတွေနဲ့ တခြား လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုး ပေးနေတာတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG